Sunday, November 2, 2014

အရင်းအနှီး၊ မြေယာ၊ လျှပ်စစ်နှင့် လုပ်သားကဏ္ဍများရှိ အတားအဆီးများကို ဖြေရှင်းရန်လိုဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်

ထင်လင်းအောင်

ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ရန် အရင်းအနှီးငွေကြေး၊ မြေယာ၊ လျှပ်စစ်နှင့် ကျွမ်းကျင်လုပ်သား စသဖြင့် ကဏ္ဍလေးရပ်၏ အခက်အခဲများကို အမြန်ဆုံးဖြေရှင်းသွား ရမည်ဟု အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။

ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနှင့် ပဲခူးစသဖြင့် မြို့ကြီးငါးမြို့ရှိ စီးပွားရေး လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်ကို ကမ္ဘာ့ဘဏ်က စီးပွားရေးဆိုင်ရာ အခက်အခဲများ နှင့် သက်ဆိုင်သော လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့ပြီး ၎င်းရလဒ်အပေါ် အခြေခံကာ အောက်တိုဘာ ၃၁ ရက်က ပါ့ခ်ရွိုင် ရယ်ဟိုတယ်၌ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ထုတ်ပြန်လိုက်သည်။

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် မစ္စတာအဗ္ဗဒူလာ ရေဆက်က “ဒီရလဒ်က မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှုအတွက် ပြုပြင်ပြောင်းလဲမှုကို အကောင်းဆုံး အကြံပြုချက်အထောက်အကူ ဖြစ်မှာပါ။ ကွင်းဆင်းလေ့လာမှုအရ ငွေကြေးအရင်းအနှီး၊ မြေယာနဲ့ လျှပ်စစ်လိုအပ်ချက်တွေကို အဓိက တွေ့ရှိခဲ့ရပါတယ်” ဟု ဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ထိုသို့ကွင်းဆင်းလေ့လာခဲ့သော မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လေ့လာဆန်းစစ်မှု (Investment Business 2015) ရလဒ်ကို စိုက်ပျိုးရေးမဟုတ်သော ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လက်လီရောင်းချသူ များနှင့် အခြားသော ၀န်ဆောင်မှုလုပ်ငန်းများထံ အဓိကတွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်ဟု မစ္စတာ အဗ္ဗဒူလာ ရေဆက်က ဆိုသည်။

လေ့လာဆန်းစစ်မှုအရ လုပ်ငန်းပေါင်း ၁,၀၀၀ ကျော်အနက် ၂၃ ရာခိုင်နှုန်းတွင် လုပ်ငန်းလည်ပတ်ရန် ငွေကြေးအထောက် အပံ့ရရှိမှုက အကြီးမားဆုံး အတားအဆီး တစ်ရပ်ဖြစ်နေပြီး လုပ်ငန်းအားလုံး၏ ၃၀ ရာခိုင်နှုန်းသာ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သည်ကို တွေ့ရသည်ဟု ထုတ်ပြန်ထားသည်။

ထို့အတူ လုပ်ငန်းအားလုံး၏ ၁၇ ရာခိုင်နှုန်းသည် လျှပ်စစ်ဓာတ်အားရရှိမှု၌ အခက်အခဲရှိခြင်း၊ လုပ်ငန်း အားလုံး၏ ငါးပုံတစ်ပုံသည် လုပ်ငန်းအတွက် မြေယာအခက်အခဲရှိခြင်းနှင့် လုပ်ငန်းအားလုံး၏ ကိုးရာခိုင် နှုန်းသည် ကျွမ်းကျင်လုပ်သားများ အခက်အခဲရှိနေခြင်းတို့ကို တွေ့ရသည်ဟု ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ် သည်။

နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းက “၂၀၁၅ မှာထွက်လာမယ့် လေ့လာဆန်းစစ်မှု (Investment Business 2015) ရလဒ်အသေးစိတ်များ အပေါ်မူတည်ပြီး စီးပွားရေးဝန်းကျင်ကောင်းကို ဖော်ဆောင်သွား ရမှာပါ”ဟု ၎င်းဆွေးနွေးပွဲသို့ တက်ရောက်ပြောကြားသော အမှာစကားတွင် ထည့်သွင်းပြောခဲ့သည်။

ထို့အတူ စီးပွားရေးလုပ်ငန်းများ ရင်ဆိုင်နေရသည့်အခက်အခဲများတွင် စီးပွားရေး ဆိုင်ရာနည်းလမ်းများ၊ အခွန်အကောက် ကိစ္စရပ်များကိုလည်း တွေ့ရှိခဲ့သည်ဟု ထုတ်ပြန်မှုတွင် ပါရှိသည်။ သို့ရာတွင် အဆိုပါ ကွင်းဆင်းလေ့လာမှုရလဒ် ထုတ်ပြန်ချက်သည် ကနဦး အကြမ်းထုတ်ပြန်ချက်သာ ရှိဆဲဖြစ်ပြီး ၂၀၁၅ ခုနှစ် နှစ်ဆန်းတွင် ရလဒ်၏ နောက်ဆုံးအဆင့် အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်သည် ဟု ပါရှိသည်။

မြန်မာနိုင်ငံသည် အရှေ့အာရှနှင့် ပစိဖိတ်နိုင်ငံ စီးပွားရေး ၂၅ ခုအနက် အဆင့်(၁၅) နေရာတွင် ရှိနေပြီး ပြီးခဲ့သည့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုများအနက် ကုန်သွယ်ရေးဆိုင်ရာဖြေ လျှော့မှု တစ်ခုကိုသာ ပြုပြင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

No comments: