Khonumthung
ချင်းအမျိုးသားတပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာနှင့် ကြိုတင် ညှိနှိုင်းခြင်းမရှိဘဲ ချင်းပြည်နယ် အတွင်း ကန့်သတ်နယ်မြေကို ကျော်လွန်၍ လက်နက် ကိုင်ဆောင်သွားလာခြင်းမပြုလုပ်ရန် ချင်းပြည်နယ် အစိုးရက CNF ထံ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၆ ရက်နေ့ က သတိပေး ပြောဆိုလိုက်သည်။
ယခုကဲ့သို့ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ ကန့်သတ်နယ်မြေကျော်လွန်ကာ လက်နက်ကိုင်ဆောင်သွားလာခြင်းသည် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က ချုပ်ဆိုသော CNF နှင့် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးအဖွဲ့တို့ ပထမ အကြိမ် သဘောတူ လက်မှတ်ရေးထိုးသော သဘောတူညီချက်(၂) အပိုဒ်(၃) ကို ချိုးဖောက် ရာရောက် သည့်အတွက် ယင်းကိစ္စ ကို အလေးအနက်ကန့်ကွက်သည်ဟု အောက်တိုဘာလ ၁၆ ရက်နေ့က ချင်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦးက CNF အထွေထွေအတွင်းရေးမှူးချုပ် Pu ZingCung ထံ ကန့် ကွက် စာပေးပို့ခဲ့သည်။
CNA မှ ဗိုလ်ကြီးအဆင့်ရှိ လင်းလော့၊ အရာခံအဆင့်ရှိ အောင်ဗွီး နှင့် တပ်ကြပ်ကြီး အဆင့်ရှိ လှထွန်းတို့ (၃)ဦးသည် ယာယီနေထိုင်ရန်သဘောတူညီထားသည့် နယ်မြေပြင်ပဖြစ်သော နှစ်နိုင်ငံနယ်စပ် ကျောက်တိုင်အ မှတ်(၁၁) အနီး ပလက်ဝမြို့နယ်၊ ကုန်ပြင်ကျေးရွာအပိုင် ဦးလှအေးတောင်ယာတဲ ၌ ပြုလုပ်သည့် ကောက်သစ် စားပွဲသို့ AK-47 မောင်းပြန် သေနတ်ကိုယ်စီကိုင်ဆောင်ကာ ၀င်ရောက်သွားလာခဲ့သည်ဟု ချင်းပြည်နယ် အစိုးရက ပြောဆိုသည်။
ကန့်ကွက်စာတွင် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့က ချုပ်ဆိုသော CNF နှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးအဖွဲ့တို့ ပထမအကြိမ် သဘောတူညီချက်(၂)အပိုဒ်(၃)တွင် “ ယာယီ အခြေပြုနေ ထိုင်ခွင့် ပေးထားသည့် နယ်မြေဧရိယာပြင်ပသို့ တပ်ပြောင်းရွှေ့ခြင်းနှင့် အခြားကိစ္စများကြောင့် လက်နက် ကိုင် ဆောင် သွား လာရန်လို အပ်ပါက သတ်မှတ်လမ်းကြောင်းကို သက်ဆိုင်ရာလမ်းကြောင်း နှင့် အနီးကပ်ဆုံးတွင်ရှိသည့် မြန်မာ့ တပ်မတော် တပ်စခန်းများသို့ ကြိုတင်ခွင့်တောင်းပြီး နှစ်ဦးနှစ်ဖက်သဘော တူညီချက်များရယူပြီးမှသာ သွားလာရန်’’ ဟု ပါရှိကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်စာနှင့်ပါတ်သက်၍ CNF အတွင်းရေးမှူး(၁) ပူးပေါလ်စီထားက “ ပြည်နယ်အစိုးရ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ဇော်မင်းဦး နာမည်နဲ့ ကန့်ကွက်စာ ပို့လာပါတယ်၊ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့်ဆွေးနွေးပွဲ အပိုဒ် (၉) သဘောတူထားချက်အရပါ၊ ကျတော်တို့ ဒီကိစ္စ သိသိချင်း သဘောတူညီချက်အရ လုပ်သင့်လုပ် ထိုက် တာတွေကို လုပ်ဆောင်ပြီးဖြစ်ပါတယ်၊ ဘာပဲဖြစ်ဖြစ် ဒါက နှစ်ဖက်ကြား ပွင့်လင်းမှုပါ၊ ” ဟု ပြောသည်။
CNF/A တပ်ဖွဲ့ဝင်များအနေဖြင့် ယာယီအခြေပြုနေထိုင်ခွင့်ပေးထားသည့် နယ်မြေဧရိယာ ပြင်ပသို့ လက်နက်ကိုင် ဆောင်သွားလာမည်ဆိုပါက နီးစပ်ရာ မြန်မာ့ တပ်မတော် တပ်စခန်း နှင့် ချင်းပြည်နယ်အစိုးရထံ ကြိုတင်တင်ပြညှိနှိုင်း၍ ခွင့်ပြုချက်ရယူပြီးမှသာ သွားလာကြရန်၊ ကြိုတင်ညှိနှိုင်းခြင်းမရှိဘဲ လက်နက် ကိုင်ဆောင်သွားလာမည်ဆိုပါက မမျှော်မှန်းနိုင်သော ပြသနာများဖြစ်ပေါ်လာနိုင်ပြီး ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှုကို ထိခိုက်နိုင်ကြောင်း ဗိုလ်မှူးကြီး ဇော်မင်းဦးမှ ပေးပို့သော ကန့်ကွက်စာတွင် ဖော်ပြ ထား သည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က ကုန်ပြင်ကျေးရွာမှ ဦးလှအေးတောင်ယာတွင် ကျင်းပပြုလုပ်သော ကောက်သစ်စား ပွဲတွင် CNA တပ်ဖွဲ့ဝင် ၃ ဦး လာရောက် စားသောက်သည်ကို ကုန်ပြင် ကျေးရွာနေ တောင်သူဦးကြီး ၆ ဦးအား မြန်မာ့တပ်မတော် ခလရ (၃၄၄) တပ်ရင်းမှူး ဗိုလ်မှူး တင်ထွဋ်ဦးက တစ်ပတ်ကျော်ကြာ ဖမ်းဆီး ချုပ်နှောင်ပြီး ညှင်း ပမ်းနှိပ်စက်ခဲ့သည်။
ယင်းကိစ္စနှင့် ပါတ်သက်ပြီး ခမရ (၃၄၄) တပ်ရင်းမှူး ဗိုလ်မှူးတင်ထွဋ်ဦး နှင့် အဖွဲ့ အား အရေးယူပေးရန် ဒေသခံ တွေက ပြည်နယ် ၀န်ကြီးချုပ်ထံ ယခုနှစ် စက်တင်ဘာ လ (၉) ရက်နေ့က တိုင်ကြားထားရာမှာ ၂၀၁၄ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင် ပလက်ဝမြို့နယ် ကုန်ပြင်ရွာသား ဦးအေးလှသည် မိမိ တောင်ယာတွင် ကောက်သစ် စားပွဲပြုလုပ်စဉ် ချင်းအမျိုးသားတပ်မတော်သားများသည် လာရောက်ထမင်းစားပြီး ချက်ချင်းပြန်ထွက်သွားကြကြောင်း ပါရှိသည်။
ပြည်နယ်အစိုးရထံ ဒေသခံများ တိုင်ကြားစာကြောင့် အဆိုပါ တပ်ရင်းမှူး တင်ထွဋ်ဦး နှင့် အနှိပ်စက်ခံဒေသခံများအား ပလက်ဝမြို့နယ်တရားရေးရုံးက အရေးယူစစ်ဆေးမှုပြု လုပ်နေကြောင်း သိရသည်

No comments:
Post a Comment