Saturday, November 8, 2014

ဆိပ်ဖြူတွင် သစ်မှောင်ခိုကား ချောက်ထဲကျ၍ ငါးလောင်ပြိုင်သေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ဝိုင်းအောင်

မကွေးတိုင်း၊ ပခုက္ကူခရိုင် ဖလံမကျေးရွာအနီး ဆိပ်ဖြူဆောသွား ကားလမ်း မိုင်တိုင် အမှတ် ၃၄/၆ အနီး ကုန်ဆင်းလမ်းတွင် နိုဝင်ဘာ ၅ ရက် နံနက် ၆ နာရီခန့်က တရားမဝင်သစ် လေးတန်ခန့် တင်ဆောင်လာသည့် ဟီးနိုးကားမှာ အရှိန်မထိန်းနိုင်ဘဲ ဆယ်ပေခန့်ရှိ ချောက်ထဲသို့ ထိုးကျကာ အမျိုးသား လေးဦး၊ အမျိုးသမီး ၁ ဦး ပွဲချင်းပြီး သေဆုံးကာ ခြောက်ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု သက်ဆိုင်ရာ ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဒဏ်ရာရသူများကို ဆိပ်ဖြူမြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး ကျပမ်းအလုပ်သမားများဖြစ်သည့် အသက် ၂၀အရွယ် ကိုဟန်ဝင်းအောင်၊ အသက် ၂၁ နှစ်အရွယ် ကိုအောင်မျိုးသက်၊ အသက် ၃၂ နှစ်အရွယ် ကိုပြေသူအောင်၊ အသက် ၃၅ နှစ်အရွယ် ကိုဌေးဝင်းအောင် နှင့် အသက် ၃၀အရွယ် ဒေါ်အမာနိုးတို့ သေဆုံးခဲ့ရသည်။

ယာဉ်မောင်းအား ဆိပ်ဖြူမြို့၊ ကဇွန်းမနယ်မြေ ရဲစခန်း၌ ယာဉ်မဆင်မခြင် မောင်းနှင့်မှု နိုဝင်ဘာ ၅ရက်က (ပ) ၉/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၁-က/၃၃၇/၃၃၈ဖြင့် လည်းကောင်း၊ တရားမဝင်သစ်များ သယ်ဆောင်လာမှုနှင့် လည်းကောင်း အမှုဖွင့် အရေးယူထားသည်။

No comments: