Wednesday, November 12, 2014

မ-ဘ-သ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၏ Password အခိုးခံခဲ့ရသည်ဟု မ-ဘ-သ ပြော

ဖြူဖြူဇင်

အိုဘားမားအား ဆန္ဒပြမည်ဆိုသည့် သတင်း မမှန်ကန်ဟုလည်းဆို

နိုဝင်ဘာလ ၁၂ ရက်တွင် အမေရိကန် သမ္မတ ဘားရက်အိုဘားမားအား ဆန့်ကျင်ဆန္ဒပြပွဲ တစ်ခုကို အရှင် ဦးဝီရသူက ဦးဆောင်လိမ့်မည်ဟူသော သတင်းမှာ မမှန်ကန်ကြောင်း နိုဝင်ဘာလ ၁၁ ရက်တွင် ရဟန်းခေါင်းဆောင်တစ်ဦးဖြစ်သူ အရှင်ဦးဝီရသူက မဇ္ဈိမ တယ်လီဖုန်းဖြင့် မိန့်ကြားခဲ့သည်။

ထိုကြေညာချက်ကို (ဆန္ဒပြမည့်အကြောင်း ကြေညာချက်ကို) အမျိုးသားရေးဝါဒီ ရဟန်းအဖွဲ့ မ-ဘ-သ ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေက ဖော်ပြခဲ့ခြင်း ဖြစ်သည်။ မ-ဘ-သ စာမျက်နှာ၏ စီမံခန့်ခွဲသူ (administrator) က ထိုဖေ့စ်ဘွတ်ခ် စာမျက်နှာ၏ password မှာ နိုဝင်ဘာလ ၇ ရက်တွင် အခိုးခံခဲ့ရကြောင်း ဆိုခဲ့သည်။

Password အခိုးခံရကြောင်း တွေ့ရှိသည်နှင့် တစ်ပြိုင်နက် မ-ဘ-သ သည် ဖေ့စ်ဘွတ်ခ် စာမျက်နှာ အသစ်တစ်ခု ထပ်မံဖွင့်လှစ်ခဲ့သည်။ ထိုဖေ့စ်ဘွတ်ခ် စာမျက်နှာ အသစ်တွင် “မန်း မဘသ အကောင့် အခိုးခံထားရပါတယ်။

အခိုးခံရပြီး နှစ်ရက်လောက် ပျောက်ချက်သားကောင်းနေပြီးမှ အတည်ပေါက်နှင့် ပြန်ပေါ်လာတာပါ။ ဒီနေ့ ပျံ့နေတဲ့ မစ္စတာ အိုဘားမားအား ဆန္ဒပြမည်ဆိုသည့် သတင်းမှာ မန်းမဘသ အကောင့်စစ်ရဲ့ သတင်းမဟုတ်ပါဘူး။ အကောင့်သူခိုးတွေက ထင်ယောင်ထင်မှားဖြစ်အောင် ဖျက်လိုဖျက်ဆီး လိုက်လုပ်နေ ကြတာ ဖြစ်ပါတယ်” ဟု ရေးသားထားသည်။

အချို့ကမူ မ-ဘ-သ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၏ password အခိုးခံခဲ့ရသည် ဆိုခြင်းကို သံသယ ရှိနေကြသည်။ နေပြည်တော်ရှိ လုံခြုံရေး သတင်းရင်းမြစ် တစ်ခုက ပြောခဲ့သည်မှာ ထို ရဟန်းအဖွဲ့သည်၊ အိုဘားမား ရောက်ရှိလာမည့် အချိန်တွင် နေပြည်တော် လေဆိပ်၌ အမှန်တကယ် ဆန္ဒပြလိုခဲ့ကြခြင်းဖြစ်ကြောင်းနှင့် သို့ရာတွင် ထိုကဲ့သို့သော ဆန္ဒပြမှုမျိုးကို အာဏာပိုင်များက ခွင့်ပြုမိန့် မပေးခဲ့ကြောင်း ဆိုခဲ့သည်။

No comments: