Wednesday, November 16, 2016

ငလျင်လှုပ်ရင် ရန်ကုန် ပြိုမယ်

တင်ထက်ပိုင်


မြန်မာနိုင်ငံ မြေငလျင်ကော်မတီကို ၁၉၉၉ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကော်မတီသည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အတိတ်ငလျင်များ၊ သက်ရှင်ပြတ်ရွေ့များနှင့် ပတ်သက်ပြီး သုတေသနများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင် (ယခုနှစ် သြဂုတ်လအတွင်းက ပုဂံတွင်လှုပ်ခဲ့သော ၆.၈ မဂ္ဂနီကျုရှိ ငလျင်အပါအဝင်) ပြင်းထန်သော ငလျင်အချို့ ရှိမလာမီအချိန်အထိ မြေငလျင်ကော်မတီ၏ ပညာရှင်များနှင့် သုတေသနများ၏ အခန်းကဏ္ဍကို အာဏာပိုင်များနှင့် ပြည်သူများက သတိမပြုမိခဲ့ပါ။

ဘူမိဗေဒဆိုင်ရာ ပညာရှင်များနှင့် သုတေသီ ရ ဦး ဦးဆောင်သည့် ကော်မတီက မြန်မာနိုင်ငံအတွက် ငလျင်အန္တရာယ်ပြ မြေပုံများကို ထုတ်ဝေခဲ့သည်။ နောက်ဆုံးထုတ်ဝေခဲ့သည်မှာ မြန်မာနိုင်ငံမှလူဦးရေ အထူထပ်ဆုံး ဖြစ်သည့် ရန်ကုန်မြို့ အတွက် ဖြစ်သည်။

မြန်မာနိုင်ငံ၏ အလယ်ပိုင်းဒေသများသည် ငလျင်ဒဏ် ကြုံတွေ့ရနိုင်သည့် ဒေသများဖြစ်ပြီး အဓိကအားဖြင့် စစ်ကိုင်း ပြတ်ရွေ့ကြောင့် ဖြစ်သည်။ ၁၂၀၀ ကီလိုမီတာ ရှည်လျားသည့် ပြတ်ရွေ့က မြန်မာနိုင်ငံ မြောက်ပိုင်းမှ တောင်ပိုင်းအထိ သွယ်တန်း ထားပြီး မုတ္တမပင်လယ်ကွေ့ အတွင်းသို့ ၀င်ရောက်မသွားမီတွင် မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများကို ဖြတ်သန်း သွားသည်။ ယခုနှစ်အတွင်း ပုဂံတွင်လှုပ်ခဲ့သော ငလျင်အပြင် သမိုင်းမှတ်တမ်းများအရ ရန်ကုန်မြို့နှင့် မိုင် ၅၀ အကွာရှိ ပဲခူးတွင် ၁၉၃၀ ခုနှစ်က ရ.၃ မက်ဂနီကျု့ရှိသည့် ကြီးမားသော ငလျင်နှင့် ရင်ဆိုင်ခဲ့ရသည်။ ပဲခူးငလျင်ကြောင့် လူ ၅၀၀ ကျော် သေဆုံး ခဲ့ရသည်။

ဘူမိဗေဒဆိုင်ရာ သုတေသနများအရ ပြတ်ရွေ့လမ်းကြောင်းတွင် အင်အားပြင်းထန်သည့် ငလျင်တခုက နှစ်ပေါင်း ၈၀ မှ ၁၁၀ အတွင်းတွင် နောက်တကြိမ် ပြန်လှုပ်လေ့ရှိကြောင်းသိရသည်။ ဧရာဝတီ သတင်းဌာန၏ သတင်းထောက် တင်ထက်ပိုင် က မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ အတွင်းရေးမှူး ၃ ဦး အနက် တဦးဖြစ်သည့် ဦးသူရအောင် နှင့် တွေ့ဆုံပြီးရန်ကုန်မြို့နှင့် ငလျင်အန္တရာယ်များ အကြောင်း မေးမြန်းခဲ့ပါသည်။

မေး။ ။ ပထမဆုံး မြန်မာနိုင်ငံ ငလျင်ကော်မတီက ဘယ်လို သုတေသနမျိုးတွေ ပြုလုပ်ခဲ့ပါလဲဆိုတာ အကျဉ်း ပြောပြပေးပါ။

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ငလျင်ရပ်ဝန်းပြ မြေပုံကို စပြီးတော့ ဆွဲတယ်။ Seismic Zone Map of Myanmar ဆိုပြီးတော့။ အဲဒါက ၂၀၀၃ မှာ အကြမ်းထွက်ပြီး ၂၀၀၅ မှာ revised version ထွက်တယ်။ ၂၀၀၄ တို့ ဘာတို့မှာ ဆူနာမီ ဖြစ်တော့ ကမ်းရိုးတန်းဒေသတွေမှာ သွားပြီး ကွင်းဆင်းလေ့လာတာတွေ လုပ်တယ်။ အဲဒီမှာ စပြီးတော့ အဓိက မြန်မာပြည်ရဲ့ သက်ရှင် အတိတ်ငလျင်နဲ့ ဆိုင်တဲ့ဟာကို စပြီး လေ့လာဖြစ်တာ။ အတိတ်ငလျင်ကို တစိုက်မတ်မတ် သုတေသနတွေ လုပ်တယ်။ အထူးသဖြင့်တော့ စစ်ကိုင်းပြတ်ရွေ့မှာ။ ပြီးတော့ ကမ်းရိုးတန်းတောက်လျှောက်မှာ ဆူနာမီတွေ ဘာတွေ ဖြစ်တဲ့ဟာကို လေ့လာတယ်။ ဒီကြားထဲမှာတော့ သက်ရှင်ပြတ်ရွေ့နဲ့ အတိတ်ငလျင်ဆိုင်ရာ သုတေသနတွေကိုပဲ မြန်မာနိုင်ငံ ငလျင်ကော်မတီက ဦးစားပေး လေ့လာတာ များတယ်။ နောက်ပိုင်းမှာ PSHA Map ပေါ့၊ Probabilistic Seismic Hazard Analysis Map ကို ၂၀၁၂ မှာ မြန်မာနိုင်ငံရဲ့ PSHA ထွက်တယ်။ ၂၀၁၁ နောက်ပိုင်းမှာ GPS တွေ တပ်တယ်။ စစ်ကိုင်း ပြတ်ရွေ့ရဲ့ တဖက်တချက်မှာရှိတဲ့ မြေထုမြေချပ်တွေရဲ့ ရွေ့လျားမှုနှုန်းကို သိချင်လို့၊ အဲဒီရွေ့လျားမှုနှုန်းကို သိတဲ့အခါ ဖြစ်လာနိုင်တဲ့ ငလျင်တွေကို ခန့်မှန်းတွက်ချက်လို့ရတယ်။

မေး။ ။ ကော်မတီက လုပ်ခဲ့တဲ့ သုတေသနတွေထဲမှာ ရန်ကုန်နဲ့ ပတ်သက်တဲ့ သုတေသနတွေဆိုရင် ဘာတွေရှိမလဲ။

ဖြေ။ ။ ရန်ကုန်နဲ့ ပတ်သက်ပြီး လက်ရှိ လုပ်ထားခဲ့တာတွေက ရန်ကုန်မြို့ရဲ့ Hazard Assessment ပေါ့။ သဘာဝ ဘေးဆန်းစစ်မှု အစီရင်ခံစာကို UN Habitat နဲ့ ပေါင်းပြီး လုပ်တယ်။ နောက်တခုက ရန်ကုန်မှာ GGS Project လို့ခေါ်တဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်မှုက တဆင့် မြို့ပြသဘာဝဘေးအန္တရာယ် ခုခံတွန်းလှန်နိုင်စွမ်းရည် မြင့်မားတိုးတက်ခြင်း ဆိုတဲ့ ပရောဂျက် ရှိတယ်။ အဲဒီဟာက သုံးနှစ်ပရောဂျက် ၂၀၁၅ ဒီဇင်ဘာလောက်က စလုပ်တယ်။

နောက်ဆက်လုပ်မယ့် ပရောဂျက်က ရန်ကုန်မြို့နဲ့ ပတ်သက်တဲ့ Risk Assessment အထူးသဖြင့် အဆောက်အဦတွေပေါ့။ အဆောက်အဦတွေကို တတ်နိုင်သမျှ မြို့နယ် ၂ မြို့နယ်လောက်ကို Pilot အနေနဲ့ လုပ်ပြီးတော့ ဒီအဆောက်အဦတွေကို Stock ပေါ့၊ အဆာက်အဦတွေနဲ့ ပတ်သက်တဲ့ ကြံ့ခိုင်မှုကိုကောက်ပြီး Platform တခု၊ Risk နဲ့ ပတ်သက်ရင် ဘေးအန္တရာယ် ကျရောက်လာရင် ဘယ်လိုလုပ်မလဲဆိုတဲ့ Model တခု ထူထောင်မယ်။ ဒေတာတွေ အများကြီး လိုတယ်။ ၂ နှစ်လောက် ကောက်ယူရမယ်။ ၂၀၁၇ လောက်အထိ ဒီဒေတာတွေ ကောက်ယူပြီး ခွဲခြမ်းစိတ်ဖြာရမယ်။ နောက် processing ဘာညာ လုပ်ပြီးတော့ နောက်ဆုံး သင့်တော်တဲ့ ဒီနိုင်ငံနဲ့ ကိုက်ညီတဲ့ model တခု ထွက်လာအောင် လုပ်ရမယ်။

မေး။ ။ နောက်ဆုံးလုပ်ခဲ့တဲ့ research က ဘာဖြစ်မလဲ။

ဖြေ။ ။ ရန်ကုန်နဲ့ ပတ်သက်တာ ဆိုရင်တော့ hazard assessment ပဲ။

မေး။ ။ ရန်ကုန်မြို့ရဲ့ မြေသားအနေအထားနဲ့ ငလျင်ဖြစ်ရင် ဘယ်လိုနေရာတွေကအန္တရာယ်များမလဲဆိုုတာ ပြောပြပေးနိုင်မလား။

ဖြေ။ ။ အကြမ်းဖျင်းဆိုရင်တော့ တော်တော်များများက ရန်ကုန် အရှေ့ပိုင်းက မြို့နယ်တွေ၊ လှိုင်မြစ်နဲ့ ကပ်တဲ့ မြို့နယ်တွေရယ် မြစ်ကမ်းနဲ့ ကပ်ပြီး အရင်ကတည်းကလဲ သူက နုန်းတင်မြေနုကနေ မြေပို့ချပြီးတော့ တဖြည်းဖြည်းနဲ့ ဘူမိသဘောအရ ရပ်ကွက်တွေ မြို့တွေ တည်တဲ့ သဘောပေါ့။ ဥပမာ ကြည့်မြင်တိုင်ရဲ့ ဒီဘက် အပိုင်းလေးတွေက မြေပျော့တဲ့ အပိုင်းလေးတွေ ရှိတယ်။ မြို့တွင်းဆိုရင်လည်း သူနဲ့ ကပ်တဲ့ လသာ၊ ပန်းဘဲတန်း တောက်လျှောက် အကုန်လုံးပေါ့။ အဲဒီနေရာတွေက မြေပျော့တဲ့ အပိုင်းလေးတွေ ရှိတယ်။ အောက်ခံကျောက်သားကလည်း ဝေးတယ်။ အရှေ့ဘက် ကြည့်မယ်ဆိုရင်လည်း တောင်ဥက္ကလာရဲ့ အရှေ့ဘက်ပိုင်း၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံ ဆိုတာက အရင်ကတည်းက လယ်မြေတွေဆိုတော့ မြေသားပျော့တဲ့ အတွက် ငလျင်လှိုင်းလာရင် ပိုပြီးတော့ခံရမယ်။ ရန်ကုန်မြို့ အလယ်ခေါင်မှာ အောက်ခံ ကျောက်သား ရှိတဲ့ နေရာတွေဆိုရင် ရွှေတိဂုံကုန်းတော်ဆိုရင် သိသာတယ်။ ဗဟန်းမြို့နယ်နဲ့ စမ်းချောင်းရဲ့ တချို့ အပိုင်းလေးတွေ၊ မင်္ဂလာဒုံ မြို့နယ်က တော်တော်များ များနေရာတွေဆိုရင် အောက်ခံကျောက်သား နီးနီးကပ်ကပ် ရှိတဲ့ အခါကျတော့ ငလျင်ဒဏ်ကို ပိုပြီး ခံနိုင်ရည် ရှိတယ်။ သန်လျင်ဆိုရင် တကယ့်ကျောက်သား ကုန်းရိုးပေါ်မှာ တည်ထားတာဆိုတော့။

မေး။ ။ ဒီအနေအထားတွေနဲ့ ပတ်သက်ပြီး မြို့နေလူထုနဲ့ အာဏာပိုင်တွေက သိရဲ့လား။

ဖြေ။ ။ ဒီဟာက ၂၀၁၅ ဒီဇင်ဘာမှာထွက်တာ၊ ထွက်တာကလည်း တော်တော်များများ မသိကြသေးဘူး။ Launch မလုပ်ရသေးဘူး။ နောက်ဆုံး ထွက်ထားတဲ့ map ကိုတော့ တော်တော်များများ မသိကြသေးဘူး။ အရင် ၂၀၁၂ က ပုံကတော့ တော်တော်များများ သိကြပြီ။ အခုဟာကတော့ ပြန်ပြီး revised လုပ်ထားတဲ့ အတွက် ကောင်းမွန် ပြည့်စုံတဲ့ ပုံဖြစ်တယ်။

မေး။ ။ ရန်ကုန်မှာ ငလျင်လှုပ်ပြီဆိုရင် Emergency Response အတွက် မရှိမဖြစ် ရှိရမယ့် ဟာတွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ ငလျင်အတွက်ပဲ ပြောမယ်ဆိုရင် emergency ဖြစ်လာပြီဆိုရင် စုဝေးနိုင်တဲ့ သတ်မှတ်ထားတဲ့ နေရာ အဓိက ပထမဦးဆုံးလိုတယ်။ ဘေးအန္တရယ်ဖြစ်လာပြီဆိုရင် ပထမအဆင့် အနေနဲ့က ငလျင်လှုပ်ရင် မည်သို့နေထိုင်ပါ။ တြိဂံလို နေရာမျိုးမှာ နေပါ ဆိုတာမျိုးတွေ မပြောတော့ဘူး။ ဒါက တယောက်ချင်းစီက aware ဖြစ်ပြီးတော့ လုပ်ရမှာတွေ။ အဓိကလိုမှာက ငလျင်လှုပ်တဲ့ အခါ ဘေးအန္တရယ် ရှိတဲ့လူလည်း ရှိသလို မရှိတဲ့ သူကျတော့လည်း ပြိုပျက်သွားရင် ဒီလူတွေအတွက် ပထမဦးဆုံးက နေရာပဲ။သတ်မှတ်ထားတဲ့နေရာ၊ စုရပ်ပေါ့။ စုရပ်ဆိုတာ အဆောက်အဦပေါ့။ ဒီတိုင်းလည်း မဟုတ်ဘူး။ သူတို့အတွက် လုံခြံု စိတ်ချရမယ့် နေရာ။

ငလျင်လှုပ်ပြီဆိုရင် ချက်ချင်းတော့ အဲဒီနေရာကို မရောက်ဘူး။ ကိုယ့်ဘာသာ မိမိရောက်နေတဲ့ နေရာမှာပဲ တတ်နိုင်သလောက် ဘေးအန္တရာယ်ကင်းအောင် နေပြီးတော့မှ သွားစုရမယ့်နေရာမျိုးပေါ့။ ငလျင်က အရမ်းမြန်တယ်လေ။ စုရပ်နဲ့ ကိုယ်နဲ့က ၁ ကီလိုလောက် ဝေးတယ်ဆိုရင်လည်း မဖြစ်နိုင်ဘူး။ ဆိုလိုတာက ဒီ disaster ဖြစ်ပြီးတဲ့ အချိန်မှာ အရေးပေါ် ကယ်ဆယ်ရေးကာလမှာ လိုအပ်တာကို ပြော တာ။ ငလျင် လှုပ်နေစဉ်နဲ့ လှုပ်ပြီးကာလမှာကတော့ တဦးတယောက်နဲ့ ဆိုင်တဲ့ လုပ်ဆောင်ရမယ့် အရာတွေပဲ ရှိမယ်။

မေး။ ။ အဲဒီလို စုရပ်ကရော ရန်ကုန်မှာ ရှိပြီလား။

ဖြေ။ ။ အခုကြည့်သလောက်တော့ ဒီလိုမျိုး အစီအမံတွေ ဘာတွေမရှိဘူး။ ရန်ကုန်မှာ ဆိုရင်လည်း မရှိဘူး။ ကျနော်တို့ တခုခုဖြစ်တယ်။ မီးလောင်မယ်၊ ရေကြီးမယ်၊ မုန်တိုင်းလာမယ် ဘယ်နေရာကို သွားပါ ဆိုတာ မရှိဘူး။ Plan လည်း မရှိဘူး။ တိုင်းအဆင့်မှာလည်း မရှိဘူး။ ဒီလိုမျိုး စုရပ်အတွက်ကို လူတွေ သွားပြီး စုနေလို့ ရတာကိုပဲ မြင်လို့မရဘူး။ စုရပ်မှာ ဘာရှိရမလဲ ဆိုတော့ သဘာဝဘေး အန္တရာယ် အတွက် ခိုလှုံရာ စု ရပ်ဆိုတာက အားလုံးအတွက် အထိုက်အလျောက် လုံခြံုတဲ့ အဆောက်အဦ ရှိသင့်တယ်။ အဲဒီမှာ ဒီမြို့နယ် ဒါမှမဟုတ် ဒီရပ်ကွက် ၅ ခုစာအတွက် စုရပ်ဆိုရင် လူဦးရေ ဘယ်လောက် အတွက် ယာယီအခိုက်အတန့် ၁ ရက်သော်လည်းကောင်း ၂ ရက်သော်လည်းကောင်း ရိက္ခာ ဆေးဝါး စသည်အားဖြင့် အဲဒါမျိုးတွေ ထားရှိရမယ်။ ဒီအတွက်လည်း ဌာနဆိုင်ရာတွေမှာ ဒီအတွက် ပစ္စည်းတွေရော၊ ကျွမ်းကျင်ဝန်ထမ်းတွေရော ရှိရမယ်။ ပြောရင်တော့ အများကြီးပဲ။ လိုအပ်တာတွေ အများကြီးကိုး။

မေး။ ။ အဲဒီလို စုရပ်လုပ်လို့ရတဲ့ နေရာမျိုးတွေက ဘယ်လိုနေရာမျိုးတွေ ဖြစ်မလဲ။

ဖြေ။ ။ စုရပ်လုပ်လို့ရတဲ့ နေရာမျိုးတွေက ဘယ်လိုနေရာမျိုးတွေလဲဆိုရင် အမှန်တကယ်ကတော့ တချို့ နိုင်ငံတွေ တော်တော် များများမှာက သဘာဝဘေးအန္တရယ်ကျရောက်လာရင် ချက်ချင်းသွားပြီး နေဖို့ အတွက် စုရပ် အဆောက်အဦအတွက် သူတို့က ဒီဟာကြီးပဲ သီးသန့် မဆောက်ဘူး။ မဆောက်ဘူးဆိုတာက ရည်ရွယ်ချက် ဒီတခုထဲအတွက် မဆောက်ဘဲ တခြားအချိန်မှာ ဒါကြီးက ဘာမှ မသုံးမဝင်ဘဲ မရှိဘူး။

ဥပမာ တချို့က ဘုရားကျောင်းလိုဟာမျိုး ဒီဟာကိုလည်း Earthquake resistance ဒီဇိုင်းတွေနဲ့ ဆောက်ထားတာမျိုး တချို့ဆိုရင် ဒီ အားကစားရုံကြီးတွေကို Shelter ပေါ့။ စုရပ်ဆိုတာ Shelter ပဲ။ အဲဒီလိုမျိုး ဘက်စုံသုံးလို့ရအောင် Emergency response အတွက်လည်း Shelter အနေနဲ့ သုံးလို့ရမယ်။ တခြား အချိန်မှာလည်း ဘာသာရေး အတွက်သော်လည်းကောင်း လူမှုရေး ဘာညာ သုံးလို့ရတာမျိုးတွေ ရှိမှာပေါ့။ တခုရှိတာက တခြား သဘာဝဘေးအန္တရယ် အတွက်က အိုကေတယ်။ အဆင်ပြေတယ်။ ဒါပေမယ့် ငလျင်လို ဟာမျိုးကျတော့ ဒီ ရှိပြီးသားတွေကရော resistant ဖြစ်ရဲ့လား၊ အဲဒါကလည်း စဉ်းစားစရာ ရှိတယ်လေ။ အရင်ကတည်းကိုက ဒီ earthquake risk အတွက် စဉ်းစားပြီး ဆောက်ထားတဲ့ နေရာမျိုးတွေ ဖြစ်ရမယ်။ တော်ကြာ အစုလိုက် အပြုံလိုက် အထဲမှာ ဒုက္ခရောက်တာမျိုး ဖြစ်သွားနိုင်တယ်။

မေး။ ။ ရန်ကုန်မှာ ဘယ်လို အဆောက်အဦတွေက ငလျင်အတွက် အန္တရာယ်ပိုများသလဲ။

ဖြေ။ ။ အကြမ်းဖျင်းပြောရရင်တော့ Building Code အတိုင်း မဆောက်ထားတဲ့ အဆောက်အဦပေါ့။

မေး။ ။Building Code အတိုင်း မဆောက်ထားတဲ့ အဆောက်အဦ ဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ။ ။ Building Code အတိုင်း မဆောက်ဘူးဆိုတာ ပညာရပ်ပိုင်း အရမ်းဆိုင်သွားပြီ။

မေး။ ။ (ငလျင်ပညာရှင်တယောက်အနေနဲ့) အပြင်မျက်လုံးနဲ့ ကြည့်ပြီး သာမန်လူတွေ နားလည်အောင် ယေဘုယျ ပြောပြပေးလို့ ရမလား။

ဖြေ။ ။ အပြင် မျက်လုံးနဲ့ ကြည့်ပြီး ယေဘုယျပြောမယ်ဆိုရင် structure တွေ အနေနဲ့ကတော့ ဥပမာ တစ်အချက် Brick-nogging အဆောက်အဦတွေ၊ အုတ်ညှပ်ပေါ့။ သစ်သားနဲ့ အုတ်နဲ့ တွဲဆောက်ထားတာ၊ ဒါကတော့ အန္တရာယ် အရှိဆုံး အဆောက်အဦပဲ။ တော်တော်များများလည်းတွေ့နေရတယ်။ သစ်သားတိုင်တွေကြားထဲမှာ အုတ်စီထားတာ၊ အဲဒါ Brick-nogging ပဲ။ ငလျင်လှုပ်ပြီဆိုရင် သူရဲ့ သစ်သားနဲ့ အုတ်နဲ့ တွဲဆက်မှုက တကယ်တော့ သီးခြားပဲ။

လူတွေကဆက်တယ်ထင်ပေမယ့် တကယ်တော့ မဆက်ဘူး။ မဆက်ဘဲနဲ့ အုတ်တွေက အချပ်လိုက် ပြိုကျတာ။ (ငလျင်) လှိုင်း အသင့်အတင့်လေး လာရင်တောင် ဒီ structure တွေက ပိုဆိုးတယ်။ အဲဒီလို နေရာမျိုးတွေမှာ စုနေတဲ့ သူတွေက ပိုထိခိုက်နိုင်ခြေများတယ်။ သစ်သားနဲ့ အုတ်နဲ့က အင်္ဂတေနဲ့ တွဲထားတာ။ တကယ်ကို တွဲဆက်မှုမရှိဘူး။ လူတွေက အပြင်ပန်းသာတွဲတယ် ထင်နေတာ။ ဒီလို လှုပ်လိုက်ရင် သူက မတွဲတော့ဘူး။

RC ဆိုတာမျိုးကတော့ သံချောင်းတွေ ဘာတွေလည်းပါတဲ့ အတွက် စံချိန် စံညွှန်း မှီမှီဆောက်ထားရင် သူ့ ဖာသာသူ ခံနိုင်မယ်။ သစ်သား အိမ်တို့ ဝါးအိမ်တို့ အဲဒါမျိုးတွေ ကျတော့လည်း တုန်ဒဏ်ကြောင့် ငလျင်ဒဏ်ကြောင့် ပြိုတာလဲတာ ရှိပေမယ့် အသက် အန္တရယ် ထိခိုက်လောက်တဲ့ အထိ ဖြစ်မှာ မဟုတ်ဘူး။ ဝါးအိမ်ဆိုပေါ့ပေါ့လေးလေ။ ကိုယ့်ပေါ်ကို ပိမယ့်ဟာက ပေါ့တယ်။ ငလျင်ဘက်ကကြည့်မယ်ဆိုရင် အန္တရာယ် အရှိဆုံး အဆောက်အဦးတွေဆိုတာ အုတ်ညှပ် အဆောက်အဦးတွေပဲ။

RC မှာခွဲခြားမယ်ဆိုရင် ယေဘုယျဆိုရင် Dimension အရ ရှည်ရှည်သွယ်သွယ် အဆောက်အဦးတွေက အန္တရာယ်ရှိတယ်။ စတုရန်း ပုံစံဆိုရင် ပိုကောင်းတယ်။ အရမ်းပိန်ရှည်ရှည် အကြမ်းဖျင်းပြောရရင် (၂၀x၆၀) နဲ့ (၄၀x၆၀) ကို အထပ်တူတူ ဖောင်ဒေးရှင်းတူတူ ဆောက်ထားမယ်ဆိုရင် (၄၀x၆၀) က ပိုပြီး နည်းနည်းခံနိုင် တယ်။ ဒီသဘောပါ။ဒါက ယေဘုယျ ပြောတာပါ။

မေး။ ။ YCDC က ကော်မတီရဲ့ သုတေသနတွေကို ပြန်အသုံးချတာမျိုး ရှိသလား။

ဖြေ။ ။ ၂၀၁၅ လောက်က စတာပေါ့။ အရင်တုန်းကတော့ မရှိဘူးလို့ ပြောရမှာပေါ့။ သုတေသနကလည်း အများကြီးမှ မလုပ်နိုင်တာ။

မေး။ ။ အစိုးရဘက်က ပညာရှင်တွေအပေါ် အလေးထားမှုက ဘယ်လိုအနေအထားရှိလဲ။

ဖြေ။ ။ အခုကတော့ အလေးထားတယ်ပြောရမှာပေါ့။ အခုလက်ရှိ ဒီနှစ်ပိုင်းတွေ အခြေအနေမှာ ဒီအစိုးရနဲ့ ပြီးခဲ့တဲ့ အစိုးရတွေ မှာရော မတူတော့ဘူး။ ဒါက သဘာဝဘေးအန္တရယ် သမိုင်းကို ပြန်ပြောရမယ့် သဘောဖြစ်နေတယ်။ နဂိုက ပြည်သူလူထုမှာလည်း awareness မရှိခဲ့ဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလတခု၊ နှစ်ခုမှာ ဒီလိုမျိုး ဖြစ်လာမယ်ဆိုတာ ဘယ်သိခဲ့မလဲ။

၂၀၀၈ (နာဂစ်) ပြီးတဲ့ အချိန်တွေမှာ သဘာဝဘေးအန္တရယ် နည်းနည်းလေး ဂရုစိုက်လာတာပေါ့။ ဒီမိုကရေစီ အစိုးရ လက်ထက်မှာလည်း အများပြည်သူ သတိထားမိလောက်အောင် ငလျင်တွေ လှုပ်ခဲ့တာ ရှိတယ်။ အဲဒီနောက်မှာ လူတွေက တော်တော်များများ aware ဖြစ်လာတယ်။ Social Network တွေကြောင့်လည်း ပါတာပေါ့။ မှန်ချင်လည်းမှန်မယ် မှားချင်လည်း မှားမယ်။ ဒါပေမယ့် လူတွေက ကြောက်လာကြတယ်။ သိလာကြတယ်။

အဲဒီနောက်ပိုင်းမှာ သဘာဝဘေးအန္တရယ်နဲ့ ပတ်သက်ပြီး လုပ်တဲ့ အဖွဲ့အစည်းတွေကို အသိအမှတ်ပြုလာကြ တယ်။ အစိုးရက စပြီးတော့ အခုနောက်ပိုင်းမှာတော့ (၂၀၁၂-၁၃) တော်တော်လေးကို အသိအမှတ်ပြုပြီးတော့ လေးလေးစားစားနဲ့ ကျနော်တို့ အဖွဲ့အစည်း တခုတည်းမဟုတ်ပါဘူး။ တခြား သဘာဝ ဘေးအန္တရယ် အဖွဲ့ အစည်းတွေကိုလည်း အလေးပေးလာကြတယ်။

မေး။ ။ ရန်ကုန်မြို့နေ ပြည်သူလူထုကို ငလျင်နဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ။ ။ အခုလက်ရှိ ရန်ကုန်မြို့ပြဖွံ့ဖြိုးမှု၊ လူဦးရေ အနေအထားနဲ့ အဆောက်အဦတွေနဲ့ ဆိုရင် ငလျင် ဖြစ်လာမယ်ဆို ပျက်စီးနိုင်ခြေက တော်တော်များသွားပြီ။ လူဦးရေက ၄၊ ၅ ဆလောက် ဖြစ်သွားပြီ။ ငလျင်လှုပ်ပြီဆိုရင် မတွေးရဲစရာပဲ။ အထိအခိုက် ဆုံးရှုံးမှုများမှာ။ ဘာဖြစ်လို့လဲ ဆိုရင် အရင်ခေတ် ကာလ က စီမံခန့်ခွဲမှု မကောင်းမွန်ခဲ့တာတွေရော ပြည်သူ လူထုတွေအနေနဲ့ ဒါကို လိုက်နာရကောင်းမှန်း မသိတာ တွေရော အထူးသဖြင့်တော့ အဆောက်အဦတွေပေါ့။

အဆောက်အဦတွေက ပွင့်ပွင့်လင်းလင်းပြောရရင် non-engineered building ပေါ့။ အင်ဂျင်နီယာတွေ ပညာရှင်တွေ ဆောက်ထားတာ မဟုတ်တဲ့ ဟာတွေ များတယ်။ ဒါကတော့ မြို့ကို ခြုံပြီး ပြောတာပေါ့။လူဦးရေ သိပ်သည်းဆလဲ ပါတာပေါ့။ အဲဒါကြောင့် ထိခိုက်နိုင်ခြေ ပိုများတာပေါ့။

ကြီးမားတဲ့ ငလျင် ပမာဏနဲ့ ရန်ကုန်မြို့ကို ခြိမ်းခြောက်နိုင်တဲ့ ပြတ်ရွေ့၊ သက်ရှင် ပြတ်ရွေ့ ကတော့ စစ်ကိုင်း ပြတ်ရွေ့ပဲ။ ဒီဟာကလည်း သမိုင်းတလျှောက်မှာ လွန်ခဲ့တဲ့ လှုပ်ခဲ့တဲ့ အထောက် အထားတွေကလည်း ရှိတယ်။ ရှိတယ်ဆိုတော့ မြို့နေလူထု အနေနဲ့ ဘာတွေ ပြင်ဆင်ထားဖို့ လိုမလဲဆိုရင်မိမိနေထိုင်တဲ့ အဆောက်အဦးက ခံနိုင်ရည် ရှိရဲ့လား မရှိဘူးလား ဆိုတာ မိမိ အသိဆုံးပဲ။ ကိုယ်နေတဲ့ အဆောက် အဦးက ငလျင်လှုပ်ရင် ဘယ်ရွေ့ ဘယ်မျှအထိ ခံနိုင်တယ်ဆိုတာ သိထားသင့်တယ်။ ပြီးရင် သဘာဝ ဘေးအန္တရယ်နဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေ ရှိပြီးတော့ ကိုယ့်အိမ်၊ ကိုယ့်မိသားစု ပြီးတော့ ကြိုတင်ပြင်ဆင်စရာ ရှိတာတွေကို ပြင်ဆင်သင့်တယ်။

ကိုယ့်ဖာသာပဲ တပိုင်တနိုင် စလုပ်ရမှာပေါ့လေ။ မုန်တိုင်းက လာမှာသိတယ်။ ရေကြီးတာကလည်း အချိန်မရဘဲ လျှပ်တပြက် လာနိုင်တဲ့ သဘာဝ ဘေးအန္တရယ်က စက္ကန့်ပိုင်း မိနစ်ပိုင်းဆို ငလျင်ပဲ ရှိတယ်လေ။ အဲဒါကျတော့ အစိုးရကို rely မလုပ်ဘူး။ ကိုယ့်မိသားစုနဲ့ ကိုယ့် အိမ်အတွက် ကိုယ်ပဲ အရင် ပြင်ဆင်ရမယ်။

မြေကြီးရဲ့ အပေါ်မှာ ရှိတဲ့ အရာ အားလုံး ကို ကျနော်တို့ လေ့လာနိုင်တယ်။ ငလျင်ဆိုတာ ကြိုတွက်လို့ မရဘူး။ သဘာဝ အရရော နည်းပညာအရရော။ အပင်တွေ စကြ်ာဝဠာ လေထု အကုန်လေ့လာနိုင်တယ်။ ဒါပေမယ့် အောက်မှာ ရှိတဲ့ဟာကို ကျနော်တို့ တကယ် အသေးစိတ် ထိုးဖောက်ဝင်ရောက် ပြီးလေ့လာဖို့ ခက်တယ်။ အတိုင်းအတာရှိတယ်။ အနည်း အကျဉ်းသာ လေ့လာနိုင်တယ်။ မြေကြီးကနေဖြစ်တဲ့ ငလျင်နဲ့ ဘေးအန္တရယ်ကို အသေးစိတ် အတိအကျ တွက်ချက်ဖို့ မဖြစ်နိုင်သေးတဲ့ အကြောင်းအရာပဲ။

No comments: