Tuesday, November 11, 2014

စက်ရွှေဆိုင်း ထိုးဖောက်ခြင်းကို ထိန်းချုပ်ပေးရန် လွှတ်တော်တင်ပြမည်

မြတ်မင်း

မြန်မာ့ရိုးရာ လက်မှုလုပ်ငန်းတစ်ခု ဖြစ်သည့် ရွှေဆိုင်းလုပ်ငန်း ဈေးကွက်သို့ စက်ဖြင့် ပြုလုပ်သည့် ရွှေဆိုင်းများ ဝင်ရောက် လာခြင်းကြောင့် ရွှေဆိုင်းလုပ်ငန်းပျောက် ကွယ်သွားနိုင်၍ စက်ရွှေဆိုင်းများနှင့် ပတ်သက် ပြီး လွှတ်တော်အတွင်း တင်ပြဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များထံ အကူအညီတောင်းခံထားကြောင်း ရွှေဆိုင်းလုပ်ငန်းရှင်များ အသင်းနာယက ဦးသောင်းညွန့်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ အသင်းအနေနဲ့ တင်ပြနိုင်အောင် ကြိုးစားနေပါတယ်။ ကျွန်တော် တို့ကတော့ လွှတ်တော်ကိုရောက်ဖို့ဆိုတာ ခဲယဉ်းပါတယ်။ ဒါကြောင့် လွှတ်တော် ကိုယ်စားလှယ်တွေကနေ တစ်ဆင့် နိုင်ငံတော် အစိုးရကနေ ဒီကိစ္စကို ထိန်းကျောင်းပေး နိုင်အောင်လို့ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

စက်ရွှေဆိုင်းများ ဈေးကွက်ထိုးဖောက်လာခြင်း သိသာထင်ရှားမှုအဖြစ် ဖေဖော်ဝါရီလ အတွင်းပြုလုပ်သည့် ရွှေတိဂုံစေတီလုံးတော်ပြည်ရွှေသင်္ကန်းကပ်လှူ ပူဇော်ရန် တင်ဒါခေါ်ရာ၌ ရွှေတိဂုံစေတီ ဂေါပကအဖွဲ့က စက်ဖြင့် ပြုလုပ်သည့် ရွှေဆိုင်းလုပ်ငန်း တစ်ခုကို တင်ဒါရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ရွှေဆိုင်းထုတ်လုပ်သည့် လုပ်ငန်းကို မန္တလေးမျက်ပါးရပ်မှ အစဉ်အဆက်ပြုလုပ်လာခဲ့ခြင်းဖြစ်ပြီး တန်ခိုးကြီးစေတီများ၏ ရွှေဆိုင်းတင်ဒါကို အများအားဖြင့် ရရှိခဲ့သည်ဟု ဆိုသည်

ယင်းစက်ဖြင့် ပြုလုပ်သည့် ရွှေဆိုင်းလုပ်ငန်းကို တင်ဒါအအောင်ပေးခဲ့သည့် လုပ်ရပ်ကြောင့် မျက်ပါးရပ် တစ်ခုလုံးကို လှုပ်ခတ်သွားခဲ့သည်ဟု ဆိုသည်။

“စက်နဲ့လုပ်တဲ့ ရွှေဆိုင်းတွေကိုသာ လက်ခံလိုက်ရင် ကျွန်တော်တို့ ရိုးရာလုပ်ငန်းတွေ ပျောက်ကွယ်သွား မှာ သေချာပါတယ်။ ဒါကို ပျောက်ကွယ်မသွားအောင် နိုင်ငံတော်ကနေ ထိန်းပေးဖို့ လိုအပ်ပါတယ်။

“ဒါကြောင့် လွှတ်တော်မှာ တင်နိုင်အောင်ကြိုးစားရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တံတားဦးက လွှတ်တော် ကိုယ်စားလှယ်နဲ့လည်း တွေ့ပြီးပါပြီ။ အချက်အလက်တွေ စုနေတယ်။ အခါအခွင့်သင့်လာရင် တင်ပေးပါမယ်” ဟု ၎င်းက ပြောသည်။

မန္တလေး မျက်ပါးရပ်တွင် ရွှေဆိုင်းလုပ်ငန်းပေါင်း ၂၀၀ ကျော်ရှိပြီ ၎င်းလုပ်ငန်းကို မှီခိုလုပ်ကိုင်နေသူပေါင်း ၁၅,၀၀၀ ခန့်ရှိ သည်ဟု ဆိုသည်။

ရွှေဆိုင်းခတ် လုပ်ငန်းသည် မန္တလေး မျက်ပါးရပ်တစ်ခုတည်းက ဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်လာသည့် လုပ်ငန်းဖြစ်ကြောင်း၊ စက်ဖြင့် ပြုလုပ်သည့် ရွှေဆိုင်းများ ဝင်ရောက်လာသည့်အတွက် လက်မှုလုပ်ငန်းများ ကွယ်ပျောက်သွားမည်ကို ရွှေဆိုင်းလုပ်ငန်းရှင်များက စိုးရိမ်လျက်ရှိသည်။

No comments: