လပြည့်ဝန်း
ချင်းတွင်းမြစ်ကြောင်းပြောင်းလဲမှု ထိန်းသိမ်းရန်အတွက် လိုအပ်နေသည့် ကျပ် ၃၀ ဘီလီယံ (ကျပ်သန်း ၃၀၀၀၀)ကို နိုင်ငံတကာချေးငွေရယူပြီး ထိန်းသိမ်းသွားမည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်မှူး ဦးထွန်းနိုင်ဝင်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ မြစ်ကြောင်းထိန်းသိမ်းရေး စီမံကိန်းကို ၅ နှစ်ပြုလုပ်သွားမည်ဖြစ်ပြီး မြစ်ကြောင်းတစ်လျောက်ရှိ နေရာ ၃၇ နေရာကို ထိန်းသိမ်းသွားမည် ဖြစ်သည်။
အဆိုပါ မြစ်ကြောင်းထိန်းသိမ်းရေး စီမံကိန်းအတွက် အစိုးရမှ နှစ်စဉ် ကျပ်သန်း ၂၀၀ ရရှိသော်လည်း အဆိုပငွေကြေးဖြင့် မြစ်ကြောင်း ထိန်းသိမ်းရန် မလုံလောက်သဖြင့် ထိန်းသိမ်းရန် လိုအပ်သည့် နေရာ ၃၇ နေရာအတွက် လိုအပ်သည့်ငွေ ကျပ် ၃၀ ဘီလီယံ (ကျပ်သန်းပေါင်း ၃၀၀၀၀) ကို နိုင်ငံတကာမှ ချေးငွေရယူမည် ဖြစ်သည်။
“မြစ်ကြောင်း ပြောင်းလဲမှုကို ကာကွယ်ဖို့ ဘက်ဂျက်မလုံလောက်တဲ့အတွက် အများကြီးမထိန်းသိမ်းနိုင်ဘူး။ မထိန်း သိမ်းနိုင်တဲ့အတွက် သဘောင်္တွေ ရေကြောင်းကြပ်လာတယ်။ တစ်နေရာ တစ်နေရာကို ၃ ရက်နဲ့ သွားလို့ရတာကို ၉ ရက်၊၁၀ရက်လောက် သွားလာနေရတယ်။ အဲ့ဒါကြောင့် ချင်းတွင်းမြစ်ကနေ သယ်ပို့ရတဲ့ ကုန်ပစ္စည်းတွေ စားသောက် ကုန်တွေက ဈေးတက်လာတယ်” ဟု ဒုတိယညွှန်မှူး ဦးထွန်းနိုင်ဝင်းက ပြောသည်။
ရာသီဥတုဖောက်ပြန်မှုများ၊ သစ်တောပြုန်းတီးမှုများနှင့် ကမ်းပြိုမှုများကြောင့် ချင်းတွင်းမြစ်ကြောင်း ပြောင်းလဲ မှုများ ဖြစ်လျှက်ရှိပြီး ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်နှင့် ဟုမ္မလင်းဒေသများတွင် မြစ်ကြောင်း ပြောင်းလဲမှု မရှိသည့်အတွက် ၂၄နာရီ ကုန်သွယ်နိုင်ကြောင်း၊ ထို့ကြောင့် ချင်းတွင်းမြစ် မြစ်ကြောင်းပြောင်းလဲမှု ဖြစ်ပေါ်နေသော ၃၇ နေရာကို စီမံကိန်းထဲချကာ နိုင်ငံတကာ ချေးငွေဖြင့် ပြုလုပ် သွားမည်ဖြစ်သည်။
ချင်းတွင်းမြစ်ကြောင်းပြောင်းလဲမှုလေ့လာရေးနှင့် မြစ်တစ်လျှောက် နေထိုင်သူများ၏ လူမှုစီးပွား ဘ၀ကို အထောက် အကူပြုရန်နှင့် ကမ်းပြို ကာကွယ်ရန်အတွက် ထိုင်းနိုင်ငံရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ (SEI)၊ မြန်မာနိုင်ငံ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာအဖွဲ့ (MEI)၊ မဲခေါင်ဒေသ ကျွမ်းကျင်သူများနှင့် အခြားအဖွဲ့အ စည်းများမှ ပူးပေါင်းကာ စစ်တမ်းကောက်ယူမှုများ ပြုလုပ် သွားမည်ဖြစ်သည်။
No comments:
Post a Comment