Tuesday, January 26, 2010

ကြံ့ဖွံ့က အခမဲ့ကျုရှင်ကျောင်းများဖွင့်ကာ စည်းရုံး

မျိုးချစ်သူ/ ၂၆ ဇန်န၀ါရီ ၂ဝ၁ဝ

ရန်ကုန်မြို့ရှိ ကျောင်းသားများ စာသင်ကြားမှုစရိတ် မြင့်သည့်အတွက် အပြင်ကျုရှင်များတွင် တက်ရောက်နိုင်မှုမရှိသည်ကို ကြံ့ဖွံ့က အခွင့်အရေးယူကာ စည်းရုံးမှု ပိုလုပ်လာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ယခုနှစ်တက္ကသိုလ် ၀င်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား (၇၅) ရာခိုင်နှုန်းသည် သင်ကြားမှုစရိတ် ကြီးမြင့်မှုကြောင့် ပညာဒါန ကျုရှင်ကျောင်းများကို အားထားနေရသည့် အခြေအနေအပေါ် ကြံ့ဖွံ့က ပညာဒါန အခမဲ့ကျုရှင်ကျောင်းများကို ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်တွင်းရှိ မြို့နယ်တို့တွင် နေရာအနှံ့လိုက်ဖွင့်နေကြောင်း ကြည့်မြင်တိုင်မြို့နယ်မှ အငြိမ်းစား အထက်တန်းပြ ဆရာမတဦးက ပြောသည်။

၎င်းက “ပညာဒါနတွေက ရန်ကုန်မှာ အများဆုံးဖွင့်ပေးတာ၊ ဘုန်းကြီးကျောင်းတွေမှာ ဖွင့်တာများတယ်။ ကြံ့ဖွံ့ကတော့ ၂၀၁၀ အတွက်ကိုပဲ စေတနာပြတာ ဖြစ်တယ်လို့ မြင်တယ်။ ကလေးတွေရဲ့ ပညာရေးကို ဗန်းပြပြီးတော့ နောက်ဆက်တွဲ ဆွဲဆောင် မှုတွေ လုပ်လာတယ်” ဟု ပြောသည်။

သို့သော် ရန်ကုန်ရှိ အခြေခံလူတန်းစား ကျောင်းသားမိဘအချို့က တနှစ်စာ ကျောင်းစရိတ်အပြင် ကျုရှင်စရိတ် ငွေကြေးများ မတတ်နိုင်သည့်အတွက် ကြံ့ဖွံ့ကို အားကိုးပြီး သားသမီးများအား ပညာဒါနကျောင်းများသို့ လွှတ်နေကြသည်ဟု သိရသည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားတဦး၏ ကျုရှင်စရိတ်မှာ တလလျှင် အနည်းဆုံး တဘာသာ (၁) သောင်းကျပ် သို့မဟုတ် (၅) ဦးတ၀ိုင်း ကျုရှင်တွင် ဘာသာစုံအတွက် တဦးလျှင် တလ (၅) သောင်းခန့် ပေးရကြောင်း ရန်ကုန်ရှိ ကျောင်းသားမိဘတဦးက ပြောသည်။

ကြံ့ဖွံ့ဒါနကျောင်းများတွင် နာမည်ကြီး ဆရာဆရာများက အနီးကပ်သင်ပေးပြီး အနီးကပ်စာအုပ်များ ပေးကြောင်း၊ အဆိုပါ စာအုပ်များမှာ မေးခွန်းအတော်များများ တိုးကြောင်း ယမန်နှစ်က (၁၀) တန်းဖြေဆိုခဲ့သူ ကျောင်းသူတဦးက ပြောသည်။

ယခုအခါ ရန်ကုန်မြို့တွင် ကြံ့ဖွံ့က ပညာဒါန စာသင်ကျောင်းများ ဖွင့်လှစ်ပေးနေသည်မှာ မြို့နယ်ပေါင်း (၁၂) မြို့နယ် ရှိပြီဖြစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ် ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

“ကျနော်တို့က ကျောင်းသားတွေအတွက် ဘာသာစုံ အနီးကပ်စာအုပ်တွေကိုလည်း ဝေငှမယ်၊ ကျောင်းသားတွေ စာနည်းနည်းပဲ ကျက်ပြီးတော့ အောင်နိုင်အောင်လို့ပါ” ဟု ၎င်းက ပြောသည်။

၂၀၀၉ ခုနှစ်က ဝေငှသော အနီးကပ်စာအုပ်ပေါင်း (၂,၀၀၀) ကျော်ရှိပြီး ယခုနှစ်တွင် စာအုပ်ပေါင်း (၄,၀၀၀) ခန့်အထိ အခမဲ့ ဝေငှသွားရန် ရှိကြောင်းလည်း သိရသည်။

ရန်ကုန်မှ ကြံ့ဖွံ့ကို မနှစ်သက်သူ ကျောင်းသားမိဘတဦးကမူ “ကျောင်းသားတော်တော်များများက အရည်အချင်းကို မကြည့်ကြ တော့ဘူး။ ရန်ကုန်မှာက (၁၀) တန်း အောင်ရင်ပြီးရောချည်း ဖြစ်နေကြတယ်လေ။ ဒီတော့ အခုလိုပေးတဲ့ အနီးကပ်ကို လိုတဲ့ သူတွေချည်းပဲပေါ့။ ဒါပေမယ့် အဲဒီလို ဘာလို့လုပ်နေတာလဲဆိုတာကို ကျောင်းသားမိဘတွေက သိဖို့လိုပါတယ်။ သူတို့ ပညာဒါနကျုရှင် ကြံ့ဖွံ့ကျောင်းမှာ သင်တဲ့ ကျောင်းသားမိသားစုတွေ အားလုံးက ကြံ့ဖွံ့ကို အလိုအလျောက် ၀င်ပြီးသား ဖြစ်သွားတယ်လို့ သူတို့က မှတ်ယူလိုက်တယ်။ သူတို့လုပ်မယ့်ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးသူအဖြစ် စာရင်းယူတဲ့သဘောပဲ” ဟု ပြောသည်။

မြန်မာတနိုင်ငံလုံးတွင် အထက်တန်းကျောင်းပေါင်း (၂,၀၀၀) ကျော်ခန့်ရှိသည့်အနက် တက္ကသိုလ်ဝင်တန်းကျောင်းသား အောင်မြင်မှုရာခိုင်နှုန်း (၅၀) ကျော်သောကျောင်း သုံးပုံတပုံခန့်သာရှိကြောင်း မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ပြီးခဲ့သော ၂၀၀၇ - ၂၀၀၈ ပညာသင်နှစ်စာရင်းများအရ သိရသည်။

No comments: