Wednesday, March 4, 2015

မြန်မာ့ဆက်သွယ်ရေး၏ ဆွေသဟာအင်တာနက် ဝန်ဆောင်မှုသုံးစွဲခ ထက်ဝက်လျော့

ထက်ထက်အောင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က တပေါင်းလပြည့်နေ့ပွဲတော် အထူးအစီအစဉ်အဖြစ် ဆွေသဟာ အင်တာနက်ဝန်ဆောင်မှု သုံးစွဲခများကို သတ်မှတ်ကာလအတွင်း ထက်ဝက်လျှော့ချ ပေးသွားမည်ဟု MPT က သတင်းထုတ်ပြန်သည်။

ပရိုမိုရှင်းအစီအစဉ်အရ ယခင်1MB လျှင် ၁၅ကျပ်နှုန်းအစား 1MB လျှင် ၇ကျပ် ၅၀ ပြားနှုန်းဖြင့် ၂၀၁၅ခုနှစ်၊ မတ်လ ၄ ရက်မှ ၃၁ ရက်အထိ သုံးစွဲနိုင်မည်ဖြစ်ပြီး GSM နှင့် WCDMA သုံးစွဲသူများအတွက်သာ ဖြစ်သည်။

အဆိုပါ အရောင်းမြှင့်တင်ခြင်း အစီအစဉ်အတွက် ဆွေသဟာဟာဝန်ဆောင်မှုကို ရယူရန်လိုအပ်သည်။ ဆွေသဟာ အင်တာနက် ဝန်ဆောင်မှုအတွက် သုံးစွဲခ ထက်ဝက်လျော့ချခြင်းဖြစ်ပြီး မူလ MPT ဝန်ဆောင်မှုဖြင့် အသုံးပြုသူများ မပါဝင်ပေ။

ယင်းကဲ့သို့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အင်တာနက် ဝန်ဆောင်ခများကို ထက်ဝက် လျော့ချပေးခြင်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ နည်းပညာအရာရှိချုပ် ကိုစိုးသီဟနောင်က “ MPTက ပြည်သူတွေကိုတကယ်ပဲ လျှော့ချပေးချင်ရင် ခုလိုတုံ့ဆိုင်းတုံ့ဆိုင်း လျှော့ချတာ မျိုးမလုပ်ဘဲ ပြတ်ပြတ်သားသား လျှော့ပေးလိုက်ပေါ့ ။ အရင်ကတော့ ဈေးကွက်အသာစီးရနေလို့ တခြားသော ဆက်သွယ်ရေးအော်ပရေတာတွေ လုပ်ကိုင်လို့ရအောင် ဒီလိုလုပ်တာ မှန်ပါလိမ့်မယ်။ ခုနောက်ပိုင်းလည်း ဒီလိုပဲလုပ်နေတာကတော့ မကောင်းဘူး။ ကျွန်တော်တို့ ပြည်သူတွေ လိုချင်တာက ပရိုမိုးရှင်းမဟုတ်ပါဘူး။ ကောင်းမွန်ပြည့်စုံတဲ့ ဝန်ဆောင်မှုပါ”ဟု ဆိုသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ပရိုမိုရှင်းကာလအတွင်း အင်တာနက် သုံးစွဲခ လျှော့ချခြင်းအပြင် အင်တာနက် Packages များကိုလည်း 400MB Package ကို ကျပ် ၅,၀၀၀ အစား ကျပ်၂,၈၀၀၊ 1GB package ကို ကျပ် ၁၀,၀၀၀ အစား ကျပ် ၆,၅၀၀ ဖြင့် ဈေးလျှော့ပေးမည်ဖြစ်သည်။

ယင်းအပြင် အဆိုပါ အရောင်းမြှင့်ကာလအတွင်း 1MB လျှင် ၅ ကျပ်နှုန်းကျသင့်သော 5G Internet Package အသစ်ကိုလည်း စတင် မိတ်ဆက်မည်ဖြစ်ပြီး ကျပ်၂၅,၀၀၀ ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။ 5GB Internet Package တွင် ရုပ်ပုံ၊ သီချင်းနှင့် ရုပ်ရှင် တို့ကို Download ဆွဲယူသူများနှင့် မိမိဖုန်းကို Wifi Hotspot အဖြစ် အသုံးပြုသူများအတွက် အထူးသင့်လျော်သော အစီအစဉ်ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပရိုမိုးရှင်းအစီစဉ်တွင် ဖော်ပြထားသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဖုန်းခေါ်ဆိုခလျှော့ချပေးသည့် ဆွေသဟာဝန်ဆောင်မှု အစီအစဉ်ကို ဇန်နဝါရီလ ၁၂ ရက်တွင် စတင်ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။ ယင်းသို့ လျော့ချပေးရာတွင် ဖုန်းခေါ်ဆိုခကို တစ်မိနစ် ၃၅ ကျပ်နှုန်းဖြင့် သတ်မှတ်ပေးခဲ့သော်လည်း အင်တာနက် ဝန်ဆောင်မှုအတွက် ဈေးနှုန်း မြင့်ခဲ့သည်ဟု ဝေန်မှုများ ရှိခဲ့သည်။

No comments: