Sunday, November 16, 2014

ပီအာရ် မပြောင်းရန် ပြည်သူ့လွှတ်တော် ဆုံးဖြတ်

ဝင်းကိုကိုလတ်

ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၃၈ ဦးဆွေးနွေးခဲ့သည့် မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေမှု ရှိစေမည့် ရွေးကောက်ပွဲစနစ်ကို ရွေးချယ်ရာတွင် လက်ရှိကျင့်သုံးနေသည့် မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (First-Past-the-Post) စနစ်ကိုသာ ရွေးးချယ်ရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

ရွေးကောက်ပွဲစနစ်ရွေးချယ်ရေးကော်မရှင်က ရွေးချယ်ထားသည့် ရွေးကောက်ပွဲနည်းလမ်းရှစ်မျိုးအား အခြေခံဥပဒေနှင့် ညီ၊ မညီဆုံးဖြတ်ရန် လွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးသို့ ပေးပို့ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်တင်မြှောက်ပုံနှင့် စပ်လျဉ်း၍ မဲဆန္ဒနယ်ကိုသာ ကိုယ်စားပြူသည့် ကိုယ်စားလျယ်ကို ရွေးချယ်သောစနစ်နှင့် မူလဆန္ဒမဲကိုသာ ရေတွက်၍ မဲအများဆံးရသူအနိုင်ယူသောစနစ်ကို အခြေခံပြဌာန်းထားသည့်အတွက် ရွေးကောက်ပွဲပုံစံ ၂ မှ ၈ အထိသည် လက်ရှိဖွဲ့စည်းပုံနှင့် မကိုက်ညီဟု အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။

"သို့ဖြစ်ပါ၍ အခြေခံဥပဒေနှင့် ညီညွှတ်မှုမရှိနိုင်သော အမှတ်စဉ် ၂ မှ ၈ အထိကို ဥပဒေချိုးဖောက်၍ မှားယွင်းစွာ မဆောင်ရွက်နိုင်ရန်အတွက် လျွှတ်တော်က အဆုံးအဖြတ်ပေးရန် လိုအပ်လာပါတယ်’’ ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ပြန်ကြားစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ဥကဌ သူရဦးရွှေမန်းက ယင်းအနေဖြင့် ရွေးကောက်ပွဲစနစ်ရွေးချယ်သည့်အခါတွင် အခြေခံဥပဒေနှင့် အညီဖြစ်၊ မဖြစ်မေးမြန်းပေးမည်ဟု ကတိပြုခဲ့သည့်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို မေးမြန်းပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းက "လွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များက ဥပဒေပြုသူတွေဖြစ်ကြလို့ ဥပဒေကို လေးစားလိုက်နာကြရမှာ ဖြစ်ပါတယ်။

ဥပဒေကို ချိုးဖောက်သူများ မဖြစ်ဖို့ လိုပါတယ်’’ ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ဥကဌက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက အခြေခံဥပဒေနှင့် ကိုက်ညီသည်ဟု မှတ်ချက်ပြုသည့် လက်ရှိကျင့်သုံးနေသည့် ရွေးကောက်ပွဲစနစ်ကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် အတည်ပြုခဲ့သည်။

အင်န်အယ်လ်ဒီပါတီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက တင်ပြလာသည့် ရွေးကောက်ပွဲပုံစံများအား အဂတိကင်းကင်းဖြင့် ပညာရှင်ဆန်ဆန် ဆုံးဖြတ်ခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား များစွာ အသိအမှတ်ပြုသည်ဟု ဆိုသည်။

ကော်မရှင်ဥက္ကဋ္ဌ ဦးတင်မောင်ဦးက ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစနစ်ကိုသာ ရွေးချယ်ပေးရသည့်အတွက် အခြေခံဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိသည် ခုံရုံးကသာ ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းက "ဘာပဲဖြစ်ဖြစ် ခုံရုံးက ဥပဒေနဲ့အညီဆုံးဖြတ်တာကို ကျေနပ်ပါတယ်’’ ဟု ဆိုသည်။

No comments: