Wednesday, March 4, 2015

ရန်ကုန်နှင့် မန္တလေးတွင် တစ်ပြိုင်နက်တည်း ဆန္ဒပြ၊ မန္တလေးတွင် တားဆီးခံရ

မဇ္ဈိမ

လက်ပန်တန်းမြို့တွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒပြ ချီတက်မှု ကျောင်းသားများကို ဒေသအာဏာပိုင်တို့က တားမြစ်မှု ဖြစ်ပေါ်ပြီးနောက် ရန်ကုန်နှင့် မန္တလေးမြို့များတွင် တပြိုင်နက်တည်း ကန့်ကွက်ဆန္ဒပြမှုမှုများ ပေါ်ပါက်လာသည်။

ညနေ သုံးနာရီခွဲခန့်တွင် ရန်ကုန်မြို့ ၊ မြို့တော် ခန်းမရှေ့တွင် စတင်ဆန္ဒပြနေသည်။ အဆိုပါ ဆန္ဒပြပွဲတွင် ‘ ဒီမိုကရေစီ ပညာရေး သပိတ်မှောက် စစ်ကြောင်းအား တားဆီး ပိတ့်ဆိုထားမှုကို ကန့်ကွက်ပါသည်’ ဟူသော စာတန်းများ ကိုင်ဆောင် ဆန္ဒပြပြီး ‘ ကျောင်းသားထုကို လုံးဝ အကြမ်းမဖက်ရ’ ‘ကျောင်းသားထုကို ၀န်းရံကြ’ ‘အကြမ်းဖက်မှု ချက်ချင်းရပ်’ စသည့် ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ကာ ဆန္ဒပြနေခြင်းဖြစ်သည်။

ဆန္ဒပြပွဲတွင် လူဦးရေ သုံးဆယ်ခန့် ပါဝင်ပြီး ဆန္ဒပြရန်အတွက် ခွင့်ပြုချက် တင်ထားခြင်းမရှိပေ။ ယင်းဆန္ဒပြပွဲသို့ ကျောက်တံတား မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူများနှင့် မြို့နယ် အုပ်ချုပ်ရေးမှုးတို့လည်း လာရောက် စောင့်ကြည့်ခဲ့သည်။ ဆန္ဒပြမှုသည် ယခုသတင်းပေးပို့ချိန်အထိ ဆူးလေစေတီကို ပတ်ကာ ဆန္ဒပြနေသည်။

အလားတူပင် မန္တလေးမှ နိုင်ငံရေးအင်အားစုများ ကျောင်းသားမိဘ ၃၀ ခန့်က မန္တလေးမြို့ ကျုံနဘေးတွင် မတ်လ ညနေပိုင်းက ထိုင်သပိတ်ဆန္ဒပြခဲ့ကြသည်။ မန္တလေးတိုင်း နယ်လုံဝန်ကြီး ဒုဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆက်လက် ဆန္ဒပြပါက အချုပ်ကားပေါ်တက်ရောက်စေကာ ဖမ်းဆီးမည်ဟု ပြောဆိုပြီးနောက် ထိုင်သပိတ် ရုပ်သိမ်းခဲ့သည်။ အဆိုပါ ဆန္ဒပြပွဲကို ထိန်းသိမ်းရန် ရဲအင်အား ၈၀ ကျော် အသုံးပြုခဲ့သည်ဟု မဇ္ဈိမ သတင်းထောက်က သတင်းပေးပို့သည်။

လက်ပန်တန်းတွင်လည်း ဆက်လက်ဆန္ဒပြလျက်ရှိပြီး ညနေ ၆ နာတွင် သပိတ်စခန်းကို ပိတ်သိမ်းပေးရန် ဒေသခံအာဏာပိုင်တို့က တားမြစ်ထားသည်ဖြစ်ရာ အချိန်နီးကပ်နေပြီဖြစ်သည်။ ဆန္ဒပြသူနှင့် သံဃာတော်များပါဝင်သည့် အင်အား ၁၀၀ ခန့် သရဏဂုံ တင်ပြီး ထိုင်သပိတ် ဆင်နွှဲလျက်ရှိသည်။

No comments: