Monday, March 2, 2015

တိုက်ပွဲများ လုံးဝပပျောက်ရေး သီးသန့်ခေါင်းစဉ်ဖြင့် မတ် ၁၆ ဆွေးနွေးမည်

ရွှေအောင်

မတ်လ ၁၆ ရန်ကုန်မြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လုံးဝပပျောက်ရေးကို သီးသန့်ခေါင်းစဉ်တရပ်အနေနဲ့ ဆွေးနွေးသွားမယ်လို့ အန်စီစီတီ အဖွဲ့ခေါင်းဆောင်တယောက်ဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က ပြောပါတယ်။

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာတို့ ဆွေးနွေးပွဲအပြီး မီဒီယာကမေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဂွန်မော်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

“လတ်တလော ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ကိစ္စနဲ့ပတ်သက်ပြီး ဒီတိုက်ပွဲတွေ ဘယ်လိုလျှော့ချမလဲ၊ တိုက်ပွဲတွေ လုံးဝပပျောက်သွားတဲ့အထိ ဘယ်လို ကြိုးစားကြမလဲဆိုတဲ့အပိုင်းကို သီးသန့်ခေါင်းစဉ်တခုအနေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။”

၇ ကြိမ်မြောက်ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ အန်စီစီတီအဖွဲ့တို့ ချင်းမိုင်မှာ အဓိကတွေ့ဆုံခဲ့ကြတာဖြစ်ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ဆွေးနွေးကြမယ့် ပုံသဏ္ဌာန်နဲ့ ဆွေးနွေးပွဲ အစီအစဉ်တို့ကို နှစ်ဘက်သဘောတူချမှတ်နိုင်ခဲ့တယ်လို့ ငြိမ်းချမ်းရေးစင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

“အဓိကကတော့ လာမယ့်မတ်လ ၁၆ ရက် ရန်ကုန်မှာ နှစ်ဘက် ဆွေးနွေးကြမယ်၊ ဆွေးနွေးမယ့်နေရာမှာ ဆွေးနွေးမယ့်ပုံစံနဲ့ ဆွေးနွေးမယ့် အာဂျင်တာတွေကို နှစ်ဘက်ခေါင်းဆောင်တွေ အတည်ပြုပြီးပါပြီ။ နောက် အပစ်ရပ်မူကြမ်းမှာ ဆွေးနွေးဖို့ကျန်တာ ၈ချက်လောက်ရှိပါတယ်၊ဆွေးနွေးဖို့ကျန်တဲ့အချက်တွေအပေါ်မှာ အန်စီစီတီရဲ့ သဘောထား ကျနော်တို့ကို ပေးလိုက်တယ်”

လာမယ့် ၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ နှစ်ဘက်စလုံးက ပြီးပြတ်အောင် ဆွေးနွေးလိုကြပြီး ၇ ရက်လောက်ထိ အချိန်ယူဆွေးနွေးကြဖို့ ရှိပါတယ်။

ရန်ကုန် ၇ ကြိမ်မြောက် အပစ်ရပ်ဆွေးနွေးပွဲကို အန်စီစီတီအဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဖိတ်ကြားဖို့ရှိပြီး ကုလ၊ တရုတ်အပါအ၀င် သင့်တော်တဲ့ စောင့်ကြည့်သူများ ဖိတ်ကြားဖို့ကိုတော့ နှစ်ဘက် ဆက်လက်ညှိနှိုင်းကြရဦးမှာ ဖြစ်ပါတယ်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ယူပီဒဗလျုစီနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ အန်စီစီတီတို့ ဆွေးနွေးပွဲတွေ ရပ်တန့်နေတာ ၆ လကြာမြင့်ခဲ့ပြီးတဲ့နောက် အခုတခါ ဆွေးနွေးပွဲပြန်စဖို့ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်ကစပြီး အစိုးရနဲ့ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်သေဆုံး ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ဒုက္ခသည်တွေလည်း ထောင်သောင်းချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

No comments: