Saturday, March 28, 2015

အာရှ လမ်းမကြီး ဖောက်လုပ်ရာတွင် ဘားအံ့နှင့် ကော့ကရိတ် မြို့နယ် တွင်းရှိ ရွာ (၁၇) ရွာ လမ်းစီမံကိန်း ဧရိယာထဲ ပါဝင်နေ

ရွှေဟင်္သာ

ကရင်ပြည်နယ်မှ ထိုင်းနယ်စပ် မြဝတီ မြို့သို့အရောက် ဖောက်လုပ် နေသည့် အာရှ လမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းတွင် ကရင်ပြည်နယ် တွင်းရှိ မြို့နယ် (၂) မြို့နယ်မှ ရွာ (၁၇) အား ဖြတ်သန်း ဖောက်လုပ်သွားရ သဖြင့် ဒေသခံများ၏ လူနေအိမ်နှင့် လယ်၊ ယာ၊ ခြံမြေ များအား ထိခိုက်မှု ရှိနေကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ စောဝေလေးက ရွှေဟင်္သာ သတင်းဌာနအား မတ်လ (၂၃) ရက်နေ့၌ ပြောကြား ခဲ့သည်။

“ရွာသားတွေက သူတို့ရဲ့ ပိုင်ဆိုင် နေတဲ့အိမ်၊ သူတို့ရဲ့ ဆိုင်တွေ၊ သူတို့ခြံတွေ၊ သူတို့ လယ်တွေ ပျက်စီး မှာကို သူတို့ စိုးရိမ်တယ်။ အခု သိရ သလောက် ကတော့ ရွာ (၁၇) ရွာနဲ့ မြို့တမြို့ပေါ့။ အဲဒီ လမ်းကြောင်း တလျှောက်မှာ အထူးသဖြင့် သူတို့အိမ်၊ သူတို့ခြံ၊ နောက်ပြီးတော့ သူတို့ ဈေးဆိုင်တွေ၊ လယ်ကွင်းတွေ သူတို့ ပိုင်ဆိုင်တဲ့ စည်းစိမ် ဥစ္စာတွေ ပျက်စီး သွားလို့ ရှိရင် သူတို့ရဲ့ အသက် မွေးဝမ်းကျောင်းတွေ ထိခိုက်နိုင်တယ်” ဟု စောဝေလေးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

အစိုးရ၏ လမ်းဖောက်လုပ်ရေး အဖွဲ့များ၏ တိုင်းတာ ထားချက်နှင့် လမ်းဧရိယာတိုင် စိုက်ထူထားချက် များအရ ဘားအံမြို့နယ် အိန္ဒုနှင့် ကော့ကရိတ် မြို့နယ်တွင်း ရွာပေါင်း (၁၇) ရွာမှ ဒေသခံ များ၏ အိမ်ခြံ၊ လယ်ယာမြေများမှာ လမ်းဖောက်လုပ်ရေး ဧရိယာ အတွင်း ပါဝင် နေခြင်းကြောင့် ထိုမြေများကို ဆုံးရှူံး ရမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိနေကြောင်း စောဝေလေးက ဆက်ပြောသည်။

ထိုကရင်ပြည်နယ်မှ ထိုင်း-မြန်မာ နယ်စပ် မြဝတီသို့ အရောက် အာရှ လမ်းမကြီးအား အာရှ ဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေဖြင့် တာဝန်ယူ ဖောက်လုပ် နေကာ မြဝတီမှ ကော့ကရိတ် အထိအား ထိုင်းနိုင်ငံမှာ တာဝန်ယူ ဖောက်လုပ်နေ၍ ၊ ကော့ကရိတ်မှ ဘားအံ အရောက်အား မြန်မာ အစိုးရမှ တာဝန်ယူ ဖောက်လုပ်လျက် ရှိသည်။

ထိုင်းနိုင်ငံမှ တာဝန်ယူ ဖောက်လုပ်သည့် လမ်းအပိုင်း၌ ကျရောက်နေသည့် မြေများ လျော်ကြး ပေးအပ်ရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် အစောပိုင်းလ၌ တာဝန်ရှိသူ များက CSOs.KPSN (Karen Peace Support Network) မှ တာဝန်ရှိသူ များနှင့် လာရောက် တွေ့ဆုံကာ အကောင်းဆုံး ဖြစ်အောင် စီစဉ် ပေးမည်ဟု ရှင်းလင်း ပြောကြား သွားခဲ့သည်။

သို့သော်လည်း အစိုးရမှ တာဝန်ယူ ထားသည့် လမ်းအပိုင်း၌ ထိုကဲ့သို့ လာရောက် ဆွေးနွေး တင်ပြမှု မရှိပဲ ၊ လမ်းဧရိယာ သတ်မှတ်ကာ တိုင်များ စိုက်ထူ နေသည်ဟု စောဝေလေးက ဆက်ပြောသည်။

“အစိုးရဘက်ခြမ်းမှာကျတော့ အခု လောလောဆယ် အထိ ဘယ်လို လုပ်ဆောင် ပေးမလဲဆိုတာ ကောင်းကောင်းမွန်မွန် အဲလို ပြောထားတာ မရှိသေးဘူး။ သူတို့ အဖွဲ့တဖွဲ့က လာတယ်။ တိုင်းတယ်။ တိုင်တွေ လာစိုက်တယ်။ ရွာသားတွေမေးတော့ သူတို့ပြောတယ်။ အထက်ကအမိန့် သူတို့ လုပ်နေ ရတယ်တဲ့။ အထ က်ကအမိန့်ဆိုတာ အထက်က အမိန့်ခိုင်းတဲ့ အတိုင်း သူတို့ လုပ်တယ်။ ရွာသူ ရွာသားတွေ အတွက် ခြိမ်းခြောက်မှု တစုံတရာ ရှိတယ်လေ” စောဝေလေးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

အာရှလမ်းမကြီး လမ်းဧရိယာ အတွင်း ပါဝင်နေသည့် အိမ်ယာ ဆိုင်တွေ ပြောင်းရွှေ့ ရမည့် အနေအထား ရှိနေသော်လည်း ယနေ့ အထိ အစိုးရ အာဏာပိုင် အဖွဲ့အစည်း များမှ လာရောက် အသိပေး အကြောင်းကြားခြင်း မရှိသေးကြောင်း ကျုံဒိုးမြို့မှ ကျောင်းဆရာ တဦးက ရွှေဟင်္သာ သတင်းဌာနအား ပြောသည်။

“ဆောက်မယ့်လမ်း အဲဒီနေရာ သူတို့ သတ်မှတ်ထား တာတွေတော့ ချထား ပြီးပြီ။ လမ်းဘေးက ဆိုင်တွေ၊ အိမ်တွေ ကျတော့ ပြောင်းရမှာ သေချာတယ်။ ဒါပေမယ့် အစိုးရဘက်က လာပြီးတော့ အသိပေး တာတို့၊ အကြောင်းကြား တာတို့ ဘာမှ မရှိသေးဘူး။ အစိုးရက လာဆောက် မယ်လို့ သူတို့ သိတယ်။ သူတို့မြေတွေ၊ သူတို့လယ်တွေ၊ သူတို့အိမ်တွေကတော့ ပြန်ပေးမယ်။ ပြန်ပေးတဲ့ ဟာက ဘာမှ မကြားသိ ရသေးဘူးပေါ့” ဟု ၎င်းကျောင်းဆရာက ဆိုသည်။

၎င်းအာရှ လမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်း အလားတူ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်တွင်းရှိ လောင်းကိုင်နှင့် ထီဟူးသန် အထိ ဖောက်လုပ်နေသည့် လမ်းတလျှောက်၌လည်း ဒေသခံ များ၏ ခြံမြေ၊ လယ်ယာမြေ များကို လျော်ကြေး မပေးပဲ ဖျက်ဆီး ဖောက်လုပ် ခဲ့ကြောင်း ကရင် လူ့အခွင့် အရေး အဖွဲ့ KHRG အဖွဲ့မှ မတ်လ (၂၂) ရက်စွဲဖြင့် အစီရင်ခံစာ တစ်စောင် ထုတ်ပြန် ခဲ့ပါသည်။

ကရင် လူ့အခွင့်အရေး အဖွဲ့ များ၏ စစ်တမ်း ကောက်ယူချက် များအရ ၂၀၁၂ ခုနှစ် အတွင်း ဒေသဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း များအား ဖော်ဆောင် ခဲ့ရာတွင် နေရာပေါင်း (၃၄) နေရာ၌ မြေယာသိမ်းဆည်းမှုများ ဖြစ်ပွား ခဲ့ကြောင်း စောဝေလေးက ပြောသည်။

ထို့ပြင် လယ်ယာမြေ သိမ်းဆည်းမှု ပြဿနာ များအား ဖြေရှင်း ပေးရေး အတွက် တွေနဲ့ပက်သက်ပြီး ပြီးခဲ့သည့် မတ်လ (၂၁) ရက်နေ့ စနေနေ့၌ ၈၈ ကရင် မျိုးဆက် ကျောင်းသား အစည်းအရုံး အပါအဝင် ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းမှ လယ်သမား အကျိုးဆောင် ကွန်ယက်မှ ဦးဆောင်၍ လယ်သမား၊ သံဃာတော်များနှင့် ဒေသခံများ ပူးပေါင်း၍ ဘားအံ မြို့၌ ချီတက် ဆန္ဒပြ ခဲ့ရာ တွင်လည်း သံဃာတော်နှစ်ပါးနှင့် လူ (၁၁) ဦးကို အာဏာပိုင် များက ဖမ်းဆီး ထားပြီး ပုဒ်မ (၁၈) ဖြင့် တရားစွဲဆို ထားပါသည်။

မြန်မာနိုင်ငံ တွင်းရှိ လူမှု၊ စီးပွား ကဏ္ဍများနှင့် အခြား ဒေသ ဖွံ့ဖြိုးရေး ဆိုင်ရာ ကဏ္ဍများ၌ အသုံးပြုရန် အတွက် ပြီးခဲ့သည့် ၂၀၁၃ နှစ်ဆန်း ပိုင်း၌ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB နှင့် ကမ္ဘာ့ဘဏ် တို့မှ ချေးငွေများ ခွင့်ပြု ခဲ့ရာ၌လည်း မြန်မာနိုင်ငံသည် အာရှ ဖွံ့ဖြိုးရေးဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၅၀၀) ကျော် ချေးယူ ခဲ့ပါသည်။

No comments: