Saturday, November 19, 2016

ပြည်ပအစွန်းရောက်အဖွဲ့များထံ Viber ဖြင့် မမှန်သတင်းများ ပို့နေသူတဦး ဖမ်းမိ

DVB


ပြည်ပရှိ အစွန်းရောက်အဖွဲ့တွေထံ Viber အသုံးပြုပြီး မဟုတ်မမှန်သတင်းတွေ ပေးပို့နေသူတဦးကို ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှာ ဖမ်းဆီးရမိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

ဘူးသီးတောင်မြို့နယ် ကျောက်ဖြူသားသေကံကျေးရွာနေ ရာမောက်တူလာ (၂၁) နှစ် ဟာ လုံခြုံရေး တပ်ဖွဲ့တွေက မွတ်စလင်တွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်နေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ ဆော်ဒီနိုင်ငံတွေရှိ အစွန်းရောက်တွေထံသို့ မဟုတ်မမှန်သ တင်းတွေ ပေးပို့နေကြောင်း သတင်းရလို့ နိုဝင်ဘာ ၁၇ ရက်မနက်မှာ ရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးစစ်ရေးရာမှာ ရာမောက်တူလာကိုင်ဆောင်တဲ့ လက်ကိုင်ဖုန်းထဲမှာ Rohingya Muslim Group အမည်နဲ့ Viber Group တစ်ခု တွေ့ရှိရပြီး “ဘူးသီးတောင် မြို့နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများအား စစ်တပ်နှင့်ရဲများ ပူးပေါင်းကာ သတ်ဖြတ်နေကြသဖြင့် ကူညီပေးကြရန်” ရာမောက်တူလာက ဘင်္ဂါလီစကားနဲ့ ပြောဆိုထားတဲ့ အသံဖိုင်ကို တွေ့ရှိခဲ့ရတယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

အဆိုပါ Viber Group ထဲမှာ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားနဲ့ အိန္ဒိယနိုင်ငံတွေ အပါအဝင် နိုင်ငံတကာရှိ အစွန်းရောက်လှုပ်ရှားသူတွေရဲ့ ကွန်ရက်ကို ခြေရာခံမိတယ်တယ်လို့လည်း ဆိုပါတယ်။

ဒီကွန်ရက်ဟာ အစိုးရကို တိုက်ခိုက် ဖျက်ဆီးဖို့နဲ့ ၎င်းဒေသရှိ တရားမဝင် ဝင်ရောက်နေထိုင်သူ မွတ်စလင်တွေ နိုင်ငံသားဖြစ်ရေး ရည်ရွယ်လုပ်ဆောင်နေတာ စစ်ဆေးတွေ့ရှိရတယ်လို့လည်းဆိုပါတယ်။

ဒါ့အပြင် အဆိုပါ Rohingya Muslim Viber Group ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်အခြေစိုက် ရိုဟင်ဂျာအာရေဗွီးရှင်း သတင်းဌာနနဲ့ ဆက်သွယ်ထားပြီး နိုင်ငံတကာမှာရှိတဲ့ အစ္စလာမ် အစွန်းရောက်တွေထံက အကူအညီရဖို့ ဆက်သွယ်ဆောင်ရွက်နေသလို ၂၀၁၆ ဇွန်လမှ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်ပွားတဲ့အထိ ပြည်ပက ငွေကြေးအကူအညီတွေ လွှဲပြောင်းပေးအပ်မှုတွေကို Viber Group မှတစ်ဆင့် အကြောင်းကြား လေ့ရှိကြောင်း စစ်ဆေးတွေ့ရတယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

No comments: