ကျော်စိုးမိုး
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် ခုနစ်ခုရှိ နေအိမ်များတွင် ဖောက်ထွင်းမှုများ ကျူးလွန်ခဲ့သူကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် သတင်းထုတ် ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက်က စမ်းချောင်းမြို့နယ်၊ စမ်းချောင်းတောင်ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အိမ်ရှင်များမရှိစဉ် ခတ်ထားသည့် အိမ်သော့ကိုဖျက်ပြီး နေအိမ်အတွင်းမှ ရွှေထည်ပစ္စည်း၊ ဘဏ်စာအုပ်နှင့် ဖုန်းအပါအဝင် စုစုပေါင်းတန်ဖိုး ကျပ် ၁၀၇ သိန်းကျော်ဖိုး ခိုးယူသွားခဲ့သဖြင့် စမ်းချောင်းမြို့မရဲစခန်းက (ပ) ၄၆/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၈၀/၄၅၄ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်ခဲ့သည်။
ကျူးလွန်သူကို ဖော်ထုတ်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးရာ ယခင်ကစမ်းချောင်းမြို့နယ်အတွင်း ဖောက်ထွင်းခိုးယူမှုဖြင့် ထောင်ကျပြီး ပြန်လည် လွတ်မြောက်လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ်နေ အသက် ၂၃ နှစ်အရွယ် လင်းလင်းအောင် (ခ) လင်းသစ်က ဖောက်ထွင်းခိုးယူခဲ့သည်ကို စုံစမ်းသိရသဖြင့် ၎င်းကိုဖေဖော်ဝါရီ ၁၆ ရက်တွင် ဖမ်းဆီးစစ်ဆေးခဲ့သည်။
လင်းလင်းအောင် (ခ) လင်းသစ်ကို စစ်ဆေးရာပစ္စည်းများ ခိုးယူထားသည်ကိုသိခဲ့ရပြီး သက်သေခံပစ္စည်းများကို ၎င်း၏ မိဘများ နေထိုင်များနေထိုင်ရာ ပဲခူးတိုင်း၊ ကဝမြို့နယ်ရှိနေအိမ်တွင် သိမ်းဆည်းထားသည်ဟု ထွက်ဆိုခဲ့သဖြင့် သွားရောက်ရှာဖွေရာ ပစ္စည်းများအားလုံး ပြန်လည်သိမ်းဆည်း ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ရေးသားထားသည်။
၎င်းကို အခြားအမှုများကျူးလွန်ထားခြင်းရှိ၊ မရှိ ထပ်မံစစ်ဆေးရာ ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာအတွင်းက တာမွေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ယခုနှစ် ဇန်နဝါရီလအတွင်းက မရမ်းကုန်း၊ ပုဇွန်တောင်၊ လမ်းမတော်နှင့် မင်္ဂလာတောင်ညွန့် အစရှိသည့် မြို့နယ်အတွင်းရှိ နေအိမ်များကို သော့ဖျက် ဝင်ရောက်ပြီး နေအိမ်အတွင်းမှ ဖုန်း၊ ကွန်ပျူတာ၊ မီးပူစသည့် ပစ္စည်းများကို ဖောက်ထွင်းခိုးယူခဲ့သည်ကို စစ်ဆေးသိရှိခဲ့ရသည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လင်းလင်းအောင် (ခ) လင်းသစ်ကို သက်ဆိုင်ရာမြို့မ ရဲစခန်းများတွင် အသီးသီးအမှုဖွင့် အရေးယူထားပြီး ဆက်လက်၍ အခြားအမှုများ ထပ်မံကျူးလွန်ထားခြင်း ရှိ၊ မရှိကို စစ်ဆေးဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment