Thursday, March 5, 2015

ချင်းပြည်နယ်တွင် လျှပ်စစ်ဓာတ် အားဖြန့်ဖြူးပေးနိုင်ခြင်းသည် ငြိမ်းချမ်းရေး၏ အကျိုးဟု ပြည်ထောင်စုဝန်ကြီးပြော

Khonumthung

ချင်းပြည်နယ်တွင် ယခင်ကထက် လျှပ်စစ်ဓာတ်အားပေးစနစ်များ ပိုမိုသုံးစွဲလာနိုင်ခြင်းသည် ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ရရှိခြင်း၏ အကျိုးကျေးဇူးများ ပင်ဖြစ်သည်ဟု ပြည်ထောင်စု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင် စိုးက ပြောသည်။

ဟားခါးမြို့တွင် ကျင်းပသော ၆၇ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားသို့ သမ္မတဦးသိန်းစိန်နှင့်အတူ တက်ရောက် လာသော ၀န်ကြီး ဦးခင်မောင်စိုး သည် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ချင်းပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံစဉ်တွင် ထိုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ် သည်။

ယခင်က လျှစစ်မီးနာရီပိုင်းခန့်သာ ရရှိသော ပြည်နယ်၏ မြို့တော် ဟားခါးသည်လည်း နိုင်ငံတော်အစိုးရမှ အမေရိကန်ဒေါ် လာ ၁ ဒသမ ၆၈ သန်း နှင့် မြန်မာကျပ်ငွေ ၅ ဒသမ ၅၂ ဘီလီယံကိုသုံးစွဲကာ ၆၆ ကေဗွီဓာတ်အားလိုင်း နှင့် ဓာတ်အား လိုင်းခွဲရုံများ တည်ဆောက်ပေးခဲ့ခြင်းကြောင့် ယခုအခါ ၂၄ နာရီလျှပ်စစ်မီးရရှိနေပြီဟု ၀န်ကြီး ကပြောဆိုခဲ့သည်။ ထန်တလန်မြို့နယ်သည်လည်း ယခင် ဟားခါးမြို့ခွဲတမ်းဖြစ်သော လိုင်ဗားရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်မီး ၂၄ နာရီဖြန့်ဖြူးပေးနေသည်ဟု ဆက် ပြောသည်။

ထို့အပြင် ဖလမ်းမြို့ နှင့် မင်းတပ်မြို့ ဓာတ်အားလိုင်းရရှိနိုင်ရေးအတွက် ၆၆ ကေဗွီဓာတ်အားလိုင်းများအသီးသီး တည် ဆောက်လျက်ရှိရာ ယခုနှစ် စက်တင်ဘာလတွင် အပြီးသတ်တည်ဆောက်နိုင်မည်ဟု သိရသည်။ ယင်းစီမံကိန်း ပြီးဆုံး ပါက ဖလမ်း နှင့် ဟားခါးအကြားရှိ ကျေးရွာပေါင်း ၁၀ ရွာ၊ ဖလမ်း နှင့် သိုင်းငင် အကြားရှိ ကျေး ရွာပေါင်း ၁၁ ရွာ စုစုပေါင်း ၂၁ ရွာ နှင့် မင်းတပ်မြို့အပါအ၀င် ပတ်ဝန်းကျင်ကျေးရွာ ၅ ရွာတို့သည်လည်း လျှပ်စစ်ဓာတ်အားရရှိကြမည်ဖြစ် သည်။

အလားတူ မတူပီ၊ ကန်ပက်လက်မြို့ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လည်း ကောင်း၊ ပလက်ဝ၊ တီးတိန်၊ တွန်းဇံ၊ ရိဒ်ခေါဒါရ်မြို့များ ဓာတ်အားလိုင်းရရှိရေးအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လည်းကောင်း စတင်အကောင်ထည်ဖော်သွားမည်ဟု လျှပ်စစ်ဝန်ကြီးကပြောသည်။

ဓာတ်အားစနစ်နှင့်အလှမ်းဝေးကွာသော ကျီခါး၊ ရေဇွာ၊ ဆမီးမြို့များကိုလည်း ဓာတ်အားစနစ်မရောက်ရှိနိုင်သေးမီ ဒီဇယ် ဓာတ်အားပေးစနစ်များဖြင့် လျှပ်စစ်မီးပေးထား မည်ဖြစ်ကြောင်း၊ အသေးစားရေအားလျှပ်စစ်စနစ် နှင့် ဆိုလာစနစ်များဖြင့် လည်း လျှပ်စစ်မီးရရှိနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်ဟု ၀န်ကြီးကဆက်ပြောသည်။

ယခုကဲ့သို့ ချင်းပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်းသည် ပြည်နယ်ငြိမ်းချမ်းရေး ရရှိနိုင်ခြင်း၏ အကျိုးကျေးဇူးများပင်ဖြစ်သည် ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

၂၆ နှစ်ကျော်ကြာ လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သည့် ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရသည် ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှ စပြီး ပဏာမ ငြိမ်းချမ်းရေးရယူထားကြသည်။

No comments: