တင်ဇာအောင်
မြန်မာနိုင်ငံ အသွင်းကူးပြောင်းရေး ဖြစ်စဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီသည် အရေးပါဆုံး အင်အားစု တစ်ခုဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr.Yang Houlan က ပြောသည်။
၎င်းက နိုဝင်ဘာ ၈ ရက်က ရန်ကုန်မြို့ရှိ တရုတ်သံအမတ်ကြီး နေအိမ်တွင် ကျင်းပသည့် သတင်းစာဆရာများနှင့် တွေ့ဆုံပွဲတွင် ပြောကြား လိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E Mr.Yang Houlan က "တရုတ်နိုင်ငံက NLD ပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှုကို အလေးထား
စဉ်းစားပါတယ်။ နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ မြန်မာနိုင်ငံ ကူးပြောင်းရေးအချိန်တွေမှာ အရေးပါဆုံး နိုင်ငံရေး အင်အားစု ဖြစ်ပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သွားရောက်မည့် ခရီးစဉ်နှင့် ပတ်သက်ပြီး မေးမြန်းစဉ် ဖြေကြား လိုက်ခြင်းဖြစ်သည်။
ယင်းအပြင် တရုတ်သံအမတ်က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကဏ္ဍအသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီ အသီးသီး၊ နိုင်ငံရေးအင်အားစု အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟုလည်း ဆိုလိုက်သည်။
၎င်းက "NLD ပါတီနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်နိုင်တဲ့ အတွက် နှစ်နိုင်ငံ ချစ်ကြည်ရေးမှာ အရေးပါဆုံး အခန်းကဏ္ဍက ပါဝင်ပါတယ်" ဟုလည်း ဆိုလိုက်သည်။
တရုတ်နိုင်ငံအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားရန် စီစဉ်နေပြီး ယင်းအစီအစဉ် အတွက် နှစ်ဖက် ညှိနှိုင်းနေဆဲဖြစ်ကာ သေချာပြီဆိုပါက တရားဝင် ဖိတ်ကြားစာပေးပို့သွား မည်ဟုလည်း ၎င်းက ပြောကြားသည်။
တရုတ်သံအမတ်ကြီး H.E Mr.Yang Houlan က "နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံ သွားရောက်ဖို့ ဖိတ်ကြားမှာဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် အဆင်ပြေရင် ဒီခရီးစဉ် အောင်မြင်ပါမယ်" ဟု ပြောသည်။
တရုတ်နိုင်ငံ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တရားဝင် ဖိတ်ကြားပြီးပါက တရုတ်နိုင်ငံ ခေါင်းဆောင် များနှင့် တွေ့ဆုံနိုင်ရန် စီစဉ်ပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်ကမူ ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဟု အောက်တိုဘာ ၃၀ရက်က မဇ္ဈိမကို အတည်ပြု ပြောထားသည်။
ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ သွားရောက်မည်ဆိုပါက ယခုအကြိမ်သည် ၎င်း၏ ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားမည့် ခရီးစဉ်လည်း ဖြစ်သည်။
No comments:
Post a Comment