Friday, November 18, 2016

ဆယ်စုနှစ် တစ်စုနီးပါးကြာ နှိပ်စက်ခံရသည့် မွေးစားကလေးငယ် အတွက် လူ၊ ကယ်၊ ပြန် ကလည်း ထပ်မံအမှုဖွင့်

စည်သူမောင်မောင်

အရပ်စာချုပ်ဖြင့် မွေးစားထားသည့် ၁၃နှစ်အရွယ် ကလေးငယ်တစ်ဦးအား မွေးစားအမေက တုတ်၊ ဓားဖြင့် နှိပ်စက်နေသည့်အပေါ် မခံမရပ်နိုင်ဖြစ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးက တရားလိုပြု တိုင်ကြားထားသလို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ထပ်မံအမှုဖွင့်မည်ဖြစ်ကြောင်း အိမ်မဲမြို့နယ် တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောသည်။

အိမ်မဲမြို့နယ်အတွင်းရှိ လူကောင်းကျွန်းကျေးရွာနေ ဦးဝင်းထိုက်နှင့် ဒေါ်စန်းစန်းမော်တို့က အရပ်စာချုပ်ဖြင့် မွေးစားထားသော အမျိုးသမီးငယ် မဟန်နီဝင်းထိုက်အား နှိပ်စက်နေမှုအပေါ် ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပြုံးချိုက လူကောင်းကျွန်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း ထပ်မံအမှုဖွင့်ရန် စီစဉ်နေခြင်းဖြစ်သည်။

"လူမှုဝန်ထမ်းက ကလေးသူငယ်ဥပဒေ၆၆(ဃ)ဖြင့် အမှုဖွင့်လှစ်မယ်၊ ရဲတပ်ဖွဲ့က ပုဒ်မ၂၉၄၊၃၂၅၊၃၂၆ဖြင့် အမှုဖွင့်ထားတယ်။ ပတ်ဝန်ကျင်ကော ရဲတပ်ဖွဲ့ကော ဘယ်လိုကလေးတွေဟာ အစိုးရစောင့်ရှောက်မှု လိုအပ်တယ်ဆိုတာ သိသင့်တယ်၊ အသိပညာလိုအပ်တော့ နှစ်များစွာ နှိပ်စက်ခံရတာဖြစ်တယ်”ဟု ဒေါ်ရီရီထွန်းက ပြောသည်။

"ကလေး ခန္ဓာကိုယ်မှာ ဒဏ်ရာအဟောင်းတွေရော၊ အသစ်တွေရော တွေ့ရတယ်။ ဦးခေါင်းမှာလည်း တွေ့ရတယ်။ ရိုက်တာ၊ ရေနွေးပူနဲ့ ပက်တာတွေပါ။ လက်ရှိ နိုဝင်ဘာလထဲ တုတ်နဲ့ရိုက်ထားလို့ ဝဲဘက်မျက်ခုံးအပေါ်မှာ ဒဏ်ရာတစ်ခု တွေ့ရတယ်။ ကလေးကို နှိပ်စက်တာတွေများလို့ ဥပဒေအတိုင်း ဆောင်ရွက်စေချင်လို့ ဒီနေ့ ကျွန်တော်တို့ အမှုဖွင့်ထားတာ" ဟု ဦးပြုံးချိုက အမှုဖွင့်ထားသည့်ဖြစ်စဉ်အပေါ် မဇ္ဈိမကို ပြောဆိုထားသည်။

ကလေးငယ်အား လေးတန်းအထိ ကျောင်းထားပေးပြီးနောက် အိမ်အလုပ်များ ခိုင်းစေကာ တုတ်ဖြင့်ရိုက်ခြင်း၊ ရေနွေးပူဖြင့် ပက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

နှိပ်စက်ခံရသူ ကလေးငယ်၏ ဒဏ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့သူ ရပ်/ကျေးစာရေး ဒေါ်အေးငြိမ်းက "ခေါင်းမှာ တုတ်နဲ့ရိုက်ထားတာ အကြီးကြီးတွေ၊ နားနောက်မှာ ရေနွေးပူနဲ့ လောင်းထားတဲ့ဒဏ်ရာ၊ ညာဘက်လက်မှာ ဒဏ်ရာနှစ်ခုတွေ့တယ်။ တင်ပါးနှစ်ဘက်မှာလည်း ဆေးထိုးအပ်နဲ့ ခြစ်ထားတာတွေ့တယ်။ ဆီးခုံမှာ ဓါးဦးနဲ့ ပေါက်ထားခံရတယ်" ဟု ပြောသည်။

ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကာယကံရှင် မဟန်နီဝင်းထိုက်အား မဇ္ဈိမက မေးမြန်းရာတွင် "မနေချင်ဘူး။ နှိပ်စက်တယ်၊ ရိုက်တယ်။ သမီးကို တုတ်နဲ့ ရိုက်တယ်။ ဟိုငယ်ငယ်တုန်းကဆို ကြိုးတုပ်ပြီး ရိုက်တယ်။ တင်ပါးကို ဓားနဲ့ထိုးခံရတယ်။ ကျောင်းတက်ချင်တာ ကြောက်လို့ မပြောရဲဘူး။ ငိုရင် ပိုရိုက်တယ်" ဟု ပြောဆိုထားသည်။

၎င်းဖြစ်သဉ်နှင့် ပတ်သက်ပြီး လူကောင်းကျွန်းနယ်မြေရဲစခန်းက ပ နံပါတ် ၂၁/၂၀၁၆၊ ပုဒ်မ ၂၉၄၊ ၃၂၅၊ ၃၂၆တို့ဖြင့် အမှုဖွင့်ထားကာ အိမ်မဲမြို့နယ်တွင် ရမန်ယူပြီးနောက် ကလေးငယ်အား မြောင်းမြဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်လျက် ရှိသည်။ အမှုနှင့် ပတ်သက်ပြီး ဒေါ်စန်းစန်းမော်အား အမှုဖွင့်ကာ ရဲလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နေသည်။

No comments: