ဟိန်းကိုစိုး
နိုင်ငံခြားသား အမြဲတမ်းနေထိုင်ခွင့် (PR) ကို အောက်တိုဘာ နောက်ဆုံးပတ်တွင် စတင်ခွင့်ပြုရန် စီစဉ် ထားသော်လည်း လုပ်ငန်းစတင်နိုင်ခြင်းမရှိသေးဟု လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက ပြောသည်။
ဇန်န၀ါရီလအတွင်း ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှစ၍ ယင်းကို ခွင့်ပြုမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ စတင်အသိပေးထားခြင်း ဖြစ်သည်။
“နည်းဥပဒေ ရေးတာပြီးသွားပြီ ဆိုပေမယ့် အဲဒီစနစ်အတွက် ဒုသမ္မတ-၂ နဲ့ နောက်ဆုံး အစည်းအဝေး ထိုင်ပြီး အတည် ပြုပြီးမှ စနိုင်မယ်” ဟု ဦးမောင်မောင်သန်း က ပြောသည်။
အဆိုပါ စနစ်စတင်နိုင်မည်ဆိုပါက ဗီဇာပြန်လည်လျှောက်ထားရသည့် ကုန်ကျစရိတ်များစွာ သက်သာနိုင်သော်လည်း အခွန်ဆိုင်ရာ အချက်အလက်များကို တိကျစွာ ဖော်ပြပေးရန်နှင့် စာရွက်စာတမ်းများကြောင့် အချိန်ကုန်ခြင်း မဖြစ်စေရန်လိုသည်ဟု မြန်မာနိုင်ငံအတွင်း သတင်း ဌာနတစ်ခုတွင် တာဝန်ထမ်းဆောင် နေသည့် အင်္ဂလန်နိုင်ငံသား သတင်းထောက်တစ်ဦး က ပြောသည်။
ပြည်ထောင်စု လွှတ်တော်အတွင်း ဝန်ကြီးဦးခင်ရီ၏ ထုတ်ဖော်ပြောဆိုချက်တွင် နိုင်ငံခြားသားတို့ကို ငါးနှစ်နေထိုင်ခွင့် ပြုမည်ဟုဆိုထားသည်။PR မစတင်နိုင် သေးသည့်ကာလတွင် နိုင်ငံခြားသားတို့ကို အမြင့်ဆုံးနေထိုင်ခွင့် ခြောက်လအထိခွင့်ပြုထားပြီး ၈,၀၀၀ ဦးကျော် နေထိုင်ခွင့်ပြုထားသည်ဟု ၀န်ကြီး ဌာန စာရင်းများကဆိုသည်။
No comments:
Post a Comment