Friday, January 22, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၄၉

မင်းဟန်

(၁၇၆)
၁၉၉၆ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၆ နှစ်မြောက် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ…၊ နှစ်ပတ်လည်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထူးအစည်းအဝေးတရပ် ပြုလုပ်ရန် အဖွဲ့ချုပ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံသို့ ကြိုတင်၍ အကြောင်းကြားထားသည်။

ဖိတ်စာကိုမူ… ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် အထွေထွေအတွင်းရေးမှူးအနေဖြင့် လက်မှတ်ထိုး၍ ဖိတ်ကြား၏။ အစည်းအဝေး ကျင်းပပြုလုပ်မည့်ရက်များက …. မေလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ဖြစ်သည်။ မပြီးပြတ်ပါကမူ ၂၉ ရက်နေ့အထိ… ဆက်၍ကျင်းပပြုလုပ်သွားမည့်အကြောင်း အစည်းအဝေးဖိတ်စာတွင် ထည့်သွင်း၍ ရေးသားခဲ့၏။ အထူးအစည်းအဝေးပြုလုပ်မည့် အကြောင်းကိုလည်း အာဏာပိုင်များထံသို့ အသိပေးအကြောင်းကြားထားခဲ့သည်။

နွေနှောင်းရက်ကြွင်းရာသီက အပူကဲလွန်းလှ၏။ ရန်ကုန်သည် ဆူပွတ်နေသည့် ဘွိုင်လာအိုးအတွင်း ရောက်နေသကဲ့သို့….။ ကာလငယ်အတွင်းမှာပင် ရာသီသည် ရုတ်ချည်းပြောင်းလဲသွားပြန်သည်။ မုတ်သုန်သည် ဝုန်းဒိုင်းကြဲ၍ ဗြုန်းစားကြီးပင် ရန်ကုန်သို့ ဝင်ရောက်၍ သိမ်းပိုက်လိုက်၏။ မေလယ်မိုးက … ရန်ကုန်ကို ရွဲရွဲစိုစေ၏။ ရေထဲ၌ ရန်ကုန်ကို ဆွဲနှစ်ထားသကဲ့သို့….။

အထူးအစည်းအဝေး ကျင်းပပြုလုပ်မည့် ရက်က တဖြည်းဖြည်းနှင့် နီးကပ်၍လာပြီ။ ရန်ကုန်က သဘာဝ ရာသီဥတု ဆိုးဝါးသည့်အောက်တွင် ကြံ့ကြံ့ခံလျက်…။ ပြီးလျှင်… ရန်ကုန်၏ နိုင်ငံရေးရာသီသည်လည်း သုန်သုန်မှုန်မှုန်နှင့် မှိုင်းအုံ့နေရာမှ ပြင်းထန်ဆိုးဝါးလာသည်။

၁၉၉၆ ခုနှစ် မေလ ၁၉ ရက်နေ့တွင် တနိုင်ငံလုံးရှိ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အားလုံးကို လိုက်လံ၍ ဖမ်းဆီးလေ၏။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၂၆၃ ဦး ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရ၏။ ပြီးလျှင် …. အထူးအစည်းအဝေးသို့ တက်ရောက်ကြမည့် အဖွဲ့ချုပ်၏ အဆင့်ဆင့်သော စည်းရုံးရေးမှူးများ၊ ဗဟိုဌာနချုပ်ရှိ ရုံးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် အဖွဲ့ဝင်များကိုလည်း ဖမ်း၏။ စစ်အုပ်စုမှ …. လူဖမ်းပွဲကြီး ကျင်းပလေပြီ။ အချို့အား… အိမ်တံခါးခေါက်၍ ခေါ်သွား၏။ အချို့ကို… မီရထားဘူတာရုံတွင်ပင် ဖမ်း၏။ အချို့ကို … ခရီးသွားနေစဉ် မော်တော်ယာဉ်ပေါ်မှ ဆွဲချ၍ဖမ်း၏။ အဖမ်းအဆီးများကြားမှပင် …. အချို့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လွတ်မြောက်၍ သွားကြ၏။ ဤတွင် လွတ်မြောက်သွားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အစား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၏ ဇနီးကို ဖမ်း၏။ မိခင်၊ ဖခင်တို့ကို ဖမ်း၏။

ဖမ်းဆီး ထိန်းသိမ်းမှုများနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ မေလ ၂၁ ရက်နေ့စွဲနှင့် စာရေးသားပေးပို့ပြီး… ပြင်းပြင်းထန်ထန် ကန့်ကွက်၏။ မထူးခြား…..။ ဖမ်းဆီးခြင်း ခံထားရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ပြန်လည်လွှတ်မြောက်လာရန် ဟူသည့်လမ်းက မမြင်ရ…။ ဤတွင် အစည်းအဝေးနှင့်ပါတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည်တို့ စဉ်းစားရပြီ။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ထိုင်၏။ အထူးအစည်းအဝေးကို မည်သို့ဆက်၍ အောင်အောင်မြင်မြင်နှင့် ဖြစ်မြောက်ရန် ကျင်းပမည်နည်း…။ ဤမေးခွန်းအပေါ် အဖြေရှာကြသည်။
''ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး'' မှသည် ''ပထမအကြိမ် အဖွဲ့ချုပ်ညီလာခံ'' အဖြစ်သို့ ပြောင်းလဲ၍ ကျင်းပရန် ဆုံးဖြတ်လိုက်ကြ၏။


(၁၇၇)
ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အချို့ကို … ရဲစခန်းတွင် ချုပ်၏။ အချို့ကိုမူ … ထောက်လှမ်းရေးတပ်ဆွယ် စခန်းများတွင် ချုပ်၏။ ပြီးလျှင် …. စစ်ကြောမှုများပြုလုပ်သည်။ စစ်ကြောမေးမြန်းမှုများကို၊ ချုပ်လိုက်လျှင်ကား ….. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ လွှတ်တော်တရပ် ခေါ်ယူဖွဲ့စည်းရန် အစီအစဉ်ရှိလား….။ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပြီး စင်ပြိုင်အစိုးရ ဖွဲ့မည်လား…။ ကျောင်းသားများကို နောက်ကွယ်မှ မြှောက်ပင့်ပေး၍ လူထုကြီးကို လမ်းပေါ်သို့ ထွက်စေကာ လူထုတိုက်ပွဲများဆင်ရန် အစီအစဉ်မျိုး ရှိလား…။ တပ်မတော်ကို ထိပ်တိုက်ရင်ဆိုင်၍ တိုင်းပြည် မငြိမ်မသက်ဖြစ်စေရန် လုပ်ဆောင်မည့် အစီအစဉ်များရှိလား…… ဟူ၍ ဖြစ်သည်။

ပြီးလျှင် …. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို ခြိမ်းခြောက်ပြန်၏။ ခြိမ်းခြောက်မှုက အမျိုးမျိုးပင်… ၁၉၅ဝ ခုနှစ် အရေးပေါ်စီမံမှုအက် ဥပဒေ ပုဒ်မ - ၅ (ည) နှင့် တရားစွဲဆို၍ ထောင်ချမည်။ ဝန်ထမ်း အိမ်ယာတွင် နေထိုင်သူဖြစ်ပါက …. နေအိမ်မှ ဆင်းပေးရမည်… စသည်ဖြင့်… စသည်ဖြင့်….။ ခြောက်၍ မရလျှင်…. ချော့ပြန်၏။ သွေးဆောင်စည်းရုံးပြန်သည်။ စီးပွားရေးလုပ်ငန်းများ လုပ်ခွင့်ပေးမည်။ ကုမဏ္ဍီထောင်မည်လား…. ခွင့်ပြုမည်။ မတည်ငွေလိုလျှင် …. ဘဏ်များတွင် ချေးယူခွင့်ပြုမည်…. စသည်ဖြင့်…. စသည်ဖြင့်…။

ချော့ချီတခါ၊ ခြောက်ချီတလှည့်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို …. ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ဖိအားပေးလေ၏။

(၁၇၈)
အမှတ် (၉၇/ခ) ၊ အနောက်ရွှေဂုံတိုင်….။

၁၉၉၆ ခုနှစ်၊ မေလ ၂၆ ရက်….။

ရွှေဂုံတိုင်ရုံးချုပ်၌ ပထမအကြိမ် အဖွဲ့ချုပ်ညီလာခံကို ကျင်းပ၏။ အဖမ်းအဆီးများအကြားမှပင် အဖွဲ့ချုပ်အဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း ၅ဝဝ မျှ တက်ရောက်ခဲ့ကြသည်။ အဖွဲ့ချုပ်အဖွဲ့ဝင်များက ထုလေ၊ မာလေ ဖြစ်၍နေလေပြီ။ ညီလာခံမှ ဆုံးဖြတ်ချက်ပေါင်း ၂ဝ ချမှတ်ခဲ့ကြ၏။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ တင်သွင်းသည့် ‘တွေ့ဆုံဆွေးနွေး အဖြေရှာရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြိုးပမ်းချက်များ’ ဟူသည့် စာတမ်းကို ညီလာခံမှ အတည်ပြု၏။

စာတမ်း၏ အနှစ်သာရက….
“…..နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသည့် အများအပြားသော ပြဿနာအပေါင်းတို့ကို ဖြေရှင်းရန် နည်းလမ်းမှာလည်း တွေ့ဆုံဆွေးနွေးရေး လမ်းစဉ်မှတပါး အခြားနည်းလမ်း မရှိကြောင်းကိုလည်း စွဲမြဲစွာ ခံယူခဲ့ပါသည်။

…. တွေ့ဆုံဆွေးနွေးအဖြေရှာရေးသည်သာလျှင် စစ်မှန်သော ဒီမိုကရေစီရရှိရေးအတွက် တခုတည်းသော လမ်းစဉ်ဖြစ်ကြောင်း ဦးတည်ဟောပြောခဲ့ပါသည်။

…. သို့ဖြစ်ရကား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တွေ့ဆုံဆွေးနွေးရေး ပြဿနာများကို ဖြေရှင်းနိုင်ရန် အစဉ်ကြိုးပမ်းဆောင်ရွက်နေမည် ဖြစ်ပါသည်။ ထိုလမ်းစဉ်အတွက်လည်း အစဉ်အမြဲ တံခါးဖွင့်ထားမည်သာ ဖြစ်ပါကြောင်း…” ဟူ၍ ဖြစ်သည်။ အဖွဲ့ချုပ်က တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် …. အစဉ်အမြဲ တံခါးဖွင့်ထား၏။ သို့သော်…. စစ်အုပ်စုကမူ တွေ့ဆုံဆွေးနွေးရေးလမ်းသို့ ယနေ့အထိ မလှမ်းသေး….။ ဖွင့်ထားသော တံခါးသို့ ဝင်မလား….။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံ၏ ဒုတိယနေ့တွင် မိန့်ခွန်းစကားပြော၏။

“…. ဒီနေရာမှာ တွေ့ဆုံဆွေးနွေးရေး မလိုလားသူတွေ၊ တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်သေးလို့ စိတ်ပျက်နေတဲ့သူတွေကို ဦးတည်ပြီး ပြောချင်ပါတယ်။ တွေ့ဆုံဆွေးနွေးရေးကို ဘယ်လိုပဲရှောင်ချင် ရှောင်ချင် ရှောင်လို့ရမှာ မဟုတ်ပါဘူး။ သမိုင်းရေစီးကြောင်းအရ တိုင်းသူပြည်သားတွေရဲ့ ပြင်းပြတဲ့ ဆန္ဒအရ နိုင်ငံရဲ့ လိုအပ်ချက်အရ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စပါ။ ဖြစ်ရမယ့်ကိစ္စတခုကို အမြန်ဆုံး ဖြစ်အောင်လုပ်တာဟာ ပညာရှိတဲ့အလုပ်လည်း ဖြစ်တယ်။ သတ္တရှိတဲ့အလုပ်လည်း ဖြစ်တာမို့ အမြန်ဆုံးလုပ်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်”


(၁၇၉)
အဖွဲ့ချုပ်၏ ပထမအကြိမ် ညီလာခံက မေလ ၂၈ ရက်နေ့တွင်ပင် အောင်အောင်မြင်မြင်နှင့် ပြီးမြောက်ခဲ့၏။ ချောချောမွေ့မွေ့မူ မဟုတ်….။ ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှု အကျပ်အတည်း မျိုးစုံကြားမှ အောင်မြင်ပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။ မောပမ်းနွမ်းနယ်စွာနှင့် ညီလာခံကာလကို ဖြတ်သန်းခဲ့ကြရသည်။ ပြီးမြောက်ခဲ့ပြီဖြစ်၍ …. ပြန်ပေးဆွဲထားသကဲ့သို့ ဖမ်းဆီးထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အချို့ကို မေလ ၃ဝ ရက်နေ့မှစ၍ ပြန်လွှတ်ပေးလာ၏။ အချို့ကိုမူ …. ပုဒ်မ ၅ (ည) နှင့် တရားစွဲဆို၍ ရုံးတင်လိုက်၏။

စစ်အုပ်စု၏ တရားမဲ့ အစုအပြုံလိုက် ဖမ်းဆီးမှုများကြောင့် နိုင်ငံတကာမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပေါ် အာရုံစူးစိုက်မှုက …. တိုး၍လာ၏။ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်များက …. အမှတ် (၉၇) ခ၊ ရွှေဂုံတိုင်နှင့် အမှတ် (၅၄) ၊ တက္ကသိုလ်ရိပ်သာလမ်းသို့ အခက်အခဲ၊ အတားအဆီးများအကြားမှပင် တဖွဲဖွဲနှင့် ရောက်လာကြ၏။ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကြည်မောင်တို့ ၃ ဦးက သတင်းထောက်များနှင့် ဒိုင်ခံ၍ တွေ့ဆုံပြီး ဖြေနေကြရသည်။ သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့မြင်ကြရသည်မှာ ထူးဆန်းအံ့သြ၍ နေကြ၏။ အဖမ်းအဆီး၊ အတိုက်အခိုက်များကြားမှပင် စိတ်ပျက်အားငယ်ခြင်း မရှိဘဲ တတ်ကြွရွှင်လန်းနေကြသည်ကို တွေ့မြင်ကြရ၍ ဖြစ်သည်။ နိုင်ငံခြားသတင်းထောက်တဦးက …..“ဦးတင်ဦးဆိုလျှင် ….အားရပါးရပြုံးနေတာပဲ၊ ဦးကြည်မောင်ဆိုလျှင်လည်း ရယ်မောဖွယ်ရာ ဟာသများကို ထုတ်နေတာပဲ” ဟူ၍ မှတ်ချက်ပြု၏။ သူတို့၏ မေးခွန်းများစွာအနက် …. တူညီသည့်မေးခွန်းများက
“ခင်ဗျားတို့တတွေ ဘာလို့ စိုးရိမ်ပန်ပန်မှုတွေမဖြစ်တာလဲ…”
“ဒါဟာ စိတ်မချမ်းသာစရာ အခြေအနေ မဟုတ်ဘူးလား….” ဟူ၍ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ဤသို့မေးလာသည့် သတင်းထောက်များကို ရိုးသားပွင့်လင်းစွာပင် ပြန်၍ဖြေ၏။

“တချို့သူတွေအတွက်ကတော့ ဒီအခြေအနေဟာ စိတ်မချမ်းသာစရာလို့ မြင်ကြပေမယ့် ကျမတို့အတွက်ကတော့ နောက်ထပ် စိန်ခေါ်မှုတခုလို့ပဲ မြင်ပါတယ်။ ဒီစိန်ခေါ်မှုကို ကျမတို့ရဲ့ စစ်မှန်တဲ့ မိတ်ဆွေတွေနဲ့အတူ စုပေါင်းရင်ဆိုင်နိုင်ဖို့အတွက် ကောင်းစွာအားပေးမယ့် အကြောင်းအရင်းတွေ ရှိပါတယ်”


(၁၈ဝ)

၁၉၉၆ ခုနှစ်၊ ဇွန်လ ၄ ရက်။

ဝန်ကြီးများရုံး … ရန်ကုန်မြို့…။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးလှဖေတို့ကို အမျိုးသားထောက်လှမ်းရေးအဖွဲ့မှ တွေ့ဆုံရန် ဆင့်ဆို၏။ ဇွန်လ ၄ ရက်နေ့၊ ညနေ ၄ နာရီအချိန်တွင် ဝန်ကြီးများရုံး အဆောက်အဦးတခု၌ တွေ့ဆုံကြ၏။ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့မှ…. တပ်မတော် ဒုတိယထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးကျော်ဝင်း၊ ရဲချုပ်စိုးဝင်း၊ သတင်းထောက်လှမ်းရေးတပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဗဟိန်း၊ တပ်မတော်ထောက်လှမ်းရေး စစ်ဦးစီးပထမတန်း၊ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းတို့နှင့် တွေ့ဆုံကြခြင်းဖြစ်သည်။

ဗိုလ်မှူးကြီးကျော်ဝင်းက … (နဝတ) အနေနှင့် မဖြစ်သင့်၊ မဖြစ်ထိုက်သည်များကို မဖြစ်အောင် ယခုကဲ့သို့ ခေါ်ယူ၍ ပြောကြားရခြင်းဖြစ်သည်ဟု … တွေ့ဆုံရခြင်းနှင့်ပတ်သက်၍ နိဒါန်းစကားဆို၏။

‘မဖြစ်သင့်၊ မဖြစ်ထိုက်သည်များ မဖြစ်အောင်’ ဟူသည်က ….မည်သို့နည်း…။ ပြည်သူလူထုကြီး၏ ဆန္ဒနှင့် ရွေးကောက်တင်မြောက်ခဲ့ကြသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် …. ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရန် လုံ့လထုတ်ခြင်းသည် ‘မဖြစ်သင့်၊ မဖြစ်ထိုက်’ သည့် ကိစ္စလေလား….။ သို့တည်း မဟုတ် …. မြန်မာပြည်၏ ဖြစ်ရှိနေသည့် အမျိုးသားရေး ပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်သည် ‘မဖြစ်သင့်၊ မဖြစ်ထိုက်’ သည့် ကိစ္စလေလား….။ (နဝတ) နှင့်တော့ ခက်လေပြီ။ ပြီးလျှင် …. အသင့်ယူဆောင်လာသည့် စာတမ်းတစောင်အား ဗိုလ်မှူးကြီး ကျော်ဝင်းက ဖတ်ကြားပြ၏။ စာတမ်းအား ချုပ်ကြည့်လျှင်မူ…. အဓိကအချက်က ၂ ချက်သာ ရှိ၏။

ပထမအချက်က …အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့ လူထုဟောပြောပွဲများ ကျင်းပနေခြင်းအား ၁၉၉၆ ခုနှစ် ဇွန်လ ၈ ရက် (စနေနေ့) မှစ၍ လုံးဝခွင့်မပြု…။ ခြံအတွင်းသို့ပြောင်း၍ ပြုလုပ်ရမည်။

ဒုတိယအချက်မှာမူ … နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၏။

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲလျှင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် စင်ပြိုင်လုပ်ခြင်း ဖြစ်သည်။
၂။ ရေးဆွဲလိုလျှင် တောထဲသွား ရေးဆွဲရန်သာ ရှိကြောင်း
၃။ ရေးဆွဲက အဖွဲ့ချုပ်ကို မတရားအသင်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း
၎။ စစ်တပ်မှ အာဏာသိမ်းထားသော အစိုးရဖြစ်ကြောင်း၊ ဘယ်သူ့ကိုမှ မကြောက်၊ နိုင်ငံခြားကိုလည်း မကြောက် ဟူ၍ ဖြစ်သည်။

ပါလာသည်ကို ဖတ်၍ပြီးသွားသည့်နောက်တွင်မူ ဗိုလ်မှူးကြီးကျော်ဝင်းသည် ဦးအောင်ရွှေတို့မှ ပြန်၍ဆွေးနွေးကြသည်များကို မှတ်၏။ ‘အဖတ်၊အမှတ်’ နှင့်ပင် တပ်မတော် ဒုတိယထောက်လှမ်းရေး ညွှန်ကြားရေးမှူးကြီးသည် အလုပ်များ၍ နေသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဖတ်ပြခဲ့သည့်အတွင်းမှ ပထမအချက်ကို အရင်ဆွေးနွေး၏။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းရှေ့ အပတ်စဉ် စနေ၊ တနင်္ဂနွေ ဟောပြောပွဲများသည် နံပါတ် (တစ်) လူထုနှင့် ဆက်သွယ်ရေးလမ်းကြောင်းမရှိ၍ ဟောပြောနေရခြင်း ဖြစ်သည်။ နံပါတ် (နှစ်) (နအဖ) နှင့် တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်သေးသည့် အခြေအနေများကို လူထုထံသို့ ရှင်းပြ၊ ချပြသည့်အနေဖြင့် လူထုဟောပြောပွဲများ ပြုလုပ်နေကြရခြင်းဖြစ်သည်။ ဤအခြေခံနှစ်ချက် ပြီးပြည့်စုံနေလျှင် …. ခြံဝင်းရှေ့ လူထုဟောပြောပွဲများကို ပြုလုပ်နေရန် လိုမည်မဟုတ်…။ ပြီးလျှင်…. ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခြင်းနှင့် ပတ်သက်၍ ဦးအောင်ရွှေက ဆက်၍ပြော၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေးဆွဲမည်ဆိုသည့် အခြေခံဥပဒေသည် မူကြမ်းမျှသာ ဖြစ်သည်။ (နဝတ) မှ ထုတ်ပြန်ထားသည့် ကြေညာချက်အမှတ် (၁/၉ဝ) အပိုဒ် (၂ဝ) တွင် …

“ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်များဖြစ်သည်” ဟူသည့် ဖော်ပြထားမှုအရ ရေးဆွဲနေခြင်း ဖြစ်သည်။

ထို့ကြောင့်… ရွေးကောက်ပွဲ၌ (၈၂ %) ကျော် အနိုင်ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းတရပ် ရေးဆွဲရန် တာဝန်ရှိ၏။ ရေးဆွဲပိုင်ခွင့်လည်း ရှိ၏။

အဖွဲ့ချုပ် ဥက္ကဋ္ဌ၏ ပြောဆိုဆွေးနွေးချက်များအပေါ် ဗိုလ်မှူးကြီးကျော်ဝင်းသည် မည်သို့မျှ ပြန်လည်၍ မဆွေးနွေး….။ အထက်သို့ တင်ပြပါမည်ဟု ….. တခွန်းတည်းသော စကားကို ဆိုပြီး ဆွေးနွေးပွဲ ရပ်လိုက်၏။

အမျိုးသားထောက်လှမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးကျော်ဝင်းက အထက်သို့ တင်ပြသည်ဖြစ်စေ၊ မတင်ပြသည်ဖြစ်စေ …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေကမူ … ထိုနေ့ ဆွေးနွေးပွဲနှင့်ပတ်သက်၍ (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေးသား၍ ပေးပို့လိုက်၏။ စာတွင်က …. ပြည့်ပြည့်စုံစုံပင် ရေးသားဖော်ပြ၏။

‘အာဏာရှင်သို့ ပေးစာ’…..။
“စနေ၊ တနင်္ဂနွေနေ့များတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးတင်ဦး၊ ဦးကြည်မောင်တို့ ဟောပြောခဲ့သည်မှာ ယခုအခါ ၁၁ လအတွင်းသို့ပင် ရောက်ရှိနေပါပြီ။ ဤကာလတလျှောက်လုံးတွင် စည်းကမ်းဖောက်ဖျက်မှု၊ ဆူပူရုန်းရင်းဆန်ခတ်မှုများ မရှိခဲ့ပါ။ ယာဉ်ထိန်းရဲများနှင့် အဖွဲ့ချုပ်၏ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ပူးပေါင်း ဆောင်ရွက်နေခြင်း အားဖြင့် လမ်းအန္တရာယ်၊ ယာဉ်အန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်ခဲ့ခြင်း မရှိပါ။

ယခုအခါတွင် တနိုင်ငံလုံးရှိ အများပြည်သူနှင့် သက်ဆိုင်သော နေရာရပ်များတွင် လူထု အစည်းအဝေး ပွဲများကို အာဏာပိုင်များက ကြီးမှူး၍ ကျင်းပနေကြပါသည်။ ထိုကြောင့် ပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အေးချမ်းသော လူထုစည်းဝေးပွဲများ ကျင်းပပိုင်ခွင့် ရှိရပါမည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲလိုလျှင် ‘တောထဲသွား ရေးဆွဲရန်သာ ရှိကြောင်း’ ဟူ၍ ဗိုလ်မှူးကြီး ကျော်ဝင်းက ဖတ်ပြသည့် စာတမ်းပါ အကြောင်းအရာသည် အစိုးရတရပ်အနေနှင့် လုံးဝမထားသင့်၊ မထားထိုက်သော တာဝန်မဲ့သည့် သဘောထား ဖြစ်ပါသည်။ မိမိ၏ နိုင်ငံသူ၊ နိုင်ငံသားများကို တရားဥပဒေ ဘောင်အတွင်းမှ ထွက်ခွာ၍ သူပုန်အဖြစ် ဆောင်ရွက်ရန် ဆော်သြခြင်းသည် ‘ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’ စသော ဦးတည်ချက်များကို ချေမှုန်းဖျက်ဆီးရာ ရောက်ပါသည်။

အဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို ရေးဆွဲပါက တရားဝင် အဖွဲ့အစည်းအဖြစ်မှ ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ဤသည်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့မှ၊ အပိုဒ် ၅ တွင် ဖော်ညွှန်းထားသည့် မိမိတို့၏ ပြောဆိုကြေညာချက်များကို ဆန့်ကျင်ဖောက်ဖျက်ရာ ရောက်ပါသည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဦးတည်ချက်ဖြစ်သော စစ်မှန်သော ပါတီစုံ ‘ဒီမိုကရေစီစနစ် ထွန်းကားရေး’ အောင်မြင်လိုပါက မတူညီသည့် သဘောထားအဖုံဖုံကို လေးစားစွာ လက်ခံအသိအမှတ်ပြုရမည် ဖြစ်ပါသည်။ ထိုကြောင့် မည်သူမဆို တိုင်းပြည်အတွက် အကျိုးရှိမည်ဟု ယုံကြည်သော မိမိတို့ကြိုက်နှစ်သက်ရာ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေ မူကြမ်းကို ရေးဆွဲပိုင်ခွင့် ရှိရပါမည်။ ဤသို့ ပြုလုပ်ခြင်းသည်၊ အစိုးရနှင့် စင်ပြိုင်လုပ်ခြင်း မဟုတ်ပါ။”

စာအား … အာဏာရှင် ဥက္ကဋ္ဌထံသို့ … ၁၉၉၆ ခုနှစ် ဇွန်လ ၆ ရက်နေ့ ရက်စွဲနှင့် ပေးပို့လိုက်၏။


No comments: