Sunday, November 20, 2016

သီလ ဦးစီးတဲ့ တာဝန်ခံဒီမိုကရေစီစနစ်ကို တည်ဆောက်ရအောင်

မင်းကောင်းချစ်


ဒီရက်ပိုင်းအတွင်း မြန်မာတနိုင်ငံလုံးမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ သတင်းတပုဒ်ကတော့ အလဲဗင်းမီဒီယာဂရုရဲ့ စီအီးအိုနဲ့ အယ်ဒီတာချုပ်တို့ကို ရန်ကုန်တိုင်းအစိုးရက တရားလိုလုပ်ပြီး ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲဖမ်းဆီးခဲ့တယ်ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။

အလဲဗင်းမီဒီယာ စီအီးအိုက “ရွေးကောက်ပွဲ တနှစ်ပြည့်သော်” ဆောင်းပါးကို အင်္ဂလိပ်လို ရေးသားပြီး နိုင်ငံခြားသတင်းစာတွေမှာ ပုံနှိပ်ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ အဲဒီဆောင်းပါးကို မြန်မာဘာသာပြန်ဆိုပြီး နိုဝင်ဘာ ၆ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြခဲ့ပါသတဲ့။

သူ့ရဲ့ဆောင်းပါးမှာတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကျခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ခွင့် တင်ဒါအောင်မြင်တဲ့ လုပ်ငန်းရှင်တဦးက ဝန်ကြီးချုပ်တယောက်ကို ဒေါ်လာ ၁ သိန်းကျော်တန် လက်ပတ်နာရီ လက်ဆောင်ပေးခဲ့တဲ့အကြောင်းနဲ့ ဝန်ကြီးချုပ်ဆီမှာ အဲဒီလက်ပတ်နာရီ ပတ်ထားတာကို ၂ ကြိမ်တိတိ တွေ့ခဲ့ဖူးတဲ့ ထိပ်သီးစီးပွားရေးသမားတယောက်က ပြောဆိုခဲ့တဲ့အကြောင်း ရေးခဲ့တာပါ။

ရန်ကုန်တိုင်းအစိုးရကတော့ လက်ပတ်နာရီပေးတယ်ဆိုတဲ့ စီးပွားရေးသမားက ဘယ်သူလဲ၊ လက်ပတ်နာရီကို ဝန်ကြီးချုပ်လက်မှာ ၂ ကြိမ်တွေ့ခဲ့တယ်လို့ ပြောတဲ့သူက ဘယ်သူလဲလို့ မေးခဲ့တာကို အလဲဗင်းမီဒီယာဂရုက မီဒီယာကျင့်ဝတ်အရ မဖြေဆိုနိုင်ဘူးလို့ တုံ့ပြန်ခဲ့ရာက အခုလို အမှုဖွင့် တရားစွဲတဲ့အဆင့်ကို ရောက်ခဲ့တာဖြစ်ပါတယ်။ အလဲဗင်းမီဒီယာရဲ့ ဆောင်းပါးမှာ ရေးသားခဲ့တာတွေဟာ မီဒီယာကျင့်ဝတ်နဲ့ ညီ၊ မညီ ဆိုတာကတော့ တရားရုံးက ကြားနာဆုံးဖြတ်ပါလိမ့်မယ်။

စာရေးသူရဲ့ ဒီဆောင်းပါးမှာတော့ ဘယ်ဘက်ကမှန်တယ်၊ ဘယ်ဘက်ကမှားတယ်ဆိုတာ၊ ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ) တရားမျှတတဲ့ဥပဒေ ဖြစ် မဖြစ်၊ ပြင်ဆင်ဖို့ လို မလို ဆိုတဲ့ အကြောင်းကို မဆွေးနွေးသေးပါဘူး။

ဒီဆောင်းပါးမှာ အဓိကရေးပြချင်တာကတော့ နိုင်ငံရေးပဲလုပ်လုပ်၊ ပရဟိတ လူမှုရေးကိစ္စတွေ ဆောင်ရွက်တာဖြစ်ဖြစ်၊ မီဒီယာလုပ်ငန်းပဲလုပ်လုပ်၊ စီးပွားရေးပဲလုပ်လုပ်၊ ဝေဖန်ရေးပဲလုပ်လုပ် ရိုးသားမှုကို အခြေခံဖို့၊ အများပြည်သူတွေရဲ့ ရေရှည်အကျိုးကို ရှေ့တန်းတင်ဖို့ ပညာဉာဏ်ဦးစီးလို့ သီလ ဦးဆောင်တဲ့အလုပ် သုံးပါးကံတွေပြုဖို့ အလွန်အရေးကြီးတဲ့အကြောင်းပါပဲ။

ဘာကြောင့်လို့လဲဆိုတော့ သီလဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်လာဖို့ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်လို့ပါပဲ။ မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကို ဖြူစင်အောင်ထားဆိုတာ ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတရား အနှစ်သားတွေထဲကတခု ဖြစ်ပါတယ်။ ကိုယ်ကျင့်တရားနဲ့ပတ်သက်လို့ သီလရဲ့အဓိပ္ပာယ်ကို အလွန်ကျယ်ပြန့်စွာ ဖွင့်ဆိုနိုင်ပေမယ့် ဒီဆောင်းပါးမှာတော့ “စာရိတ္တသီလနဲ့ ဝါရိတ္တသီလ” အကြောင်းပဲ အကျဉ်းဖော်ပြပေးလိုက်ပါတယ်။

စာရိတ္တသီလ ဆိုတာကတော့ ကောင်းမွန်တဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ သူတပါးပစ္စည်းဥစ္စာ တိုးပွားအောင် တရားသဖြင့် အကြံပေးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်း၊ တနည်းအားဖြင့် အပြစ်မရှိသော လုပ်ငန်းတာဝန်များ၊ ဝတ္တရားများကို ပြုလုပ်ခြင်းဟာ စာရိတ္တသီလလို့ ခေါ်နိုင်ပါတယ်။

ဝါရိတ္တသီလဆိုတာ သူတပါး၏ပစ္စည်း၊ အများပိုင်ပစ္စည်းဥစ္စာတွေကို မတရားသဖြင့် ရယူခြင်းဟူသမျှတို့ကို ရှောင်ကြည်ခြင်း၊ တနည်းအားဖြင့် မပြုကျင့်ကောင်းသည့် ဒုစရိုက်များမှ ရှောင်ကြဉ်ခြင်းကို ဝါရိတ္တသီလလို့ ခေါ်ပါတယ်။

နောက်တချက်ကတော့ အထက်က အလဲဗင်းမီဒီယာအမှုကိစ္စကို အခွင့်ကောင်းယူပြီး အာဏာရှင်စနစ်ဟောင်းကို ဖက်တွယ်လိုသူတွေသာမက အစွန်းရောက်အမျိုးသားရေးစိတ် ပြင်းထန်သူတွေ၊ ဘာသာရေးစိတ် ပြင်းထန်သူတွေ၊ မိမိအဖွဲ့အစည်း ပါတီရေးကိုသာ ရှေ့တန်းတင်သူတွေ၊ အဓိကနဲ့ သာမညကို မခွဲခြားတတ်သူတွေနဲ့ မိမိအခွင့်ထူးခံပြီး ရထားတဲ့ အကျိုးစီးပွားကို ထိပါးခံရလို့ ဒီမိုကရေစီစနစ်ကို မနှစ်သက်သူတွေဟာ ကိုယ်ကျင့်သီလကို မစောင့်ထိန်းကြဘဲ ပြည်သူက ရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရကို ဝါးလုံးသိမ်းယမ်းပြီး အကာကို အနှစ်ဖြစ်အောင်၊ အများပြည်သူ အကျိုးမဲ့အောင် လှုံ့ဆော် လမ်းမှားပို့လာတာကြောင့် ဖြစ်ပါတယ်။

တိုင်းပြည်မှာ မှန်ကန်တဲ့အုပ်ချုပ်ပုံစနစ် တစတစ အခြေခိုင်လာနိုင်ဖို့အတွက် နိုင်ငံသားတိုင်းက အန်အယ်လ်ဒီ အရပ်သားအစိုးရဆိုတဲ့ ဒီမိုကရေစီသစ်ပင်ကို စိတ်တိုင်းကျသည် ဖြစ်စေ၊ စိတ်တိုင်းမကျသည် ဖြစ်စေ ဝိုင်းရံမြေတောင်မြှောက်ပေးဖို့ လိုအပ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ စစ်ဖိနပ်သံခွာအောက်က လွတ်မြောက်ချင်စိတ် အထွတ်အထိပ်ရောက်နေခဲ့တဲ့ ပြည်သူ့နှလုံးသားကြားက မဲပြားတွေရဲ့ စွမ်းအားတွေစုလို့ တရားဝင်အရပ်သားအစိုးရ ဖြစ်လာတဲ့ အန်အယ်လ်ဒီအစိုးရဟာ အာဏာရှင်စနစ်ဆိုးက ဖျက်ဆီးထားတဲ့ ကျတ်တီးကုန်း ဖုန်းဆိုးမြေထဲက ခက်ခက်ခဲခဲ တိုးထွက်ဖောက် ရောက်လာခဲ့ရတာပါ။

ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးကနေ သန္ဓေတည်ဖွားမြင်ခဲ့တဲ့ အန်အယ်လ်ဒီပါတီဟာ အလွန်ခက်ထန် ကြမ်းတမ်းတဲ့ ရာသီဆိုး ဥတုပျက်နဲ့တူတဲ့ အာဏာရှင် လက်ဝါးကြမ်းကြီးရဲ့ အခါခါ ရိုက်ပုတ်ထုထောင်း နှိပ်စက်မှုအောက်မှာ နှစ်ပေါင်း ၂၀ ကျော်၊ ၃၀ နီးပါး မချိမဆံ့ခံစားပြီး လွန့်လူးရှင်သန်ခဲ့ရတာပါ။

အထက်က အခြေအနေ အကြောင်းတရားတွေကြောင့် အဖျင်းအမှော် အသီးပိန်တွေ ပါချင်ပါမယ်၊ ကိုင်းခြောက်တွေ ရှိချင်ရှိမယ်၊ အင်းဆက်ပိုးတွေ ကပ်ငြိချင် ငြိနေမယ်၊ အတွေ့အကြုံ အားနည်းတာမို့ လုပ်ရပ်မှားတွေ၊ မပြည့်စုံမှုတွေ၊ ချို့ယွင်းချက်တွေရှိတာ လူတိုင်း မြင်နေရတာပါ။ ဒါပေမယ့် အန်အယ်လ်ဒီအစိုးရဟာ ဒီမိုကရေစီသစ်ပင်ပါ။

အခုချိန်မှာ မပြောင်းလဲချင်တဲ့ အနက်ရောင်အင်အားစုတွေ၊ အစွန်းရောက် အမြင်ကန်းနေသူတွေ ကန့်လန့်ဆွဲ တရွတ်တိုက် နှောင့်ယှက်မှုတွေနဲ့ အပြင်းအထန် လွန်ဆွဲနေရတဲ့အချိန် ဖြစ်ပါတယ်။ မိဘပြည်သူတွေနဲ့ ဒီမိုကရေစီမိတ်တွေကို ထပ်တလဲလဲ မေတ္တာရပ်ခံ အသိပေးပါရစေ။ အန်အယ်လ်ဒီ အရပ်သားအစိုးရဟာ မှန်ကန်တဲ့ အုပ်ချုပ်ပုံစနစ်ပေါ်လာပြီး ဗိုလ်ကျနှိပ်စက်တတ်တဲ့ စစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖျက်သိမ်းပေးနိုင်တဲ့ တခုတည်းသော ပြည်သူ့အစိုးရ ဖြစ်ပါတယ်။ လောလောဆယ်မှာ အဲဒီတာဝန်ကို ထမ်းနိုင်တဲ့ လောက်လောက်လားလား အားကိုးစရာ တခြားပါတီ မရှိသေးပါဘူး။

ပြီးတော့ အခုချိန်ထိ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင် ၃ ရပ်စလုံးဟာ ပြည်သူ့အစိုးရလက်အောက်မှာ ပြည့်ပြည့်ဝဝ ရှိမနေပါဘူး။ အဲဒီလို အခက်အခဲများစွာကြားက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးတာဝန်ကို ထမ်းဆောင်နေတဲ့ အရပ်သားအစိုးရရဲ့ အားနည်းချက်အချို့ကို လိုက်နင်းပြီး ပုဂ္ဂိုလ်တဦးချင်းစီရဲ့ မှားကွက်တွေ့ရင် ဝါးလုံးသိမ်းယမ်းလို့ ပြည်သူတင်မြှောက်တဲ့ အရပ်သားအစိုးရကို တိုက်ခိုက်ရန်ရှာခြင်း၊ လာမယ့်ရွေးကောက်ပွဲမှာ မဲမရအောင် လှုံ့ဆော်ခြင်းဟာ အာဏာရှင်စနစ်ကို လက်ယပ်ဖိတ်ခေါ်နေတာနဲ့ တူပါတယ်။

မကောင်းတဲ့ မအောင်တဲ့ အဖျင်းအမှော် အသီးအညံ့ကို ခြွေချင်တာနဲ့ သစ်ပင်တပင်လုံးကို မခုတ်မိပါစေနဲ့။ အခုချိန်မှာတော့ အန်အယ်လ်ဒီ အရပ်သားအစိုးရဆိုတဲ့ ၁ နှစ်သားအရွယ်တောင် မရောက်သေးတဲ့ အသက် သွေးချွေး များစွာစတေးလို့ ခက်ခက်ခဲခဲ စိုက်ခဲ့ရတဲ့ ဒီမိုကရေစီ သစ်ပင်ပေါက်ကို ကျနော်တို့ဟာ စိတ်တိုင်းကျသည်ဖြစ်စေ၊ စိတ်တိုင်းမကျသည်ဖြစ်စေ ဝိုင်းရံမြေတောင်မြှောက်ပေးဖို့ မဖြစ်မနေ လိုပါတယ်။

အခုအချိန်ဟာ အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေပြုခြင်း၊ နည်းပညာအတတ်ပညာ၊ အကြံဉာဏ်ပေးခြင်း၊ ပူးပေါင်းကူညီခြင်း စတဲ့ မြေဆီသြဇာတွေ ထည့်ရမယ့်အချိန် ဖြစ်ပါတယ်။ အန်အယ်လ်ဒီအစိုးရဆိုတဲ့ ဒီမိုကရေစီသစ်ပင်ပျိုပေါ်မှာ ကျရောက်ကူးဆက်နေတဲ့ အင်းဆက်ပိုးမွှားတွေကို ကူညီရှင်းလင်းသုတ်သင်ရာမှာလည်း အပင်ကို မထိခိုက်စေဘဲ စေတနာသန့်သန့်နဲ့ သိမ်မွေ့စွာ ဆောင်ရွက်ဖို့ လိုပါတယ်။

မြေလည်းသန့်ပြီ၊ ရာသီလည်းကောင်းပြီ၊ ဒီမိုကရေစီသစ်ပင်ကလည်း အမြစ်စွဲလို့ အခြေခိုင်ပြီဆိုတဲ့ အချိန်အခါရောက်ရင်တော့ ကိုယ်ကြိုက်တဲ့အပင် စိုက်ကြပေါ့။ အခုချိန်အခါမှာတော့ ၀ိုင်းဝန်းလို့ ရေလောင်းပေါင်းသင်ပေးကြပါဦး၊ မြေရိုင်းမြေဆိုးကို မြေကောင်းဖြစ်လာအောင် ကူညီပြုပြင်ပေးကြပါဦးလို့ လေးနက်စွာ မေတ္တာရပ်ခံချင်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ပြည်သူတွေရဲ့ အသက် သွေး ချွေး၊ ဘဝများစွာနဲ့ အရင်းအနှီး ကြီးမားစွာပေးဆပ်လို့ နှစ် ၅၀ ကျော်ကြာအောင် စောင့်ဆိုင်းပြီးမှ အစို့ပေါက်ရှင်သန်စ ဒီမိုကရေစီသစ်ပင်ပျိုကို တန်ဖိုးထားပြီး ၀ိုင်းဝန်းစောင့်ရှောက်ရမှာ မြန်မာနိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

နုနယ်သေးတဲ့ ဒီမိုကရေစီသစ်ပင်ပျိုကို မြန်မာနိုင်ငံမှာ အမြစ်စွဲရှင်သန်လာအောင် ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့ဆိုတာ အစိုးရအဖွဲ့တင်သာမက ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်နဲ့ စတုတ္ထမဏ္ဍိုင်လို့ ခေါ်ကြတဲ့ မီဒီယာတွေ အပါအဝင် သန်း ၅၀ ကျော်သော မြန်မာနိုင်ငံသားတိုင်းမှာ သီလဦးစီးတဲ့ တာဝန်ခံဒီမိုကရေစီစိတ်ဓာတ် ရင့်သန်လာအောင် မွေးမြူကျင့်ကြံဖို့ လိုပါတယ်။ ကောင်းမြတ်တဲ့အကျင့်တွေ မွေးမြူမှ ကောင်းမွန်တဲ့ဘဝတွေ ရနိုင်သလို ကောင်းမွန်တဲ့ လားရာတွေဆီ ဦးတည်နိုင်ပါတယ်။

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး စတဲ့ မဏ္ဍိုင် ၃ ရပ်စလုံးဟာ တင်းပြည့်ကျပ်ပြည့် ပြည်သူ့အစိုးရအာဏာအောက် တိတိကျကျ ရောက်ရှိလာဖို့လိုသလို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေရဲ့ မှန်ကန်တဲ့ထိန်းကျောင်းမှုရှိပါမှ တရားဥပဒေစိုးမိုးနိုင်မှာဖြစ်ပြီး နိုင်ငံသားတိုင်းကိုလည်း ဘဝလုံခြုံမှု မျှတစွာပေးနိုင်လို့ ငြိမ်းချမ်းသာယာတဲ့ ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

No comments: