Thursday, February 26, 2015

ယာဉ်တိမ်းမှောက်ပြီး ဦးခေါင်းဒဏ်ရာရသည့် အကျဉ်းသူ အမျိုးသမီး သတိလစ်နေဆဲ

မင်းမင်း

ပြီးခဲ့သည့်နှစ်ရက်က လောက်ကိုင်အကျဉ်းထောင်မှ အကျဉ်းသားများကို လားရှိုးထောင်သို့ ပြောင်းရွှေ့စဉ် လမ်းခုလတ်တွင် လက်နက်ဖြင့် ပစ်ခတ်ခံရစဉ် ယာဉ်တိမ်မှောက်မှုကြောင့် ဒဏ်ရာရခဲ့သည့် အကျဉ်းသူများအနက် ဦးခေါင်း ဒဏ်ရာရရှိသည့် အကျဉ်းသူ တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး သတိလစ်နေဆဲဖြစ် သည်ဟု ကွမ်းလုံဆေးရုံအုပ်ကြီး ဒေါက်တာသိန်းမြို့က မဇ္ဈိမကို ပြောသည်။

“အခြေအနေက မကောင်းသေးဘူး။ သတိမရသေးဘူးပေါ့။ ခေါင်းကို ထိသွားတာလေ။ အရိုးကျိုးပြီးတော့ ဦးနှောက်ကို ထိခိုက်နေတဲ့ဟာမျိုးပေါ့” ဟု ဖေဖော်ဝါရီ ၂၅ ရက်၊ နေ့လည်ပိုင်းတွင် ဆေးရုံအုပ်ကြီးက ပြောသည်။

အဆိုပါ စိုးရိမ်ရသည့်အခြေအနေတွင်ရှိသည့် လူနာမှာ အသက်သုံးဆယ်ကျော်အရွယ် မလုအောင် အမည်ရှိ ကချင်အမျိုးသမီး အကျဉ်းသူဖြစ်ပြီး “ကားစီးနိုင်တဲ့အနေအထားဖြစ်လို့ရှိရင် ဒီနှစ်ရက်၊ သုံးရက်အတွင်း လားရှိုးဆေးရုံကြီးကိုပို့ဖို့ ဆရာတို့ စိတ်ကူးရှိတယ်။ သူ့ကို ထောင်ထဲထည့်လို့ မဖြစ်သေးဘူးလေ” ဟု ဆေးရုံအုပ်ကြီးက ဆိုသည်။

ကွမ်းလုံဆေးရုံမှ လားရှိုးဆေးရုံသို့ ကားဖြင့်သွားမည်ဆိုပါက အချိန်သုံးနာရီ ကြာမြင့်မည် ဖြစ်သည်။

လောက်ကိုင်မြို့၊ စီအော အကျဉ်းထောင်မှ အကျဉ်းသားများ၊ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင် ဒေသခံများကို ဖေဖော်ဝါရီ ၂၃ ရက်က လားရှိုးမြို့သို့ ပြောင်းရွှေ့စဉ် လုံထန်ရွာအနီးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ယာဉ်တိမ်းမှောက်ပြီး အကျဉ်းသူ အမျိုးသမီး ၄၅ ဦး၊ ယာဉ်မောင်းတစ်ဦးနှင့် ထောင်ဝါဒါ အမျိုးသမီး ၃ ဦးတို့ဒဏ်ရာရရှိခဲ့ပြီး ကွမ်းလုံဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရသည်။

လက်ရှိတွင် မလုအောင်အပါအဝင် နှစ်ဦးကိုသာ ကွမ်းလုံဆေးရုံတွင် ကုသလျက်ရှိပြီး အခြားဒဏ်ရာရအကျဉ်း သူများကို ဖေဖော်ဝါရီ၂၄ရက်၊ နံနက် ၁၁ နာရီတွင် ပြည်ထဲရေးဌာနသို့ လွှဲပြောင်းကာ လားရှိုးအကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဖြစ်သည်။

ဖေဖော်ဝါရီ ၉ရက်ကစပြီး အစိုးရတပ်နှင့် ဦးဖုန်ကြားရှင်ဦးဆောင်သည့် ကိုးကန့်တပ်တို့ကြား တိုက်ပွဲများပြင်း ပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၇ရက်ကစပြီး တိုက်ပွဲဖြစ်ပွားရာ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကို သမ္မတအမိန့်ဖြင့် တပ်မတော်သို့ အာဏာလွှဲပေးခဲ့သည်။

No comments: