Thursday, February 26, 2015

မြေစာရင်းဦးစီးလာဒ်စားမှုအပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ ပွင့်လင်းမြင်သာမှုမရှိ၍ နစ်နာသူ အစစ်ခံရန်ငြင်းဆို

စံမောင်သန်း

ပေါက်တောမြို့နယ် မြေစာရင်းဦးစီး ဦးမောင်မောင်ဝင်အား မြေစာရင်းပုံစံ (၁၀၅) မြေပုံရေးကူးခ ကျပ်ငွေ ၄ သိန်းလာဒ်စားမှုဖြင့် စွပ်စွဲ တိုင်ကြားထားသည်ကို စစ်တွေခရိုင်ဦးစီးဌာနက စုံစမ်းစစ်ဆေးဖို့ ရောက်လာရာ ပွင့်လင်းမြင်သာမှု မရှိသဖြင့် နစ်နာသူ ဦးယိုင်မောင်က ကြားနာစစ်ဆေးမှုကို လက်မခံပဲ ငြင်းဆန်လိုက်သည်ဟု ပေါက်တောမြို့ လူမှုကွန်ယက်ဥက္ကဌ ဦးဦးကျော်ဝင်းက ပြောသည်။

ယင်းအမှုနှင့်ပတ်သက်၍ မြေစာရင်းဦးစီးမှူး ဦးမောင်မောင်ဝင်းကို လာဒ်ပေးလာဒ်ယူမှုဖြင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းထံ ဇန်န၀ါရီလ ၁၈ နေ့တွင် စာရေးသားတိုင်ကြား လိုက်ပြီးနောက်ပိုင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့သည် ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့က ပေါက်တောမြို့သို့ ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ခေါ်ယူစစ်ဆေးရာ စုံးစမ်းရေးအဖွဲ့က စစ်ဆေးချက်ကို နစ်နာသူယိုင်မောင်အား မိတ္တူမပေးနိုင်ဟု ငြင်းဆန်သဖြင့် နစ်နာသူဦးယိုင်မောင်က ပွင့်လင်းမြင်သာမှု မရှိ၍ အစစ်မခံနိုင်ဟု နိရဉ္စရာသို့ပြောသည်။

“ကျွန်တော့်ရဲ့ထွက်ဆိုချက်ကို မိတ္တူတောင်းတော့ မပေးနိုင်ဘူးလို့ပြောတယ်။ မိတ္တူလိုချင်ရင် ပြည်နယ်မှူးဆီမှာ တင်ပြတောင်းဆိုရမယ်လို့ ပြောလာတယ်။ သူတို့ရဲ့ စစ်ဆေးမှုက ပွင့်လင်းမြင်သာမှုမရှိတော့ ကျွန်တော်အစစ် မခံနိုင်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ သူတို့ ကျွန်တော့်ဆီမှ စစ်ဆေးချက်ကို သူတို့လိုချင်တဲ့ပုံစံမျိုး လုပ်ကြံဖန်တီးဖို့ အနေအထားကို တွေ့ရတယ်။ ယခုစစ်ဆေးရေးအဖွဲ့ကို ကျွန်တော်အယုံအကြည်မရှိလို့ အစစ်ဆေးမခံတာပါ”ဟု ဦးယိုင်မောင်က ပြောသည်။

ယခုစစ်ဆေးရေးအဖွဲ့ကို သံသယဖြစ်မိသည်ဟု ပေါက်တောမြို့ လူမှုကွန်ယက် ဥက္ကဌ ဦးဦးကျော်ဝင်းကလည်း ပြောသည်။

“ယခု စစ်ဆေးရေးအဖွဲ့ကို ကျွန်တော် သံသယဖြစ်မိပါတယ်။ ပြည်သူလူထုရဲ့ ဥပဒေ မကျွမ်းကျင်မှုကို အခွင့်အရေးယူပြီး တဘက်သတ်ဆောင်ရွက်သွားဖို့ ကြိုတင်ညှိနှိုင်းထားကြပုံ ရပါတယ်”ဟု ဦးဦးကျော်ဝင်းက ပြောသည်။

ဥပဒေကို လက်ဆုပ်လက်ကိုင်ပြုပြီး အနိုင်ကျင့်သည့်လုပ်ရပ်ဖြစ်သည်ဟု ထင်မြင် သံသယရှိသည်ဟု မှတ်ချက်ပေးလိုကြောင်း လူမှုကွန်ယက် ဥက္ကဌက ပြောသည်။

ယခု စုံစမ်းစစ်ဆေးရန် ရောက်ရှိလာသော အဖွဲ့မှာ ခရိုင်မြေစာရင်းဦးစီးမှူး ဦးကျော်ညွန့် ဦးစီးသော အဖွဲ့ဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိသဖြင့် ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့နေရာတွင် နောက်စုံစမ်း စစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းပေးဖို့ တောင်းဆိုချင်သည်ဟု ပေါက်တောမြို့ လူမှုကွန်ယက်ဥက္ကဌ ဦးဦးကျော်ဝင်းက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

ယခုအမှုတွင် ပေါက်တောမြို့နယ် မြေတိုင်းစာရင်း ဦးစီးမှူးသည် မြေစာရင်းပုံစံ (၁၀၅) ရေးဆွဲရန် အတွက် ဦးယိုင်မောင်ထံမှ ကျပ်ငွေ (၄) သိန်းအား ၂၈-၉-၂၀၁၄ ခုနှစ် လာဒ်ယူခဲ့သဖြင့် တိုင်းတန်းခဲ့သော အမှုဖြစ်သည်။ ယင်းကျပ်ငွေ ၄ သိန်းမှာ မြို့နယ် မြေစာရင်း ဦးစီးမှူး တစ်ဦးအတွက်မဟုတ်ဘဲ ခရိုင်မှူးနှင့် ပြည်နယ်မှူးတို့အတွက်ပါဟု ယူဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဦးယိုင်မောင်၏ ရေးသားထားသော စာထဲတွင် ဖော်ပြထားသည်။

ယခုစုံစမ်းစစ်ဆေးမှုကို ပေါက်တောမြို့ခံလူထုက အထူးစိတ်ဝင်စားနေပြီး ပြည်သူတစ်ယောက်အပေါ် အစိုးရ၀န်ထမ်းက အနိုင်ကျင့်သည့်လုပ်ရပ်အဖြစ် ထင်မြင်နေကြသည်ဟု စုံစမ်းသိရှိရသည်။

No comments: