ABC
မြန်မာနိုင်ငံမှာ မနက်ဖြန်ကစပြီး ၂၅ ကြိမ်မြောက် အရှေ့တောင်အာရှ ဆိုင်ရာ အာဆီယံ ထိပ်သီး ညီလာခံ အစည်းအဝေးစတင်မှာ ဖြစ်တဲ့အတွက် နေပြည်တော်မှာရှိတဲ့ ဟိုတယ်တွေ ဧည့်သည်တွေနဲ့ ပြည့်ကြပ်ကုန်ပြီ ဖြစ်သလို လုံခြုံရေးတွေလည်း တိုးချဲ့ ချထားပြီ ဖြစ်ပါတယ်။
အာဆီယံ ထိပ်သီး အစည်းအဝေးသာမက အာဆီယံအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ အစရှိတဲ့ နိုင်ငံကြီးက ကိုယ်စားလှယ်တွေလည်း အာဆီယံ အစည်းအဝေးအပြီးမှာ လာရောက်ဆွေးနွေးမှုလုပ်ဖို့ ရှိတဲ့အတွက် အစွမ်းကုန် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင် နေပြည်တော်က ဟိုတယ်ရဲ့ အခန်း ၇၀% က လွတ်နေခဲ့ပေမယ့် ဒီနှစ်မှာတော့ ဧည့်သည်တွေနဲ့ ပြည့်ကြပ်နေတဲ့အကြောင်း Max Hotel က ဧည့်ကြိုဌာနက အေပီ သတင်းကို ပြောပါတယ်။
Apex ဟိုတယ်ကလည်း သူတို့မှာ အရင်တုန်းက အခန်းရဲ့ ၄၀% အထိသာ လူရှိခဲ့ပေမယ့် အခုအခါမှာတော့ အခန်းလွတ်မရှိတော့ဘူးလို့လည်း ပြောပါတယ်။
အာဆီယံ ညီလာခံအတွင်း အင်တာနက်အသုံးပြုမှုတွေ၊ ဖုန်းအသုံးပြုမှုတွေ သိသိသာသာ ထိုးတက်ဖို့ရှိတဲ့အတွက် ဆက်သွယ်ရေး ကုမ္ပဏီတွေကလည်း ကြိုတင်ပြင်ဆင်နေကြပါတယ်။
အဲဒီညီလာခံအတွက် မြန်မာ လုံခြုံရေးသမား အယောက်ပေါင်း နှစ်သောင်းကျော်ကိုလည်း ဖြန့်ထားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာက ထိပ်သီးခေါင်းဆောင်တွေ လာရောက်မှာ ဖြစ်တဲ့အတွက် လေဆိပ်မှာ လုံခြုံရေး တင်းကြပ်ရုံသာမက သင်္ဘောဆိပ်တွေ၊ ဟိုင်းဝေးကားဂိတ်တွေ၊ မြို့အဝင်ဂိတ်တွေမှာလည်း လုံခြုံရေးတွေ တိုးချဲ့ချထားတယ်လို့ သိရပါတယ်။
အာဆီယံ ထိပ်သီးအစည်းအဝေးပွဲကို နေပြည်တော်ရှိ International Convention Center မှာ နိုဝင်ဘာ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ ကျင်းပဖို့ ရှိပါတယ်။
သြစတြေးလျမှာလည်း G-20 အတွက် လုံခြုံရေးတွေ တိုးချထား
မြန်မာနိုင်ငံမှာ အာဆီယံ ထိပ်သီး ညီလာခံအတွက် လုံခြုံရေးတွေ တင်းကြပ်ထားသလို သြစတြေးလျနိုင်ငံမှာလည်း ကမ္ဘာ့ စက်မှုထိပ်သီးနိုင်ငံများ G-20 ညီလာခံ ကျင်းပဖို့ရှိတဲ့အတွက် လုံခြုံရေးတွေ တိုးချဲ့ချထားပါတယ်။
အစည်းအဝေး ကျင်းပမယ့် သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစလန်းပြည်နယ် Brisbane မြို့မှာ အဓိက လုံခြုံရေး တိုးမြင့်ထားမှာ ဖြစ်ပါတယ်။ မြေပြင်နဲ့ ရေပြင်မှာ လုံခြုံရေးတိုးချဲ့ ချထားသလို သြစတြေးလျ လေတပ်ကိုလည်း ဝေဟင်မှာ စောင့်ကြည့်မှု လုပ်ခိုင်းထားပါတယ်။
အခုလောလောဆယ် လေယာဉ်တွေ ပိုင်ဆိုင်တဲ့ သြစတြေးလျ ပြည်သူတွေကို ဘယ်နေရာမှာ မပျံသန်းသင့်ဘူးလည်း ဆိုတဲ့ အသိပေးချက်တွေကို ပို့ဆောင်ထားပြီး အဲဒီ ညွှန်ကြားချက်ကို ချိုးဖောက်တဲ့ လေယာဉ်တွေကို လေတပ်က အရေးယူမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အာဆီယံ အစည်းအဝေး ကျင်းပပြီးတာနဲ့ သြစတြေးလျနိုင်ငံမှာ G-20 အစည်းအဝေး ကျင်းပမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံက အစည်းအဝေးကို တက်ရောက်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကနေတဆင့် သြစတြေးလျနိုင်ငံကို လာပြီး G-20 အစည်းအဝေး တက်ရောက်မှာ ဖြစ်ပါတယ်။

No comments:
Post a Comment