Sunday, November 2, 2014

ဘူးသီးတောင်မြို့တွင် လက်လုပ်ဗုံးနှစ်လုံးပေါက်

ကေဇူး

ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့တွင် အောက်တိုဘာ ၃၁ ရက်ည ပိုင်းက လက်လုပ်ဗုံး တစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိခြင်းမရှိဟု မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲအုပ် မြတ်ထွေးက မဇ္ဈိမကို ပြောသည်။

ဘူးသီးတောင်မြို့နယ် ကုန်သွယ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးရုံး အနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဟန်းဆက်တစ်လုံး၊ ဝါယာကြိုး၊ စက်ဘီးဘောစိများကို တွေ့ရှိရသည်ဟုဆိုသည်။

လက်ရှိတွင် မြို့နယ်အဆင့် စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ ဖောက်ခွဲသူကို စုံစမ်းဆဲဖြစ်သည်ဟုဆိုသည်။

“လက်လုပ် အသံဗုံးလို့ ပြောရမှာပေါ့၊ မီးပြတ်တာကို အခွင့်ကောင်းယူပြီးဖောက်သွားတာပါ"ဟု ဒု-ရဲအုပ်မြတ်ထွေးက ပြောသည်။

ဘူးသီးတောင်နှင့်မောင်တောတွင် RSO အကြမ်းဖက်တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိပြီး လုံခြုံရေးပြည့်ဝစွာ ချထားသည်ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ် ရေလုပ်ငန်းရှင် ဦးသာပန်းက “သတင်းမျိုးစုံ ကြားနေရတော့ ငါးရှာတာတောင် သွားရေးလာရေး ဆင်ခြင်နေရတယ်”ဟုဆိုသည်။

ရခိုင်ပြည်နယ် နယ်စပ်လုံခြုံရေးနှင့်ရေကြောင်း လုံခြုံရေးကိုတိုးမြှင့်ချထားသော်လည်း ဒေသတွင်းနေထိုင်သူ လူမျိုးစု နှစ်ခုကြားသံသယများ ရှိနေသည်ဟု ဒေသခံများကဆိုသည်။

လက်ရှိတွင် ဘူးသီးတောင် မောင်တော နယ်စပ်ခြံစည်းရိုးတစ်လျှောက် နယ်ခြားစောင့်တပ်များချထားခြင်း၊ ပင်လယ်ရေကြောင်းတစ်လျှောက် လက်နက်တပ်ဆင်ထားသော ကင်းလှည့်ယဉ်များဖြင့် ကင်းလှည့်ခြင်းများပြုလုပ်လျှက်ရှိသည်။

No comments: