Saturday, November 19, 2016

တိုင်းပြည်အတွက် ပါတီအတွက်သာ အလုပ်လုပ်တယ်၊ အပြစ်လုံးဝ ကင်းစင်တယ်လို့ ထုတ်ပယ်ခံ ဒုဝန်ကြီးပြော

မင်းမင်း

အရပ်သားအစိုးရလက်ထက်တွင် ပထမဆုံး ရာထူးမှ ရပ်စဲခံရသူ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းဝင်းက သူရာထူးမှ ထုတ်ပယ်ခံရသော်ငြား အပြစ်လုံးဝ ကင်းစင်တယ်လို့ မီဒီယာများကို ပြောဆိုလိုက်ပါတယ်။

“ကျနော် ဘာသာတရားလည်း နေ့စဉ်လုပ်ပါတယ် ကျနော် Absolute Truth (ပကတိ အမှန်တရား) ဗုဒ္ဓဟောတဲ့ Universal Truth, Absolute Truth ကို သေတဲ့အထိ လုပ်သွားမှာဖြစ်တဲ့အတွက် ကျနော်သည် ဘာမှ ကျနော့်မှာ အပြစ်မရှိဘူး အပြစ် လုံးဝ ကင်းစင်တယ် တိုင်းပြည်အတွက်သာ ရည်ရွယ်လုပ်တယ်။ ပါတီအတွက်သာ ရည်ရွယ်လုပ်တယ်” လို့ ဒေါက်တာထွန်းဝင်းက ပြောပါတယ်။

ဒေါက်တာထွန်းဝင်းကို နိုင်ငံတော်သမ္မတရုံးရဲ့ အမိန့်အမှတ်/၂၀၁၆ဖြင့် တာဝန်မှရပ်စဲကြောင်း ဒီကနေ့ အစိုးရ သတင်းစာတွေမှာ ကြေငြာလိုက်တာပါ။ ဒါဟာ အစိုးရသစ်သက်တမ်း(၈)လကျော်အတွင်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် တာဝန်မှ ရပ်စဲလိုက်တာ ဖြစ်ပါတယ်။

သမ္မတရုံးရဲ့ အမိန့်ထုတ်ပြန်ချက်မှာတော့ “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၆၉၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်းကို တာဝန်မှရပ်စဲလိုက်သည်” လို့ ပါရှိပါတယ်။

အခြေခံဥပဒေပုဒ်မ ၂၃၅၊ ပုဒ်မခွဲ(ဂ)၊ ပုဒ်မခွဲငယ်(၁)မှာ ပြဋ္ဌာန်းထားတာကတော့ “ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး(သို့မဟုတ်) ဒုတိယဝန်ကြီး တစ်ဦးဦးအား ရာထူးမှ နုတ်ထွက်ရန် ညွှန်ကြားနိုင်သည်။ ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း မပြုလျှင် တာဝန်မှရပ်စဲရမည်” လို့ ပြဌာန်းထားပါတယ်။

မီဒီယာတွေနဲ့ ဒေါက်တာထွန်းဝင်း ဒီနေ့တွေ့ဆုံရာမှာတော့ သူဟာ “ တိုင်းပြည်အတွက် ပါတီအတွက်ကို Emotion (စိတ်ခံစားမှု) ကောင်းကောင်းနဲ့ လုပ်တယ်။ Emotion ကောင်းလို့ Emotion ကြောင့်လို့ ဆိုတဲ့ဟာမျိုးလည်း လူကြီးတွေက သုံးသပ်တယ်။ Emotion များတယ်ပေါ့ Emotion ဆိုတာ အမျိုးမျိုးရှိတယ် ကိုယ့်အမျိုး ကိုယ်ချစ်လို့ Emotion၊ ကိုယ့်တိုင်းပြည်ချစ်လို့ Emotion၊ လယ်သမား ဆင်းရဲတဲ့ဘဝ နစ်မွန်းနေတဲ့ ဘဝတွေအတွက် Emotion၊ ကျနော့် ပညာနဲ့ ပတ်သက်လို့ မဟုတ်က ဟုတ်က လုပ်တဲ့ဟာ မှန်သမျှကို ကျနော် Emotion ရှိတယ်။ အမှန်တရားအတွက် Emotion ဒီ Emotionကို ဘာလို့ အသိအမှတ် မပြုတာလဲဆိုရင်တော့ Question ဖြစ်တယ်။ တစ်ချို့ကပြောတယ် အကြီးအကဲပိုင်းများသည် Emotion မကြိုက်ရင်တော့ နိုင်ငံရေး မလုပ်နဲ့” လို့ ပြောဆိုခဲ့ပါတယ်။

ဒေါက်တာထွန်းဝင်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် အမိန့်ကြော်ငြာစာအမှတ် ၃၆/၂၀၁၆နဲ့ သမ္မတဦးထင်ကျော်က မေလ ၂ရက်မှာ စတင်ခန့်အပ်ခဲ့တာပါ။

ဒေါက်တာထွန်းဝင်းဟာ ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့ ဇာတိဖြစ်ပြီး စိုက်ပျိုးရေး ပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာအောင်သူက တာဝန်ယူထားပါတယ်။

No comments: