Monday, November 10, 2014

ဘန်ကီမွန်းနဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေ မြန်မာကို လာဖို့ရှိ

ABC

ကုလသမဂ္ဂ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​ဒီတစ်ပါတ်အတွင်း ​မြန်မာနိုင်ငံကို ​လာရောက်ဖို့ရှိပြီး ​မြန်မာ ​သမ္မတနဲ့ ​အစိုးရအရာရှိတွေအပြင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ ​တွေ့ဆုံဖို့ ​ရှိပါတယ်။

မြန်မာနိုင်ငံမှာ ​ကျင်းပမယ့် ​အာဆီယံ ​အစည်းအဝေးအပြီးမှာပဲ ​နောက်ထပ် ​အမေရိကန်၊ ​ဂျပန်၊ ​တရုတ် ​အစရှိတဲ့ ​နိုင်ငံတွေ ​ပါဝင်တဲ့ ​အစည်းအဝေးလည်း ​ရှိတဲ့အတွက် ​အဲဒီ ​အစည်းအဝေးကို ​တက်ရောက်မှာ ​ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်း ​မြန်မာနိုင်ငံရဲ့ ​နိုင်ငံရေး ​အသွင်ကူးပြောင်းမှုအကြောင်းကို ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​ဆွေးနွေးဖို့ရှိတယ်လို့ ​ပြောခွင့်ရသူ ​Stephane ​Dujarric ​က ​ပြောပါတယ်။ ​ဒါ့အပြင် ​ရိုဟင်ဂျာအရေးကိုလည်း ​ဆွေးနွေးဖို့ ​ရှိတယ်လို့ ​သူက ​ပြောပါတယ်။

မြန်မာနိုင်ငံ ​နေပြည်တော်မှာ ​ကျင်းပတဲ့ ​အစည်းအဝေးကို ​တက်ရောက်ပြီးတဲ့နောက် ​ဘန်ကီမွန်းဟာ ​သြစတြေးလျနိုင်ငံမှာ ​ကျင်းပမယ့် ​စက်မှုထိပ်သီးနိုင်ငံများ ​G-20 ​အစည်းအဝေးကို ​တက်ရောက်ပြီး ​နိုဝင်ဘာလ ​၁၇ ​ရက်နေ့မှ ​နယူးယောက်မြို့ကို ​ပြန်သွားမှာ ​ဖြစ်ကြောင်း ​ကျိုဒိုး ​သတင်းမှာ ​ဖော်ပြထားပါတယ်။


တခြား ​ကမ္ဘာ့ခေါင်းဆောင်တွေလည်း ​မြန်မာနိုင်ငံကို ​လာဖို့ရှိ

ကုလသမဂ္ဂ ​အထွေထွေ ​အတွင်းရေးမှူးချုပ် ​ဘန်ကီမွန်းက ​မြန်မာနိုင်ငံကို ​လာရောက်မှာ ​ဖြစ်သလို ​အမေရိကန် ​သမ္မတ ​အိုဘားမား၊ ​သြစတြေးလျ ​ဝန်ကြီးချုပ် ​တိုနီအာဘော့တ်၊ ​အိန္ဒိယ ​နိုင်ငံခေါင်းဆောင်၊ ​ဂျပန်နဲ့ ​တရုတ် ​နိုင်ငံ ​ခေါင်းဆောင်တွေလည်း ​လာရောက်ဖို့ ​ရှိပါတယ်။

အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​အခုလောလောဆယ် ​တရုတ်နိုင်ငံကို ​ရောက်ရှိနေပြီး ​ တရုတ်နိုင်ငံ ​ခရီးစဉ်အတွင်း ​APEC ​လို့ခေါ်တဲ့ ​အာဖပစိဖိတ် ​ကုန်သွယ်စီးပွားပူးပေါင်းရေးဆိုင်ရာ ​အစည်းအဝေးကို ​တက်ရောက်ဖို့ရှိသလို ​တရုတ်သမ္မတ ​ရှီကျင်ပင်းနဲ့လည်း ​တွေ့ဆုံဖို့ ​ရှိပါတယ်။

ကမ္ဘာ့ ​အင်အားကြီး ​နှစ်နိုင်ငံ ​ခေါင်းဆောင်ရဲ့ ​တွေ့ဆုံမှုအတွင်း ​ပွင့်ပွင့်လင်းလင်း ​ဆွေးနွေးမှုလုပ်ဖို့ ​ရှိတယ်လို့ ​အိမ်ဖြူတော်က ​ပြောပါတယ်။

တရုတ်နဲ့ ​အမေရိကန်အကြား ​တောင်တရုတ်ပင်လယ် ​ပိုင်ဆိုင်မှုနဲ့ ​ပတ်သက်ပြီး ​တင်းမာမှုတွေ ​ရှိခဲ့သလို ​ကွန်ပြူတာကနေတဆင့် ​တစ်ဦးကို ​တစ်ဦး ​ထောက်လှမ်းနေတာတွေနဲ့ ​လူ့အခွင့်အရေး ​ကိစ္စတွေမှာလည်း ​တင်းမာမှု ​ဖြစ်နေပါတယ်။

အဲဒီနောက်မှာတော့ ​အမေရိကန် ​သမ္မတ ​ဘာရက်အိုဘားမားက ​မြန်မာနိုင်ငံကို ​လာပြီး ​သမ္မတ ​ဦးသိန်းစိန်အပြင် ​ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ​တွေ့ဆုံဖို့ ​ရှိပါတယ်။

မြန်မာနိုင်ငံ ​ခရီးစဉ်အတွင်း ​ရိုဟင်ဂျာအပြင် ​ခရစ်ယာန်နဲ့ ​တခြားလူနည်းစု ​ဘာသာဝင် ​တွေကိုလည်း ​တွေ့ဆုံဖို့ ​အမေရိကန်ရဲ့ ​နိုင်ငံတကာဆိုင်ရာ ​ဘာသာရေးလွတ်လပ်မှု ​ကော်မရှင်က ​အိုဘားမားကို ​တောင်းဆိုထားပါတယ်။

မြန်မာ ​ခရီးစဉ်အပြီးမှာတော့ ​အိုဘားမားဟာ ​သြစတြေးလျနိုင်ငံကို ​လာပြီး ​G-20 ​အစည်းအဝေး ​တက်ရောက်ဖို့ ​ရှိပါတယ်။

No comments: