Thursday, November 13, 2014

အိုဘားမား နေပြည်တော်သို့ ပထမဆုံးအကြိမ် ရောက်ရှိ

Mizzima

အမေရိကန် သမ္မတ အိုဘားမား၏ ဒုတိယမြောက် မြန်မာနိုင်ငံခရီးစဉ်ကို နိုဝင်ဘာ ၁၂ ရက်၊ ညပိုင်း နေပြည်တော်လေဆိပ်မှ တစ်ဆင့် စတင်လိုက်သည်။

နိုဝင်ဘာ ၁၃ ရက်တွင် အရှေ့အာရှ ထိပ်သီး အစည်းအဝေး၊ အာဆီယံ - အမေရိကန် ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည် ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ပြုပြင်လဲရေး ကနဦးကာလ ၂၀၁၂ ခုနှစ်အတွင်း တစ်ကြိမ်လာရောက်ခဲ့ဖူးပြီး ယခုတစ် ကြိမ်တွင်မူ အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ကမ္ဘာ့အဆင့် အစည်းများသို့ တက်ရောက်ရန်ရောက်ရှိ လာခြင်းဖြစ်သည်။

အမေရိကန်သမ္မတသည် နေပြည်တော်၌ တစ်ရက်တာရှိနေပြီးနောက် နိုဝင်ဘာ ၁၃ ရက်တွင် ရန်ကုန် မြို့သို့ ထွက်ခွာလာမည်ဖြစ်သည်။ ထို့နောက် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင်ေ တွ့ဆုံမည် ဖြစ်သည်။

ထို့ပြင် ရန်ကုန်တက္ကသိုလ်၌ အာဆီယံလူငယ်ခေါင်းဆောင်များ၊ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၌ ပြည်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းအချို့မှ တာဝန်ရှိသူတို့နှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

ရန်ကုန်မြို့ခရီးစဉ်အတွင်း ရွှေတိဂုံစေတီတော်နှင့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးရာ အတွင်းဝန်များရုံးသို့ သွားရောက်လေ့လာရန်လည်း စီစဉ်ထားသည်။

ရခိုင်လူမှုအဖွဲ့အစည်းတို့က အိုဘားမားကို ရိုဟင်ဂျာဆိုသော အသုံးအနှုန်း မသုံးရန်တောင်းဆိုထားပြီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတို့က ဖွဲ့စည်းပုံ ပြင်ဆင်ရေး မြန်မာအစိုးရကို ဖိအားပေးရန် တောင်းဆိုထား သည်။

No comments: