Tuesday, November 8, 2016

မာလ်တီလယ်ဗယ် တံလျှပ်

ဒေါက်တာတင့်ဆွေ


ဆရာခင်ဗျာ တခုလောက် အကူအညီတောင်းပါရစေ ခင်ဗျာ။ Multi-level-marketing ဆိုတဲ့ စနစ်နဲ့ ဓာတ်စာလို့ အမည်ခံထားတဲ့ ဆေးဝါးများလား၊ ဘာလား မသိသောအရာများကို မြန်မာနိုင်ငံမှာ တွင်တွင်ကျယ်ကျယ် ရောင်းချနေပါတယ် ခင်ဗျာ။ လင်ဇီး ပန်းဝတ်မှုန် ဆောင်းပိုးနွေမြက် စတာတွေအပြင် အခြား ဘာမှန်းမသိသော ဓာတ်စာအမျိုးမျိုးကို မြန်မာကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ နှုန်းထားများဖြင့် ရောင်းချနေပါတယ်။ ၉၆ ပါး ရောဂါပျောက်သလိုမျိုး ရွှန်းရွှန်းဝေအောင် ပြောဆိုကြပါတယ်။ member ဝင်ခြင်း၊ ဆေးဝယ်ယူ၍ ပြန်လည်ရောင်းချခြင်း down line လို့ ခေါ်နေကြတဲ့ ကိုယ့်အောက်ကို နောက်ထပ် ဝင်လာမယ့်သူတွေကို မဲဆွယ်စည်းရုံးခြင်း စတာတွေ လုပ်ခိုင်းပြီး ချမ်းသာကြီးပွားမယ်ဆိုတဲ့ မက်လုံးအမျိုးမျိုးနဲ့ ဆွဲဆောင်ကြပါတယ်။ အဲဒီဆေးတွေကို ယုံကြည်မိလို့ ဒုက္ခရောက်ရတဲ့ လူနာတွေလည်း မနည်းတော့ပါဘူး ခင်ဗျာ။ ဒါကြောင့် ဆရာ့အနေနဲ့ အဲဒီစနစ်အကြောင်း အဲဒီဆေးတွေအကြောင်းကို မြန်မာပြည်သူများ ဂဃနဏ သိရအောင် ရေးသားဖော်ပြပေးပါဦးလို့ မေတ္တာရပ်ခံ တောင်းဆိုပါရစေခင်ဗျာ။

Dr.့ SAMA့ Station Medical Officer့ Station Hospital့ Township့ Division

အရင်ရေးထားတဲ့ MLM က ရောင်းတဲ့ဆေးတွေ ဆိုတာ ဘာလဲ ရှင့်ကို ပို့လိုက်ပြီးမှ စာရေးလာသူဟာ ဆရာဝန်တဦးဖြစ်ပြီး သူ ဘယ်သူဘယ်ဝါဆိုတာကို (ဆမ) နံပါတ်ကအစ ထည့်ရေးထားလို့ ဒီစာကို ဆက်ရေးပါတယ်။ ပြီးရင် တင်ပါမယ်။

MLM ဆိုတာ Multilevel marketing မာလ်တီလယ်ဗယ်ဈေးကွက်ရှာခြင်း ဖြစ်တယ်။ Network marketing ကွန်ရက် ဈေးကွက်နည်းလို့လည်း ခေါ်တယ်။ နိုင်ငံတိုင်းလိုလိုမှာ လူသန်းပေါင်းများစွာဟာ အဲလို မာလ်တီလယ်ဗယ်ကုမ္ပဏီတွေမှာ ပါမယ်လို့ ကတိပေးထားကြ၊ ငွေရင်းစိုက်ထားကြ၊ လုပ်ကိုင်နေကြတယ်။

ကိုယ့်ဆွေမျိုးသားချင်း မိတ်ဆွေအသိတယောက်ကနေ ဒါလေး အားပေးပါဦး၊ ဒီဆေးက သိပ်ကောင်းတာပဲ စသဖြင့် ဈေးလာရောင်းတာ ကြုံဖူးကြမှာပါ။ လူကြီးမင်းဆီကို ဈေးလာရောင်းသူက အဲဒီ MLM ကုမ္ပဏီတခုမှာ ကုန်ဖြန့်ဖြူးသူလို့ စာရင်းပေါက်ထားသူ ဖြစ်ပါတယ်။ မြန်မာပြည်မှာသာ မဟုတ်ပါ။ အမေရိကမှာလည်း ဒီလိုပဲ။ ကုန်ပစ္စည်းအမည်ကတော့ စုံတယ်။ MLM စီးပွားရေးလုပ်ငန်းအကြောင်းတော့ ရေးထားပြီ။ ဒီတခါ တခြားရောင်းကုန်တွေကိုတော့ ဆရာဝန် ဖြစ်လို့ မရေးလိုပါ။ ဗီတာမင်တွေ၊ အားဆေးတွေ၊ ဖြည့်စွက်အာဟာရတွေ၊ စတာတွေကိုသာ ရေးပါမယ်။

ဆေးလာရောင်းတာ မှန်ပေမယ့် ဖြန့်ဖြူးသူဟာ ဆေးအကြောင်းသိဖို့ မလိုအပ်ပါ။ ဆေးဆိုင်ဖွင့်သူဆိုရင် (ဖားမစ်ဆစ်) ခေါ် ဆေးဝါးပညာ သင်ကြားတတ်မြောက်ထားရုံသာမက လိုင်စင်ရထားသူ ဖြစ်ရတယ်။ အခွန်ဆောင်နေရတယ်။ ဒီခေတ်ပေါ်ဆေးရောင်းသူက အဲတာတွေ တခုမှ မလိုပါ။ ဆိုင်ခွန်လည်း မပေးရပါ။ အိမ်တိုင်ရာရောက် လာပါမယ်။ အားနာနာနဲ့ ဝယ်ရတာတွေထဲမှာ အားဆေးနဲ့ ဖြည့်စွက်စာ ပါတယ်။ လာရောင်းသူဟာ လူကြီးမင်းထက် အာဟာရအကြောင်းကို ပိုမသိပါ။

အမေရိကန်ဆရာဝန် Stephen Barrett, M.D. ကနေ ၅-၅-၂ဝ၁၄ နေ့က ရေးတဲ့ ဆောင်းပါးတပုဒ် ဖတ်ရတယ်။ MLM ကနေ ရောင်းနေတဲ့ဆေးတွေ စွမ်းတယ်လို့ ပြောတာတွေဟာ သံသယပွားစရောတွေ ဖြစ်တယ်။ ရောဂါတွေပျောက်စေမယ်ဆိုတာ အထောက်အထားခိုင်မာမှု မရှိပါ။ ဆေးတွေရဲ့ဘေးထွက်သက်ရောက်မှုတွေကိုလည်း သုတေသနလုပ်မထားပါ။ ကောင်းပါတယ်လို့ သက်သေခံထွက်ဆိုချက် ဆိုတာတွေကလည်း ဘယ်သူကရေးရေး ရေးလို့ရတာမျိုးသာ ဖြစ်တယ်။

ဆရာဝန်တွေ သုံးနေတဲ့ဆေး မှန်သမျှမှာတော့ အဲလိုနဲ့မရပါ။

ဥပမာ- စစ်ပရိုဖလောက်စာဆင် ပိုးသေဆေး ဆိုပါစို့။

၁။ What is ciprofloxacin? စစ်ပရိုဖလောက်စာဆင် ဆိုတာ ဘာလဲ။

၂။ Important information အရေးပါတဲ့အချက်များ။

၃။ Before taking this medicine ဆေးမသောက်မီ

၎။ How should I take ciprofloxacin? ဆေးကို ဘယ်လိုသောက်ရမလဲ။

၅။ What happens if I miss a dose? ဆေးသောက်ဖို့ မေ့သွားရင်။

၆။ What happens if I overdose? ဆေးသောက်မိတာ များသွားရင်။

၇။ What should I avoid while taking ciprofloxacin?

ဆေးသောက်နေစဉ် ဘာတွေရှောင်ရမလဲ

၈။ What other drugs will affect ciprofloxacin? ဒီဆေးနဲ့ ဓာတ်ပြုနိုင်တဲ့ တခြားဆေးများ

၉။ Ciprofloxacin Side Effects ဘေးထွက်သက်ရောက်မှုများ

(က) In Summary အချုပ်

(ခ) For the Consumer စားသုံးများအတွက်

(ဂ) Major Side Effects အဓိကဘေးထွက်သက်ရောက်မှုများ

(ဃ) Minor Side Effects သာမန်ဘေးထွက်သက်ရောက်မှုများ

(င) For Healthcare Professionals ဆေးပညာရှင်များအတွက်

၁ဝ။ References အကိုးအကားများ

ကြော်ငြာပြီး ရောင်းတဲ့ဆေးတွေကတော့ အားလုံးကောင်းပါသည်ရှင့်လို့သာ ဖတ်ရပါမယ်။ ဆေးသောဖို့ မလိုအပ်ဘဲ သောက်ရင် ဘာဖြစ်မလဲ မပါ။ တခြားအပြိုင်ဆေးတွေထက် ပိုကောင်းပါတယ်ဆိုတာ သက်သေပြစရာ မရှိ။ ကာကွယ်နိုင်၊ ပျောက်စေနိုင်တယ် ဆိုတာအတွက် ဆေးသုတေသန မရှိ။ ဆေးထဲမှာ ဘာတွေ ပါသလဲ တိတိကျကျ ဖော်ပြထားခြင်း မရှိ။ တကယ်ထိရောက်မှုထက် လွန်ကဲပြီး ရေးထားကြပါတယ်။

ဆေးတွေကို အဲလို ရောင်းတာကို Quackery လို့ ခေါ်ပါတယ်။ ရမ်းကုဆေးသည်။

တချို့ဆေးတွေမှာ ချက်ချင်းသက်ရောက်မှုပြတဲ့ ဆေးတွေနဲ့လုပ်ထားလို့ လူတွေက သဘောကျတယ်။ ဥပမာ- Caffeine ကေဖင်း၊ Ephedrine စိတ်ကြွဆေး။ Valerian စိတ်ငြိမ်ဆေး စတာတွေဖြစ်တယ်။ အဲတာမျိုးကို Mood-altering effects စိတ်မူပြောင်းလဲစေတဲ့ သတ္တိများလို့ ခေါ်တယ်။ ကြာတော့ စွဲတယ်။ ဘေးထွက်သက်ရောက်မှုတွေ ခံရမယ်။

အဲဒီ MLM ဂိုဏ်းတွေထဲမှာ ဆရာဝန်တွေလည်း ပါဝင်နေတယ်။ အရင်ဆုံး နာမည်ကြီးခဲ့တဲ့ Amway ကနေ အခုတော့ Quixtar လို့ နာမည်ပြောင်းထားတယ်။ အဲတာနဲ့ Body Wise, Nu Skin, Rexall, and Juice Plus+ တွေကနေ ဆရာဝန်တွေကို တပ်သားသစ်စုသလို စုဆောင်းရေး ကျကျနန လုပ်ကြတယ်။ American Medical Association Council on Ethical and Judicial Affairs ကနေ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလမှာ အကြံပြုချက်ထုတ်ခဲ့ရတယ်။ လူနာတွေကို ကျန်းမာရေးနဲ့မဆိုင်တာတွေ မရောင်းကြဖို့။

ရောင်းတဲ့ဆေးတွေထဲမှာ ကိုလက်စထောကျဆေး၊ ဆီးချိုဆေး၊ အိုမီဂါ-သရီး၊ ဗီတာမင် တွေလည်း ရောင်းပါတယ်။ ကောင်းတော့ ကောင်းမှာပါ။ ဒါပေမဲ့ ဈေးပိုတင်ထားကြတယ်။ ကြော်ငြာဖိုး တင်ထားတယ်။ ဘူးခွံဖိုးတင်ထားတယ်။ မော်ဒယ်ဖိုး တင်ထားတယ်။ လက်ဆောင်ရထားလို့ ဘယ်လို သောက်ရမလဲ မေးကြတာ အဲလိုဆေးတွေ များတယ်။ သည်းခြေကြိုက်ဆေးတွေကတော့ လိင်ပိုင်းဆိုင်ရာဆေး၊ မျိုးပွါးလမ်းဆေး၊ နုပျိုဆေး၊ အလှအပဆေး၊ အရပ်ရှည်ဆေး၊ ယောကျားပီသဆေး၊ မိန်းမပီသဆေး၊ အပျိုပြန်ဖြစ်ဆေး၊ ကျဉ်းဆေး၊ ရှည်ဆေး၊ ကြီးဆေး၊ ကြာဆေး၊ ဘာဆေး။့။ (ကန်တော့ပါ)

ထိရောက်တဲ့ဆေးတွေလည်း ပါတယ်။ အနာအကိုက်အခဲ သက်သာဆေးတွေ၊ လေနာသက်သာဆေးတွေ၊ အိပ်ဆေးတွေ စသဖြင့်။ အဲဒါတွေ အများစုဟာ ဆရာဝန် မညွှန်ဘဲ မသုံးသင့်တဲ့ဆေးတွေ ဖြစ်ပါတယ်။ ဆေးတွေတယ်မက ရောထားတဲ့ စပ်ဆေးတွေအကြောင်း ရေးထားပါတယ်။

ဈေးကွက်မှာရော မာလ်တီလယ်ဗယ် ဖြန့်ဖြူသူတွေကနေ လာရောင်းတာတွေထဲမှာ Dietary Supplement လို့ ရေးထားတာတွေ အတော်များတယ်။ ဗီတာမင်တွေနဲ့ အမိုင်နိုအက်စစ်တွေလို့ ရေးထားပါမယ်။ အားဆေးနဲ့ ဖြည့်စွက်စာလို့ အတန်းအစားခွဲထားလို့ FDA က မကန့်ကွက်ပါ။ သဘာဝအရာတွေကနေ ထုတ်တယ်ဆိုလို့ တချို့က ပိုစိတ်ချရမယ် ထင်ကြတယ်။ အားလုံးတော့ မမှန်ပါ။ ဒီခေတ်မှာ အော်ဂဲနစ်တိုင်းလည်း မစစ်ပါ။

တချို့ အဲလို MLM ရောင်းတာသုံးတော့ ကောင်းပါတယ်လို့ ပြောကြတယ်။ စောစောကပဲ Virgin အဓိပ္ပာယ်စာအောက်မှာ ကလေး ၂-၃ ယောက် မွေးထားသူ သုံးတော့ ကောင်းတယ်လို့ ပြောဆိုပဲလို့ ကွန်မင့်တခု ဖတ်ရတယ်။ ဆေးသစ်တွေကို စမ်းသပ်ရင် လူအုပ်စုကို နှစ်ခုခွဲပြီး တစုကို ဆေးပေးတယ်။ ကျန်တစုကို ဆေးမဟုတ်တာ တခုခုပေးတယ်။ ပြီးမှ နှိုင်းယှဉ် လေ့လာတယ်။ ဆေးခန်းတွေမှာ ရောဂါမရှိဘဲ ဆေးလာကုသူတွေ ရှိပါတယ်။ ဆေးထိုးပေးပါ ပြောသူတွေလည်း ရှိတယ်။ ခွဲပေးပါအထိ ပြောသူမျိုးလည်း ကိုယ်တိုင်ကြုံဖူးပါတယ်။ ဆေးလိုချင်သူကို ဆေးတခုခုပေးလိုက်လို့ သက်သာသွားတာ တကယ်ရှိပါတယ်။ အဲတာကို Placebo effect အာနိသင်မရှိတဲ့ဆေးကနေရတဲ့ သက်ရောက်မှုလို့ ခေါ်တယ်။

ဘာလုပ်ကြမလဲ။ အစိုးရတွေကနေ အဲလို ရောင်းဝယ်နေတာတွေကို ကိုင်တွယ်ရာမှာ အလွန်အားနည်းနေတယ်။ နိုင်ငံတိုင်းမှာ ဖြစ်ပါတယ်။ သုံးစွဲသူတွေ ဉာဏ်သုံးကြပါ။ ဆေးပညာသုတ၊ ဗဟုသုတ ရှာကြပါ။ လွယ်လွယ်နဲ့ မယုံပါနဲ့။ မဟုတ် မမှန်တာကို တိုင်ကြားပါ။ အသိပေးပါ။ ထုတ်ပြောပါ။ တည်တည်တံ့တံ့တော့ ဖြစ်ပါစေ။ ဖြောင့်မှန်တဲ့ ပညာပေးမှုတွေ လိုအပ်တယ်။ တာဝန်ရှိသူတွေကနေလည်း အရေးယူမှုတွေ လုပ်သင့်တယ်။ တချို့ အဖြစ်အပျက်တွေဟာ ရာဇဝတ်မှုမြောက်တယ်။

ဆရာဝန်ကောင်းတယောက်ဟာ လူနာကို မေးစရာတွေ မစုံသေးဘဲ၊ စမ်းသပ်တာတွေ အတွင်းရော အပြင်ပါ မစုံသေးဘဲ ရောဂါအမည်မတပ်ပါ။ ဆေးကုသနည်း မလုပ်ပါ။ ဆရာဝန် ကျင့်ဝတ်ထဲမှာ ရိုးသားစွာ ပြောဆိုကုသပါမည်လို့ ပါတယ်။ လူနာကို ဒုက္ခရောက်စေအောင် မလုပ်ပါလို့ ကျမ်းကျိန်ထားရတယ်။ အမှန်အတိုင်းပြောတာ အမြတ်အစွန်း မထွက်တတ်ပါ။ MLM က ရောင်းတာမျိုးလို၊ ကြော်ငြာကောင်းကောင်းနဲ့ ရောင်းတာမျိုးလို လူနာအားလုံးအတွက် အကုန်လုံးကောင်းတဲ့ ဆေးဆိုတာ ဆရာဝန်ကောင်းတယောက်ဆီမှာ မရှိပါ။ ဆောရီး။

မှတ်ချက် = တံလျှပ်လို့ ရေးတာများပြီး တံလှပ်လို့လည်း ရေးကြတယ်။ ပူလွန်းတဲ့ချိန်ခါမှာ အဝေးကနေကြည့်ရင် ရေမဟုတ်ဘဲ ရေလို့ ထင်ရတဲ့ အမြင်သွေလွဲမှုကို ခေါ်ပါတယ်။

No comments: