Friday, March 6, 2015

မြိတ်ကျွန်းစုကို နေရှင်နယ် ဂျီအိုဂရက်ဖစ်၏ အကောင်းဆုံး ခရီးစဉ် ဒေသများစာရင်း၌ ရွေးချယ်

သီဟကိုကို

မြန်မာနိုင်ငံ တောင်ပိုင်းရှိ မြိတ်ကျွန်းစုကို National Geographic Traveler ၏ Best Trip 2015 အကောင်းဆုံး ခရီးစဉ် ဒေသများစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။

National Geographic Traveler မဂ္ဂဇင်းသည် နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိ ခရီးသွားများ သွားရောက်လည်ပတ်ရန် ကောင်းမွန်သည့်ဒေသများကို ရွေးချယ်လမ်းညွှန်ပေးခြင်းဖြစ်ပြီး ယခုနှစ်အတွက် ကမ္ဘာတစ်ဝန်းရှိ ဒေသ ၂၁ ခုကို ရွေးချယ်ထားရာ မြိတ်ကျွန်းစုဒေသမှာလည်း ကမ္ဘာလှည့်ခရီးသွားများ သွားရောက်ရန် ကောင်းမွန်သည့်ဒေသတစ်ခုအဖြစ် နံပါတ် ၁၁ နေရာ၌ ပါဝင်လာခြင်းဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုနှင့် ကော့သောင်းဒေသများသို့ သွားရောက်လည်ပတ်ကြသည့် ကမ္ဘာလှည့် ခရီးသွားများသည် ကျွန်းစုများသို့ သွားရောက်လည်ပတ်ခြင်း၊ အပျော်စီးရွက်လှေခရီးစဉ်များ စီးခြင်းတို့ကို အဓိက စိတ်ဝင်တစား သွားရောက်ခြင်းဖြစ်ပြီး National Geographic တွင် မြိတ်ကျွန်းစုများ ပါဝင်လာခြင်းကြောင့် လာရောက်မည့် ခရီးသွားများ ပိုမိုမြင့်တက်လာစေရန် ခရီးသွားကုမ္ပဏီများက မျှော်လင့်နေသည်။

National Georaphic က မတ်လနှင့် ဧပြီလတို့ကို မြိတ်ကျွန်းစုဒေသသို့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးအချိန် အဖြစ် ရွေးချယ်ထားသည်။ လက်ရှိအချိန်တွင် မြိတ်ကျွန်းစုများတွင် ဟိုတယ်အနည်းငယ်သာရှိသော်လည်း ပြည်တွင်း၊ ပြည်ပမှ ဟိုတယ်သစ်များ တည်ဆောက်ရန် စီစဉ်လျက်ရှိသည်။

မြိတ်ကျွန်းစုများတွင် နေထိုင်သည့် ဆလုံလူမျိုးများ၏ ဘဝနေထိုင်မှုပုံစံကို ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်တစား လာရောက်လေ့လာမှုရှိပြီး နောက်ဆုံးစာရင်းများအရ ကျွန်းစုများတွင် နေထိုင်သည့် ဆလုံလူမျိုးဦးရေမှာ ၇၀၀ ကျော်သာ ရှိတော့သည်။

မြိတ်ကျွန်းစုများ၌ သခင်ညိုကြီးကျွန်း၊ မြောက်နီကျွန်း၊ ငါးမန်းကျွန်း၊ သာယာကျွန်း၊ ခရင်းကျွန်း၊ ၆၀ ကျွန်း စသည့် ကျွန်းများတွင် ရေတိမ်ပိုင်း၌ရှိသည့် သန္တာကျောက်တန်းများကို လေ့လာနိုင်မည်ဖြစ်ပြီး စေတန်ကျွန်း၊ သံကျွန်း၊ ကြက်မောက် ကျွန်း စသည့်ကျွန်းများတွင် ပင်လယ်ရေအောက်ရှိ သန္တာကျောက်တန်းများကို လေ့လာနိုင်မည် ဖြစ်သည်။

National Georaphic က ရွေးချယ်ထားသည့် ခရီးစဉ်ဒေသများတွင် အာရှနိုင်ငံများတွင် မြန်မာ၊ ထိုင်ဝမ်၊ ဂျပန်၊ အိန္ဒိယ နိုင်ငံတို့ရှိ ဒေသများပါဝင်ပြီး ကိုလံဘီယာ၊ ပီရူး၊ ရိုမေးနီးယား၊ တူနီးရှား၊ ဂျမေကာ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ အာဂျင်တီးနား၊ သြစတြေးလျ၊ အမေရိကန် စသည့်နိုင်ငံများရှိ ဒေသများလည်း ပါဝင်သည်။

No comments: