Saturday, November 15, 2014

ကလေးမြို့နယ်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိ

ကိုတိုးကြီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် မိဘမဲ့ကလေးဂေဟာကျောင်းမှ ကျောင်းသားလေးများက တစ်သောင်းကျပ်တန် ငွေစက္ကူအတု အချို့နှင့် ဈေးဝယ်ခဲ့ရာမှ စတင်၍ တစ်သောင်းကျပ်တန်ငွေ စက္ကူအတုများကို နိုဝင်ဘာ ၄ ရက် ည ၁၀ နာရီအချိန်တွင် ဖော်ထုတ်ဖမ်းဆီးရမိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၃ ရက်က ကလေးမြို့၊ တာဟန်းရပ်ကွက်တွင် တစ်သောင်းကျပ်တန် ငွေစက္ကူအတုများဖြင့် ကလေးတစ်ဦး ဈေးဝယ်လျက်ရှိကြောင်း သတင်းရ၍ တာဟန်းလှုပ်ရှား ရဲကင်းစခန်းမှူး ရဲအုပ် ရဲမင်းသန့်နှင့်အဖွဲ့က စောင့်ကြည့်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် တာဟန်းနယ်မြေ အမှတ် (၁၅)နေ ဦးလားလော်ဇွာဆိုသူ၏ ကုန်စုံဆိုင်တွင် ၎င်းအဖွဲ့က စောင့်ကြပ် သတင်းရယူခဲ့ပြီး အဆိုပါ ရပ်ကွက်အတွင်းရှိ မိဘမဲ့ ကလေးဂေဟာကျောင်းသို့ သွားရောက်ခဲ့သည်။

အဆိုပါ မိဘမဲ့ဂေဟာကျောင်းရှိ အသက်(၁၁)နှစ်အရွယ် ကျောင်းသားလေး တစ်ဦးသည် တုပပြုလုပ်ထားသည့် တစ်သောင်းကျပ်တန် ငွေစက္ကူ (ကဃ ၇,၇၄၉, ၆၅၄) နံပတ်ပါ ငွေစက္ကူအတုများဖြင့် နိုဝင်ဘာ ၁ရက်တွင် တစ်ကြိမ်၊ ၃ ရက်တွင် တစ်ကြိမ် ဈေးဝယ်ယူခဲ့ကြောင်း ယင်းကျောင်းသားလေး၏ ထုတ်ဖော်ပြောဆိုချက်များအရ နံပါတ်တူ တုပပြုလုပ်ထားသည့် တစ်သောင်းကျပ်တန် ငွေစက္ကူများသည် ၎င်း၏ ကျောင်းနေဘက် သူငယ်ချင်း ဖြစ်သူများထံတွင်လည်းရှိကြောင်း ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့က ဆက်လက် စစ် ဆေးမေးမြန်းခဲ့ရာ ကျောင်းသားတစ်ဦး၏ မိဘဖြစ်သူနေအိမ်တွင် (ကဃ ၇,၇၄ ၉,၆၅၄) နံပတ်တူ တစ်သောင်းကျပ်တန်ငွေစက္ကူ ခုနစ်ရွက်ကိုလည်းကောင်း၊ အခြား ကျောင်းသားတစ်ဦး၏ မိဘများနေအိမ်တွင် (ကဃ ၇,၇၄၉,၆၅၄) နံပတ်တူ တစ်သောင်းကျပ်တန် ငွေစက္ကူ ခြောက်ရွက်ကိုလည်းကောင်း ထပ်မံ၍ ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည်ဟု ကလေးမြို့မ ရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ တုပပြုလုပ်ထားသော တစ်သောင်းကျပ်တန် ငွေစက္ကူအတုများကို အောက်တိုဘာလ ၂၅ ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်က ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေအမှတ်(၉)ရှိ မစ်ရှင်ဝင်း၊ ၀ယ်စလီယာန်အသင်းတော် ဘုရားကျောင်းတွင် ပြုလုပ်သော မင်္ဂလာဆောင်ပွဲသို့ လာရာက်သည့် ၁၂၅ ဆိုင်ကယ်တစ်စီး၏ တူးဘောက်အတွင်းမှ ခိုးယူခဲ့သည်ဟုဆိုသည်။ ကလေးမြို့မရဲစခန်းက (ပ) ၅၆၃/ ၂၀၁၄ ငွေစက္ကူ နှင့် ဘဏ်လက်မှတ်များဥပဒေ ပုဒ်မ ၄၉၈(ခ)/ ၄၉၈(ဂ)ဖြင့် အမှုဖွင့်ဆောင်ရွက်နေသည်။

No comments: