Wednesday, November 2, 2016

ကွန်တိန်နာကားများကို ညဘက်မှ မြို့တွင်းဝင်ခွင့်ပေးမည့် အစီအစဉ်ရက်ရွှေ့ဆိုင်း

DVB


ရန်ကုန်မြို့မှာ ကွန်တိန်နာကားတွေကို ည ၉ နာရီမှမနက်၆နာရီ အချိန်တွင်းသာ မြို့တွင်း ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ်ကို မူလက နိုဝင်ဘာ ၁ရက်နေ့ စတင်ဖို့ သတ်မှတ်ထားရာက နိုဝင်ဘာ ၁၅ရက်နေ့ကို ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။

ရန်ကုန်မြို့တွင်းမှာ ယဉ်ကြောပိတ်ဆိုမှုဖြေရှင်းဖို့အတွက် ကွန်တိန်နာကားတွေကို မြို့တွင်း နေ့ခင်း ဘက်ဝင်ခွင့်မပေးပဲ ညပိုင်းရောက်မှ ဝင်ခွင့်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထားတာဖြစ်ပါတယ်။

ခုလို ကွန်တိန်နာကားတွေကို ညပိုင်းမှာပဲ သွားလာခွင့်ပြုမယ်ဆိုရင် ဆိပ်ကမ်းတွေမှာ တာဝန်ကျတဲ့ အကောက်ခွန်၊ စီးပွားကူးသန်းနဲ့ မြန်မာဆိပ်ကမ်းအာဏာပိုင်တို့လို ဌာနဆိုင်ရာတွေကလည်း ညပိုင်းမှာ ဝန်ဆောင်မှုပေးဖို့ လိုတယ်လို့ ရေထွက်လုပ်ငန်းရှင်တွေက ပြောပါတယ်။

ငါး၊ ပုစွန် စတဲ့ ရေထွက်ပို့ကုန်တွေ နိုင်ငံတကာကို တင်ပို့တဲ့နေရာမှာ ဆိပ်ကမ်းတွေက ကြန့်ကြာမှုတွေအပြင် အခုလို ညပိုင်းမှာသာ သွားလာခွင့်ရတာကြောင့် ရေထွက်ကုန်စည်တွေ ပုပ်သိုးနိုင်တဲ့ ပြဿနာလည်း ရှိနေတာပါ။

၆ တန်နှင့်အထက် ကုန်တင်ယာဉ်တွေ နိုဝင်ဘာ ၁ ရက်က စပြီး ရန်ကုန်မြို့ရှိ သတ်မှတ်လမ်းကြောင်းတွေမှာ ညပိုင်း ၉ နာရီမှ မနက် ၆ နာရီအတွင်းသာ မောင်းနှင်ဖြတ်သန်းခွင့် ပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

No comments: