Friday, November 18, 2016

ကြံ့ခိုင်ရေးအမတ် ၂ ဦးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပယ်ဖျက်

အောင်ကိုကိုလတ်


၂၀၁၅ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ၂ ဦးရဲ့ အနိုင်ရမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်ပြီး အန်အယ်လ်ဒီကိုယ်စားလှယ် ၂ ဦးကို အနိုင်ပေးလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်တို့ဟာ မဲဆွယ်စည်းရုံးစဉ် ဘုန်းကြီးကျောင်းတွေမှာ လူမျိုးရေးနဲ့ ဘာသာရေး အကြောင်းပြု မဲဆွယ်စည်းရုံးခဲ့တယ်ဆိုပြီး အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်လွှာ တင်ခဲ့ကြတာပါ။

နိုဝင်ဘာ ၁၇ ရက်နေ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီခုံရုံးရဲ့ ဆုံးဖြတ်ချက်မှာ အန်အယ်လ်ဒီပါတီက ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးထွန်းထွန်းဝင်းနဲ့ ဦးအောင်မျိုးဦးတို့ရဲ့ ကန့်ကွက်မှု အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဦးထွန်းထွန်းဝင်းဟာ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အဲဒီတုန်းက ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးကိုကိုနိုင် (လက်ရှိ ပြည်သူ့လွှတ်တော်အမတ်) က အနိုင်ရရှိခဲ့တာပါ။

ဦးအောင်မျိုးဦးကတော့ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် – ၂၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ကြံ့ခိုင်ရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဦးကျော်မြင့် (လက်ရှိတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်) က အနိုင်ရရှိခဲ့တာပါ။

၂၀၁၅ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုပေါင်း ၃၉ မှုရှိခဲ့ပြီး နိုဝင်ဘာ ၁၇ ရက်နေ့အထိ အမှုပေါင်း ၃၃ မှုကို အပြီးသတ် အမိန့်ချမှတ်နိုင်ခဲ့တယ်လို့ ကော်မရှင်က ကြေညာထားပါတယ်။

No comments: