Wednesday, January 27, 2010

မွန်ပြည်သစ် ထိန်းချုပ်နယ်မြေအတွင်း ကျူးကျော်ဝင်ရောက်မှု ဆက်တိုက်ဖြစ်ပွား

ဝီရ / ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်းသို့ နအဖစစ်တပ်က စစ်ရေးအရ ဝင်ရောက်ကျူးကျော်နေမှုများ ယခုတလော၌ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရသည်။

မွန်ပြည်သစ် ဗဟိုဌာနချုပ်နှင့် (၃) မိုင်ခန့် ကွာဝေးသည့် ကျေးရွာတရွာအတွင်းသို့ နအဖစစ်တပ် အင်အား (၃၀) ကျော်တို့က ဝင်ရောက်လာသည့်ဖြစ်ရပ် ဇန်နဝါရီ (၁၀) ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး (၃) နာရီကြာ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မွန်ပြည်သစ် ထိပ်ပိုင်းခေါင်းဆောင်တဦးက “အပစ်ရပ်တုန်းက သဘောတူချက် (၁၃) ချက်ထဲမှာ မွန်ပြည်သစ်ရဲ့ အပစ်ရပ် ဒေသအဖြစ် ပင်းပွိုင့်အနေနဲ့ သတ်မှတ်ထားတဲ့ (၁၂) နေရာထဲကို နအဖတပ်က ဝင်ရောက်ကျူးကျော်ခွင့် မရှိရဘူးဆိုတဲ့ အချက်လည်း ပါတယ်။ ဝင်လာရင် အပစ်ရပ်စဲရေး ပျက်ပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ နအဖဘက်က အခုလို လာစမ်းသလိုလို ကျူးကျော်ဝင်ရောက်လာနေတာ အပစ်ရပ်တုန်းက သဘောတူညီထားချက်ကို ချိုးဖောက်ရာရောက်တယ်။ ကျနော်တို့ဘက် ကတော့ ရရှိထားပြီးသား ငြိမ်းချမ်းရေးကိုတော့ တတ်နိုင်သလောက် ထိန်းသိမ်းသွားမယ်” ဟု ပြောသည်။

၁၉၉၅ ခုက စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည့် မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ တောင်းဆိုထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့် ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးတို့ကို ငြင်းဆိုထားသည်။

နယ်စပ်ကားလမ်း လုံခြုံရေးကို အကြောင်းပြပြီး နအဖစစ်တပ် စကခ (၈) လက်အောက်ရှိ (၄၀၇) ခြေမြန်တပ်ရင်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဘုရားသုံးဆူမြို့အနီးက တဒိန်ကျေးရွာတွင် ယင်းကဲ့သို့ တပ်စွဲထားသည်မှာ (၁) လနီးပါး ကြာမြင့်ပြီဖြစ်သော်လည်း တပ်ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးကြောင်း သိရသည်။

ဘုရားသုံးဆူမြို့မှ မွန်ပြည်သစ်အရာရှိတဦးက “ခမရ (၄၀၇) က ဘာလှုပ်ရှားမှုမှမရှိဘဲ မွန်ပြည်သစ် ရှိတဲ့ရွာမှာ လချီ လာနေနေတာ အရင်က မရှိသလောက်ဘဲ။ အခုက ရွာသားတွေ မွေးထား၊ စိုက်ထားတဲ့ သားငါး၊ ဟင်းသီးဟင်းရွက်တွေကို ခွင့်မတောင်းဘဲ သတ်ဖြတ်စားသုံးတဲ့အထိ ဖြစ်လာတယ်။ ဒီလိုပဲ ဆက်ပြီး တပ်စွဲထားမယ်ဆိုရင် ရွာသားတွေအတွက်ရော၊ ပါတီအတွက်ပါ ထိခိုက်လာနိုင်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

နအဖတပ်အင်အား (၅၀) ကျော်ဖြင့် လဲလှယ်တပ်စွဲနေသည့် တဒိန်ကျေးရွာသည် ဘုရားသုံးဆူမြို့မှ (၁၃) မိုင်ခန့်ကွာဝေးပြီး ဘုရားသုံးဆူ-သံဖြူဇရပ် နယ်စပ်လမ်းမပေါ်၌ မွန်ပြည်သစ် အကောက်ခွန်ဂိတ် (၁) ဂိတ် ဖွင့်လှစ်ထားရှိသည်။

အဆိုပါခြေမြန်တပ်ရင်းကို ဒုတပ်ရင်းမှူး အောင်ကျော်မိုး ဦးစီးပြီး ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်း လုံခြုံရေးအပါအဝင် အနန်းကွင်း ဗျူဟာရုံးနှင့် တပ်ရိက္ခာ ပို့ဆောင်ရာတွင်လည်း တာဝန်ယူထားကြောင်း သိရသည်။

No comments: