Mizzima
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ် ရွှေဂုံတိုင် ကုန်းကျော်တံတားအဆင်း Excel Tower ရှေ့တွင် ဂရက်ဖတီပညာရှင် အာကာကျော်က အိုဘားမားပုံတူ ဂရက်ဖတီရေးဆွဲ ကြိုဆိုထားသည်ကို နိုဝင်ဘာ ၁၄ရက် နံနက်ပိုင်းတွင် မိုးကာစဖြင့် ဖုံးကာလိုက်ပြီဖြစ်သည်။
အာကာကျော်က နိုဝင်ဘာ ၁၄ ရက် နံနက် အစောပိုင်းကပိုင်း ရေးဆွဲထားခြင်းဖြစ်ပြီး နံနက် ၉နာရီခန့်တွင် ယင်းသို့ ဖုံးခံရခြင်းဖြစ်သည်။
အမေရိကန်သမ္မတ အိုဘားမားက ရန်ကုန်မြို့သို့ နံနက် ၁၀ နာရီခွဲခန့်တွင် နေပြည်တော်မှ တစ်ဆင့် Air Force One လေယာဉ်ဖြင့် ရောက်ရှိလာမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်း နေရာ အတော်များများတွင် လုံခြုံရေး တင်းကျပ်ထားသည်ကို တွေ့ရသည်။ ဂရက်ဖတီ ရေးဆွဲထားသည့် နေရာအနီး ရွှေဂုံတိုင် ကုန်းကျော်တံတားပေါ် တောက်လျောက်တွင်လည်း လုံခြုံရေးများ အပြည့်ချထားသည်ကို တွေ့ရသည်။
သမ္မတအိုဘားမားက ရန်ကုန်မြို့သို့ ရောက်ရှိပါက ဝန်ကြီးများရုံးနှင့် ဆူးလေတစ်ဝိုက် ကားဖြင့် ကြည့်ရှုကာ အမေရိကန်သံရုံးတွင် အရပ်ဖက် အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် တွေ့ဆုံကာ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်လည်း လူငယ်အဖွဲ့များနှင့် တွေ့ဆုံကာ ညပိုင်းတွင် သူ၏ မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။
အိုဘားမားက မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာ ၁၂ရက် ညက ရောက်ရှိလာပြီး ၁၃ရက်တွင် နေပြည်တော်တွင် ကျင်းပသည့် အရှေ့-အာရှ ထိပ်သီးအစည်းအဝေး၊ အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေးများ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်စုကြည် အပါအဝင် လွှတ်တော်တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
အိုဘားမား၏ ယခုအကြိမ်မြန်မာပြည်ခရီးစဉ်သည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ် ခရီးစဉ်သည် ၂၀၁၂ခုနှစ် နိုဝင်ဘာလက ဖြစ်သည်။ ထိုစဉ်ကလည်း ဂရက်ဖတီပညာရှင် အာကာကျော်က ယခုနေရာ၌ပင် ပုံတူ ဂရက်ဖတီ ရေးဆွဲကာ ကြိုဆိုခဲ့သေးသည်။
No comments:
Post a Comment