Monday, November 17, 2014

ကရင်နီပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည်များ ပြန်လည်နေရာချထားမည့်စီမံကိန်း စတင် အကောင်အထည်ဖော်နေ

ဂျွန်ပေါ

ကရင်နီပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည် (IDP) တချို့အား ပြန်လည်နေရာချထားပေးမည့် စံပြကျေးရွာ တည်ထောင်ရေးစီမံကိန်းကို အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့မှ ပြန်လည် အကောင်ထည်ဖော် နေပြီဖြစ်ကြောင်း KNPP ၏ လွိုင်ကော် ဆက်ဆံရေးရုံးတာဝန်ခံ ခူးပလုရယ်က ပြောသည်။

"စက်တင်ဘာလလောက်တုန်းကတည်းက ပြီးဖို့ ဒါပေမယ့် အဲ့ဒီတုန်းက ကျနော်တို့ ဘာမှ မလုပ်နိုင်ဘူး။ လမ်းပန်းဆက်သွယ်ရေး အခြေနေ အခက်ခဲရှိတော့ အခု ကျနော်တို့ အဲ့ဒီ Project (စီမံကိန်း)ကို စလုပ်နေတာပေါ့" ဟု ၄င်းကပြောသည်။

ထိုစီမံကိန်းပြုလုပ်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၃ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သော အစိုးရနှင့် KNPP တို့ တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှ ရရှိလာသော သဘောတူညီချက် (၇) ချက်အတွင်း ထည့်သွင်း သဘောတူညီခဲ့ကြသည်။

ထိုစီမံကိန်းကိုကယား(ကရင်နီ)ပြည်နယ်၊ ရှားတော မြို့နယ်အတွင်းရှိ သံလွင်မြစ်အရှေ့ကမ်း၊ မယ်လယုချောင်းဆုံတွင် အကောင်အထည်ဖော်မည်ဖြစ်သည်။

လာရောက်နေထိုင်မည့် IDP များ၏ ရေရှည်စားဝတ်နေရေးအတွက်လည်း အခြားသော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန် စီမံကိန်းများ ရေးဆွဲနေကြောင်း ဆက်လက်ပြောသည်။

စံပြကျေးရွာ လုံခြုံရေးနှင့် ပတ်သက်၍ ခူးပလုရယ်က "လောလောဆယ်တော့ ပြောလို့မရဘူး တစ်နိုင်လုံး အပစ်ခတ်ရပ်စဲရေးကို လက်မှတ်မထိုးသေးရင်တော့ အာမခံချက် မပေးနိုင်သေးဘူးပေါ့" ဟု သူကဆိုသည်။

စံပြကျေးရွာတွင် အခြေနေထိုင်မည့် IDP များ၏ ပညာရေးနှင့် ကျန်းမာရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အစိုးရက အသုံးစရိတ် ချပေးထားခြင်းမရှိသော်လည်း ယခုစီမံကိန်းတွင် ထိုကိစ္စရပ်များပါ တကြိမ်တည်း ပါဝင်စေလိုသောကြောင့် အစိုးရနှင့် ပြေလည်မှုရရှိရန် ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ခူးပလုရယ်က လုပ်ငန်းအကောင်အထည်ဖော်ရန် အသုံးစရိတ်ကို ယခုနှစ် မတ်လ ၃၁ရက် နေ့က အစိုးရက ချပေးခဲ့သော်လည်း လွန်ခဲ့တဲ့ စက်တင်ဘာလလောက်မှ လုပ်ငန်း စတင်အကောင် အထည်ဖော်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စီမံကိန်းအား နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(နတလ)မှ အသုံးစရိတ်ချပေးပြီး အိမ်တစ်လုံးလျှင် ကျပ်သိန်း (၅၀)နူန်း ကုန်ကျမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

စီမံကိန်း အကောင်အထည်ဖော်နေသည့် နှစ်လခန့် အတောအတွင်း မိုင်းရှင်းလင်းခြင်း နှင့် ကျေးရွာပုံစံချခြင်းတို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းကို သူက "မိုင်းရှင်းလင်းရေးလုပ်ဖို့ ပြီးတော့ ရှိရင် ရပ်ရွာပုံစံလေးတွေ ရေးဆွဲပြီးတော့ အိမ်တွေ ဆောက်လုပ်ဖို့ပေါ့.. မိုင်းရှင်းလင်းရေးမှာ ဘူဒိုဇာ(မြေကော်စက်)နဲ့ထိုးပြီးတော့ အိမ်ဆောက်မယ့် နေရာလောက်ဘဲ ရှင်းလိုက်တယ်" ဟု လုပ်ငန်း အခြေအနေများကို ရှင်းပြသည်။

ယခုလက်ရှိ လုပ်ငန်းအခြေအနေသည် စီမံကိန်း၏ ၂၀ ရာခိုင်းနူန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း နှင့်လာမည့် ဒီဇင်ဘာလတွင် အပြီးဆောက်လုပ်မည်ဖြစ်ကြောင်း နှင့် ယခင်က အိမ်အလုံး ၅၀ ဖြင့် စတင်အကောင်အထည်ဖော်ရန် စီစဉ်ထားခဲ့သော်လည်း ယခုတွင် အိမ်အလုံး ၂၅ လုံးဖြင့် သာ စတင်ပြုလုပ်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

ပြည်တွင်းIDPs ဦးရေ မည်မျှရှိသည်ကို အတိအကျမသရှိထားသော်လည်း ထိုင်းနယ်စပ်တွင် နေထိုင်သော ကရင်နီဒုက္ခသည် ဦးရေမှာ ၁၅၀၀၀ ခန့်ရှိကြောင်း ကရင်နီဒုက္ခသည်ကော်မီတီ (KnRC) နှင့် နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC) တို့ရဲ့ ထုတ်ပြန်ထားသည့် စရင်းများအရ သိရသည်။

လက်ရှိအစိုးရနှင့် KNPP တို့ပူးတွဲအကောင်အထည်ဖေါ်နေသည့် စံပြကျေးရွာစီမံကိန်းနှင့်ပါတ်သက်၍ ထိုင်းနိုင်ငံနယ်စပ်ဒုက္ခသည်များအား တစုံတရာလာ ရောက်တွေ့ဆုံဆွေးနွေးမှုများ မရှိကြောင်း၊ လက်ရှိဒုက္ခသည်များအနေဖြင့် ပြည်တွင်းသို့ ပြန်လှည်နေရာချထားမည့် အစီအစဉ်များလည်းမရှိကြောင်း စက်တင်ဘာလ ၂၅ရက်နေ့မှ ၂၆ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော နယ်စပ်ဒုက္ခသည်စခန်း ကိုးခု ၆လပါတ် အစည်းအဝေးပြီး KnRC ဥက္ကဌ မန်းစောမှက ပြောကြားထားသည်။

ယခင်က KNPP အနေဖြင့် (TBC), နော်ဝေး ဒုက္ခသည်ကောင်စီ (NRC),နီပွန်ဖောင်ဒေးရှင်း(Nippon Foundation) နှင့် တသီးပုဂ္ဂလ အလှူရှင်များနှင့် ပူးပေါင်း၍ ပြည်နယ်တွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များအား ရိက္ခာအနည်း အကျဉ်းထောက်ပံ့ပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments: