Saturday, November 19, 2016

လူငယ်များလက်တွေ့အလုပ်လုပ်တတ်စေရေးအတွက် ပင်လုံမြို့၌ သျှမ်းနှစ်သစ်ကူးကို အဖွဲ့လိုက်ကျင်းပမည်

မွခေါဝ်


ဒေသတွင်းလူငယ်များ စွမ်းရည်မြင့်တင်ရေးအတွက် လက်တွေ့လုပ်ငန်း လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ သမိုင်းဝင် ပင်လုံမြို့၌ ၂၁၁၁ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲတော်ကို စာပေယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပခြင်း မျိုးမလုပ်ဘဲ အဖွဲ့လိုက် ကျင်းပသွားမည်ဟု သိရှိရသည် ။

“ ဒီနှစ်တော့ သျှမ်းနှစ်သစ်ကူးပွဲကို စုပေါင်းမလုပ်တော့ဘူး။ အဖွဲ့လိုက်လုပ်မယ်။ လူကြီးတွေကဘဲ ဦးဆောင် လုပ်နေရင် လူငယ်တွေက အလုပ်လုပ်တတ်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့် လူငယ်တွေ စည်းလုံးညီညွတ် ရေးဆိုတာ ဘယ်လောက်အရေးကြီးလဲ၊ စုပေါင်းလုပ်ဆောင်ခြင်းဆိုတာ ဘယ်လောက်ထိရောက်သလဲ၊ ဆိုး ကျိုးကောင်းကျိုးတွေကို သိရှိနားလည်လာအောင်နဲ့ အဓိကကတော့ ကိုယ်တိုင်ကိုယ်ကျ အလုပ်လုပ်တတ် အောင် ရည်ရွယ်တာပါ။ ဦးတို့ ငယ်ငယ်တုန်းကလည်း ဒီပင်လုံမှာ သျှမ်းနှစ်သစ်ကူးပွဲကို အဖွဲ့လိုက် လုပ်ရ တယ်လေ။ လူငယ်တွေလည်း တကယ်အလုပ်တတ်လာတယ်။ စည်းလုံးမှုလည်းရှိလာတယ်” ဟု ပင်လုံမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း တွဲဖက်အတွင်းရေးမှူး စိုင်းဆွန်ယု က ပြောပါသည် ။

ပင်လုံမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းတွင် အဖွဲ့ဝင် ၁၆ ဖွဲ့ရှိသည်ဟု သိရသည်။ အဖွဲ့လိုက် နှစ်သစ်ကူး ပွဲ ကျင်းပမည်ဆိုပါက အင်အားတောင့်တင်းသည့် အဖွဲ့များတွင် ရိုးရာယဉ်ကျေးမှုအဆိုအကများ ပါရှိမည်ဖြစ်ပြီး ၊ အင်အားတောင့်တင်းမှု သိပ်မရှိသည့်အဖွဲ့များမှာမူ ၂ ဖွဲ့ ၃ ဖွဲ့ စုပေါင်းပြီး ကျင်းပသွားမည် ဖြစ်ကြောင်း စိုင်းဆွန်ယု က ပြောပါသည် ။

“ တရုတ်တွေလို နှစ်သစ်ကူးကြိုသလိုလည်း လုပ်နိုင်တယ်။ အိမ်ကြီးတအိမ်မှာ စုပေါင်းပြီး ရိုးရာအစားအစာတွေ လုပ်။ နှစ်သစ်ကြို။ နှစ်ဆန်းတရက်နေ့မှာ သံဃာတော်တွေကိုဆွမ်းကပ်။ ဒါကလည်း နှစ်သစ်ကြိုတာဘဲလေ။ အဲဒီလိုလည်း လုပ်နိုင်ပါတယ် ။”

နတ်တော်လဆန်း ၁ ရက် (နိုဝင်ဘာလ ၃၀ ရက်) သည် သျှမ်းသက္ကရာဇ် ၂၁၁၁ ခု နှစ်သစ်ကူးပြောင်းသည်ဖြစ်ရာ သျှမ်းနှစ်သစ်ကို နိုဝင်ဘာလ ၂၉ ရက် ညတွင် ကြိုဆိုကြမည်ဖြစ်သည် ။

ပင်လုံမြို့၌ ၂၀၁၁ ခုနှစ် သျှမ်းနှစ်သစ်ကူးပွဲကို နိုဝင်ဘာလ ၂၉ ရက် နှင့် ၃၀ ရက် (တန်ဆောင်မုန်းလကွယ်နေ့ နှင့် နတ်တော်ဆန်း ၁ ရက်နေ့) ၂ ရက်တာ အဖွဲ့လိုက် ကျင်းပမည်ဖြစ်သည်။ နိုဝင်ဘာလ ၃၀ ရက်နေ့ (သျှမ်း လူမျိုး၏ နှစ်ဆန်း ၁ ရက်နေ့)၌ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပမည် ဖြစ်သည် ။

“ကျနော်တို့ တွံမိုအဖွဲ့ကတော့ ပိဋိကတ်ကျောင်းဝင်းထဲမှာ သျှမ်းနှစ်သစ်ကူးပွဲလုပ်မယ်။ ဘာကြောင့်လဲဆိုတော့ နှစ်ဆန်းတရက်နေ့မှာ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ ရုံးဖွင့်ပွဲ ရှိတယ်။ အဲဒီမှာလည်း ကျနော် တို့အဖွဲ့က လူငယ်အင်အားအနေနဲ့ အဓိက ပါဝင်ကူညီရမယ်ဆိုတော့ တခါတည်း ပြီးသွားတာပေါ့နော်”ဟု ၂၀၁၆ ခုနှစ် သုစန္ဒီဆုရှင် စိုင်းဆု က ပြောပါသည် ။

ပင်လုံမြို့၌ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးစီးပြီး သျှမ်းနှစ်သစ်ကူးပွဲတော်ကို စုပေါင်းကျင်းပလာခဲ့ သည်မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်ကတည်းက ဖြစ်ပါသည် ။

No comments: