Thursday, January 28, 2010

ကျနော်နှင့် ဗိုလ်ဒေါင်းညို


(က)
ဗိုလ်ဒေါင်းညိုအား ကျနော် စတွေ့သည်မှာ ရဲရင့်သူတို့ရဲ့ အောင်ပွဲတွင် ဖြစ်သည်။ တီဗီဖန်သားပြင်၌ ဗိုလ်ဒေါင်းညိုသည် သံလွင်ရောင် ပြောက်ကျားယူနီဖောင်းနှင့် စိုစိုလွင်လွင်…။ နုပျိုသော သရုပ်ဆောင်ကြောင့် ဗိုလ်ဒေါင်းညိုသည်လည်း နုနုပျိုပျို….။


ရဲရင့်သူတို့ရဲ့ အောင်ပွဲတွင် ဗိုလ်ဒေါင်းညိုအပြင် ဗိုလ်ချုပ်ကြီး တာမလာဘောကိုလည်း တွေ့ရ၏။ ပြီးလျှင် ကျနော်တို့အဖွဲ့မှ ဆေးမှူး မှိုင်းဝေကိုလည်း တွေ့ရပြန်သည်။ ရဲရင့်သူတို့ရဲ့ အောင်ပွဲအား ရိုက်ကူးရသည့် ဒါရိုက်တာသည် စစ်အုပ်စုမှ ဝါဒဖြန့်ချိရေး ဇာတ်ညွှန်းအရ ရိုက်ကူးရသည့်အတွက်ကြောင့်လား…..၊ သို့တည်းမဟုတ် … အခြားသော အကြောင်းများစွာကြောင့်လား မသိ…..။ ဇာတ်အိမ်နှင့် ဇာတ်ကောင်များက ‘အတည်’ ရုပ်နှင့် သရုပ်ဆောင်ကြသော်လည်း ရယ်မောဖွယ်ရာ ဖြစ်နေသည်။ အလွဲ၊ အချော်များက လူ့ဘဝတွင် ‘ဟာသ’ ဟူ၍ ‘ရသ’ တခု ဖြစ်၍နေသည်။ ထားတော့….။ ကျနော် ဗိုလ်ဒေါင်းညိုအား ဤသို့ စတွေ့၏။ ‘စ’ သိ၏။ မာနယ်ပလော ကျပြီးစ (နအဖ) မှ ဝါဒဖြန့်သည့် ရုပ်ရှင်တွင် တွေ့သိရခြင်း ဖြစ်သည်။


(ခ)
မာနယ်ပလော ကျပြီးသည့်နောက် …. အဖွဲ့အတွင်း အဖွဲ့ဝင်အချို့က လွတ်ရာလွတ်ကြောင်း ရှာကြ၏။ အချို့ကလည်း ဦးဆောင်မှုအပေါ် စိန်ခေါ်ကြ၏။ အံတုကြ၏။ အဖွဲ့အတွင်း တည်ဆောက်ရေး လုပ်ငန်းစဉ်က ကျပ်ကျပ်တည်းတည်း … ခက်ခက်ခဲခဲနှင့် ပြန်လည်၍ တည်ဆောက်နေရသည့် ကာလ….။ ကျန်းမာရေး တာဝန်ခံက … ဆေးဝါးနှင့် ကုထုံးပစ္စည်းများအား ရောင်းချ၍ ခရီးနှင်သည်။ ထိုစဉ်က UNHCR က ဘန်ကောက်တွင်ပင် ရှိ၏။ ခေါင်းဆောင်မှုအပိုင်းက မခိုင်ခံ့….။ အတွေးအခေါ်အရ အချောင်သမား အယူအဆက ခေါင်းဆောင်မှုအတွင်း၌ပင် ရှိနေပြီ။ ဆက်သွယ်ရေး ရဲဘော်တဦးအား မာနယ်ပလောမကျမီ …. ကျလုကျဆဲမှာပင် …. ဘန်ကောက်သို့ ခေါ်သွားပြီး UNHCR လျှောက်စေ၏။ ထိုခေတ်က … UNHCR သည် ဒုက္ခသည်အဖြစ် သတ်မှတ်ခံရသူတဦးအား ဘတ်ငွေ ၃၅ဝဝ ထောက်ပံ့၏။ ရောက်ရာအရပ်မှ (ATM) ကဒ်ဖြင့် ထုတ်ယူရုံပင်…။ ထား….။

ထိုအခြေအနေများ အတွင်းမှာပင် …. ကျနော် စံခရဘူရီသို့ ရောက်သွားရ၏။ စံခရဘူရီမှတဆင့် …. ‘ပရော်’ သို့ ခရီးဆက်ရသည်။ ‘ပရော်’ တွင်က ကျနော်တို့အဖွဲ့၏ တောင်ပိုင်းဒေသစခန်း ရှိသည်။ စခန်းအား တာဝန်ယူသည့် ဗဟိုကော်မတီက နုတ်ထွက်လွှာတင်၏။ ပြီးလျှင် ….. မွန်ပြည်သစ်ပါတီ၏ သထုံခရိုင်အတွင်း သွားရောက်၍ ပြည်တွင်းစည်းရုံးရေး လုပ်ငန်းကိုသာလျှင် လုပ်ကိုင်နေလေ၏။ ‘ပရော်’ စခန်းအုပ်ချုပ်ရေးက တဗိုလ်တမင်းဆန်ဆန် …။ သေနတ်များကိုယ်စီ ရှိကြသဖြင့် …. စိုးရိမ်ဖွယ်ရာ အခြေအနေ….။


(ဂ)
‘ပရော်’ ရှိ တောင်ပိုင်းဒေသစခန်းအား ကျနော်တို့ ဖျက်သိမ်းလိုက်၏။ အပြစ်ပေးအရေးယူမှုများ ပြုလုပ်အပြီး … ကျန်သည့် အဖွဲ့ဝင်များဖြင့် မွန်ပြည်သစ်ပါတီ၏ မော်လမြိုင်ခရိုင်နှင့် ကေအင်ယူ ဒူးပလာယားခရိုင် အတွင်းသို့ဆင်း၍ နိုင်ငံရေး၊ စည်းရုံးရေး၊ သတင်းပြန်ကြားရေးနှင့် ပြည်တွင်းဆက်သွယ်စည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ကြမည်။

NMSP ၏ မော်လမြိုင်ခရိုင်နှင့် KNU ၏ ဒူးပလာယာခရိုင်ဟူသည်က …. ကျနော်တို့အတွက်မူ ယခုမှ ရောက်ဖူးသည့်ဒေသ …။ ဒေသအတွင်းရှိ လူထုအခြေအနေ၊ ရန်သူ့အခြေအနေ … မဟာမိတ်များ၏ အခြေအနေ … စသည်ဖြင့် အခြေအနေအရပ်ရပ်က … ကျနော့်အတွက် စိမ်းနေ၏။ မိတ်ဆက်ပေးမည့်သူလည်း မရှိ….။

ခရီးစဉ်က အစ …. လမ်းကြောင်းမှအစတွင် ရသည်မှာ ခက်ခဲနေ၏။ မည်သည့်ရွာတွင် နားမည်။ မည်သည့်ရွာတွင်မူ ညအိပ်မည် စသဖြင့် မခန့်မှန်းထားနိုင်။ ဟလော့ခနီ ဒုက္ခသည်စခန်းမှ ‘ခုနှစ်ဝါရွာ’ အထိ ကျနော်တို့ ၃ ရက် လျှောက်ကြရ၏။ အခက်အခဲမရှိ။ ဟလော့ခနီမှ ‘မရမ်းချောင်းဝ’ အထိက ကုန်သည်လမ်းအတိုင်း ကျနော်တို့ လိုက်ခဲ့ကြ၏။ လမ်းပြမလို…။ ကင်းဆက်…ဆက်ရန်မလို…။ ကုန်သည်လမ်းဖြစ်၍ အသွား၊အလာတို့က မပြတ်…။ သတင်းမေး၍ရသည်။ ရန်သူ၏ လှုပ်ရှားမှုသတင်းအား သတင်းထောက်၍ရ၏။ အရပ်သားကုန်သည်များသည်လည်း ရန်သူ့စစ်ကြောင်းများအား အတွေ့မခံ …. ရှောင်ကြ၏။ တွေ့လျှင် … ပေါ်တာအထမ်းသမားအဖြစ် လိုက်ရဖို့က သေချာ၏။ ကံမကောင်းလျှင် သူပုန်ဟူ၍ စွပ်စွဲပြီး အထုအရိုက်ပင် ခံရနိုင်၏။ ‘မရမ်းချောင်းဝ’ သို့ ရောက်သော် ကျနော်တို့က ကုန်သည်လမ်းမှ ဖယ်ခွာ၍ ဝင်းယော်ချောင်းဖျား ရှိရာဘက်သို့ ဦးလှည့်၍ လျှောက်ခဲ့ကြ၏။ ‘ခုနှစ်ဝါ’ ရွာက ဝင်းယော်ချောင်းဖျားတွင်ရှိသည့် ရွာငယ်လေးတရွာ ဖြစ်သည်။

‘ခုနှစ်ဝါ’ သို့ ရောက်ပြီး ခရီးဆက်ရန်တွင်မူ ကျနော်တို့ အခက်ကြုံတော့၏။ ရှေ့တွင်က ရန်သူ၏ လှုပ်ရှားစစ်ကြောင်းများကြားမှ သွားရမည်။ တိုင်းဗဟို လေ့ကျင့်ရေး ၄ နှင့် အစုန်းကွင်း ဗျူဟာကြားမှ ဖြတ်၍ သွားရမည်။ ဘုရားသုံးဆူ သံဖြူဇရပ်ကားလမ်းအား ကူးရမည်။ ဤအတွက် လမ်းပြလို၏။ လမ်းပြက … ‘ခုနှစ်ဝါ. တွင် ရှာ၍မရ…။ ရွာသားများက ရွာတွင် မရှိကြ။ တောင်ယာများသို့ ရောက်နေကြပြီ။ ရွာတွင်က သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များသာ ရှိကြ၏။ လမ်းပြမရသဖြင့် ခုနှစ်ဝါရွာအနီးရှိ တောင်ထန်းခြံအတွင်း၌ ကျနော်တို့ သောင်တင်၍နေသည်။

၂ ရက်ရှိပြီ။ လမ်းပြက ရှာ၍မရသေး…။ ရန်သူနှင့်နီးသော ယခုကဲ့သို့သော နေရာမျိုးတွင် တနေရာထဲ၌ အချိန်ကြာကြာ နေ၍မသင့်….။ သို့သော် … ခရီးဆက်ရန်ကလည်း … လမ်းပြမပါဘဲ သွား၍ မည်သို့မျှ မဖြစ်….။ ခက်ပြီ။

ဤတွင် …. ကျနော်တို့ ဗိုလ်ဒေါင်းညိုနှင့် ဆုံတွေ့ကြခြင်းဖြစ်သည်။ ဗိုလ်ဒေါင်းညိုက တပ်စုတစုနှင့်အတူ ရေး-မော့ကနက်ဘက်မှ ပြန်လာခြင်းဖြစ်သည်။ ခုနှစ်ဝါရွာသို့အရောက်တွင် …. ‘ပယော်ကျိုးဖိုး’ တဖွဲ့ တောင်ထန်းခြံအတွင်း ရှိနေသည်ဟု ရွာသားများထံကြားသိရပြီး…. ကျနော်တို့ရှိရာသို့ ရောက်လာခဲ့ခြင်းဖြစ်၏။

ဒေသတွင်းလူထုက ကျနော်တို့တွေအား … ABSDF ၊ DPNS ၊ NLD စသဖြင့် ခွဲခြားပြီး မသိကြ။ သိနိုင်ရန်လည်း မလွယ်…။ ဤအတွက် …ရှစ်ဆယ့်ရှစ် (၈၈) အရေးတော်ပုံကြီးမှ ပေါက်ဖွားလာခဲ့သည့် ဒီမိုကရက်တစ် အင်အားစုများ အားလုံးကို ‘ပယော်ကျိုးဖိုး’ ဟူ၍ပင် ခေါ်ကြ၏။ ‘ပယော်ကျိုးဖိုး’ ဟူသည်ကား…. ‘ ဗမာကျောင်းသား’ ဟူ၍ မြန်မာလို အဓိပ္ပာယ်ပြန်၍ ရမည်။


(ဃ)
ဗိုလ်ဒေါင်းညိုက … အသားညိုညို…။ ညိုသောအသားက မြေလတ်သားတဦး ကဲ့သို့ပင်…။ ပိန်ပါးပြီး လက်ပြင်ကုန်းသည့် ကိုယ်ဟန်က …စစ်သားတဦးနှင့်မတူ…။ အုပ်ချုပ်ရေးမှ ‘ဖဒို’ တဦး … သို့မဟုတ် ပညာရပ်ဆိုင်ရာ တပ်ဆွယ်တခုခုမှ အရာရှိတဦး၏ ရုပ်သွင်ဟန်ပန်နှင့်…။
မွန်ပြည်နယ် ရေးမြို့နယ် အထက်တန်းကျောင်း၌ အထက်တန်းပညာ သင်ယူခဲ့ပြီးသည့် နောက်တွင်မှ …. ကရင့်လက်နက်ကိုင် တော်လှန်ရေးအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရယ်မောလျှင် …. ဗိုလ်ဒေါင်းညို၏ လက်ယာဘက်ပါးသည် ပါးချိုင့်တခုသဖွယ်… အတွင်းသို့ ချိုင့်ဝင်၍သွား၏။ ‘ဝမ်ခ’ တွင်ရခဲ့သည့် ဒဏ်ရာက …. ဗိုလ်ဒေါင်းညိုအား ပါးချိုင့်တခုအဖြစ် ဖန်းတီးပေးခဲ့ခြင်း….။

ဗိုလ်ဒေါင်းညို၏ အကူအညီနှင့်ပင် ကျနော်တို့ ခုနှစ်ဝါမှ ခရီးဆက်ဖြစ်ခဲ့ကြ၏။ ဘုရားသုံးဆူ၊ သံဖြူဇရပ်ကားလမ်းအားကူးကြ၏။ စစ်တပ်မှယာဉ်တန်းတတ်နေသည့်အတွက်….အစုန်းကွင်းဗျူဟာသည် လုံခြုံရေးအား သံဖြူဇရပ်၊ အစုန်းကွင်းလမ်းပိုင်းတွင် စေ့စေ့ပိတ်ပိတ်ချထား၏။ တဖာလုံအကွာတွင် ကင်းတခု ထိုးထား၏။ ပြီးလျှင် …. လှုပ်ရှားစစ်ကြောင်းသည်လည်း လမ်းကြောင်းအတွင်း အထက်အောက်ချီနေ၏။ ဤကြားမှ … ကျနော်တို့ သံဖြူဇရပ်၊ ဘုရားသုံးဆူ ကားလမ်းအား ဖြတ်ကူးရသည်မှာ မလွယ်…။ ဗိုလ်ဒေါင်းညိုတို့ မပါလျှင် … ကျနော်တို့ ဤလမ်းအား ဖြတ်ရန်မဖြစ် …။ မည်သို့မျှ မလွယ်။


(င)
KNLA တပ်ရင်း ၁၆ တွင် တပ်ခွဲ ၃ နှင့် တပ်ခွဲ ၅ က …. တိုက်ခိုက်ရေးတွင် နာမည်ရသည့် တပ်ခွဲ ၂ ခွဲဟု ဆိုရမည်။ ခွဲ ၅ ၏ တပ်ခွဲမှူးက ဗိုလ်တင်လှိုင်ဖြစ်ပြီး … ခွဲ ၃ ၏ တပ်ခွဲမှူးက ဗိုလ်ဒေါင်းညို ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် ရန်သူ၏ ထိုးစစ်ကြောင့် စခန်းသစ်၊ အဇင်း၊ ကျိုက်ဒုံအကျတွင် …တပ်ရင်း ၁၆ ၏ တပ်ရင်းမှူး စောသမူဟဲ ရန်သူ့ထံ၌ လက်နက်ချ၏။ အညံ့ခံရာတွင် … တပ်ခွဲများအား တပ်ရင်းစည်းဝေးပွဲရှိသည်ဟူ၍ အကြောင်းပြပြီး ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ သူ၏ စခန်းသို့ ခေါ်သည်။ သူ၏ စခန်းသို့ရောက်မှ ရန်သူနှင့် ကြိုတင်ညှိနှိုင်းထားခဲ့ပြီး လက်နက်ချရန် တပ်ခွဲများအား ပြော၏။ မတတ်နိုင်….။ တပ်ရင်းမှူး စောသမှူးဟဲနှင့်အတူ တပ်ခွဲ ၄ ခွဲ ရန်သူ့ထံသို့ လက်နက်ချလိုက်ကြရသည်။

ဤတွင် …. ခွဲ ၃ နှင့် ခွဲ ၅ ကမူ စောသမူဟဲခေါ်သည့် တပ်ရင်းအစည်းအဝေးသို့ မသွားရောက်ခဲ့ကြသည့်အတွက် လက်နက်ချသည့် တပ်ခွဲများအတွင်း၌ မပါ…။ သို့သော် …. တပ်ရင်းမှူး အပါအဝင် တပ်ရင်း၏ သုံးပုံနှစ်ပုံမျှ လက်နက်ချခဲ့သည့်အတွက် ခွဲ ၃ နှင့် ခွဲ ၅ အတွင်းတွင်လည်း ဂယက်ရိုက်မှုများက ကြီးမား၏။ ထိန်းသိမ်းရသည်မှာမလွယ် …။ အချို့သော ရဲဘော်များက စောသမူဟဲ၏ နောက်သို့ လိုက်ကြ၏။

အချို့ရဲဘော်များက … လက်နက်အား ထားရစ်ခဲ့ပြီး ဇာတိရွာများသို့ပြန်၍ အရပ်သားလုပ်လိုက်ကြ၏။ အချို့သော ရဲဘော်များက …ထိုင်းနိုင်ငံသို့တက်၍ အလုပ်ထွက်လုပ်ကြ၏။ ယခင်က အင်အား တရာကျော်ရှိသည့် ဗိုလ်ဒေါင်းညို၏ တပ်ခွဲသည် ရက်သတ္တပတ် အနည်းငယ်အတွင်း အင်အားထက်ဝက်မျှ လျော့သွား၏။

တနေ့ …. မြိုင်ကုန်းနှင့် ဖားပြရွာအကြားရှိ နေနက်ကွင်းအနားတွင် ကပ်၍ ကျနော်တို့ ဗိုလ်ဒေါင်းညိုတို့နှင့် အတူတွဲ၍ တစ်ညအိပ်ကြ၏။ အားလုံးပေါင်းမှ ၁၅ ဦးခန့်ပင် ရှိမည်။ ဖားပြတ်တွင်က ရန်သူစခန်းရှိ၍ ကင်း ၂ ကင်းချ၍ အိပ်၏။ မိုးလင်းပိုင်းကင်းကိုမူ အရေးကြီးသည့်အတွက် အတွေ့အကြုံရှိသည့် ရဲဘော်များအား တာဝန်ယူစေ၏။

ထိုညက…. မိုးလင်းကင်းချိန် နံနက် ၄ နာရီနှင့် ၆ နာရီကင်းအား ဗိုလ်ဒေါင်းညို၏ တပ်ခွဲမှ တပ်စိတ်မှူးနှင့် ဒု-တပ်စိတ်မှူးတို့ တာဝန်ယူကြ၏။ နံနက်မိုးလင်း၍ ကင်းသိမ်းချိန်ရောက်သည့်အထိ ဗိုလ်ဒေါင်းညို၏ ကင်းသမား ရဲဘော် ၂ ဦးက ပြန်မလာ….။ တခုခုပင်…။ ဗိုလ်ဒေါင်းညိုနှင့် ကျနော်တို့ ကင်းနေရာသို့သွား၍ စစ်ကြ၏။ ဤတွင် …. ကင်းသမားရဲဘော်ကြီး ၂ ဦးမှ သေနတ်များအား ကင်းနေရာတွင်ပင် ထားခဲ့ပြီး …တပ်မှ ထွက်ခွာသွားကြ၏။ တပ်စိတ်မှူးနှင့် ဒု-တပ်စိတ်မှူးတို့ ထားရစ်ခဲ့သည့် လက်နက်ငယ် ၂ လက်အား သိမ်းယူနေသည့် တပ်ခွဲမှူး တဦး၏ ရင်ခုန်သံအား ကျနော် နားစွင့်နေမိ၏။


(စ)
KNLA တပ်ရင်း ၁၆ အား ပြန်လည်၍ စုဖွဲ့၏။ တပ်ရင်းမှူးက ဗိုလ်မှူး စောဂျိုးဇက် ဖြစ်၏။ ဒု-ရင်းမှူးကမူ ယခင်တပ်ခွဲ ၅ မှ ခွဲမှူး ဗိုလ်တင်လှိုင် ဖြစ်၏။ ဗိုလ်ဒေါင်းညိုမှာမူ ခွဲ ၃ ၌ တပ်ခွဲမှူးပင် ….၊ တိုက်ပွဲများအတွင်းမှာပင် KNLA တပ်ရင်း ၁၆ သည် ယခင်ကကဲ့သို့ အင်နှင့်အားနှင့် တိုက်ပွဲများအား ဖော်လာနိုင်ခဲ့သည်။ တောင့်တင်းကြံ့ခိုင်လာခဲ့၏။ ၁၉၉၉ ခုနှစ်၏ ဆောင်းနှောင်း ကာလတွင် ကျနော် ဗိုလ်ဒေါင်းညိုနှင့် ဝင်းယော်ချောင်းဘေးရှိ လယ်တဲငယ်လေးတစ်ခုတွင် ဆုံမိကြ၏။ ထိုနေရာတွင် ဝင်းယော်ချောင်းသည် အိုမီဂါသဏ္ဍာန်ကဲ့သို့ ဝိုက်ထား၏။ ရန်သူ့အတွက် ဝင်ရန်ခက်ခဲ့သည့်ဒေသ …။ ဗိုလ်ဒေါင်းညိုအားကြည့်ရသည်မှာ ကျန်းမာရေး ချို့တဲ့နေသည့် ဟန်အား တွေ့ရ၏။ ပါးလွှာသောခန္ဖာသည် ပို၍ ပိန်လျားလွန်းလှ၏။ ဝမ်းခေါင်းအတွင်းမှ အောင့်သည့်ဝေဒနာက သူ့အား စဉ်ဆက်မပြတ်တိုက်ခိုက်၍ နေ၏။ စစ်ရေးတာဝန်များကြောင့် သူ၏ ကျန်းမာရေးအား စနစ်တကျ ဆေးရုံဆေးခန်းတခုခုတွင် စစ်ဆေးရန် အခြေအနေက မပေး …။ အစာအိမ်အနာလား …၊ သို့မဟုတ် …၊ ဝေခွဲရနိုင်သည့် အခြေအနေကား မရှိ။ မတတ်နိုင် … ဆော်ဒါကိုသာ သောက်ရင်း ကုသ၍ နေနေရ၏။ ပွင့်လင်းရာသီဖြစ်၍ ရန်သူနှင့် စစ်ကစားမှုက နေ့စဉ်လိုလိုပင် …။ ဗိုလ်ဒေါင်းညိုက ဆော်ဒါထုတ်အား ကျောပိုးရင်း ကာဗိုင်တလက်နှင့် စစ်ဆင်ရေးအား ဆင်နွှဲ၍ နေ၏။

(ဆ)
၂ဝဝဝ ခုနှစ်၏ နှစ်ဦးတွင်ပင် ဗိုလ်ဒေါင်းညို “ဟွေ့မလှိုင်း” ရှိ ဆေးရုံတွင် တက်ရောက်ကုသနေရကြောင်း သတင်းကြားရသည်။ “ဟွေ့မလှိုင်း” ဆေးရုံက ထိုင်း-မြန်မာနယ်စပ်ရှိ ဆေးရုံကလေးတရုံ ဖြစ်သည်။ ဟလော့ခနီ ဒုက္ခသည်စခန်းနှင့် ဆန်ခရပူရီအကြား၌ ရှိသည်။ ကျန်းမာရေး စစ်ဆေးမှုအပြီးတွင် ဗိုလ်ဒေါင်းညို၏ ရောဂါကား … ကင်ဆာ။ အစာအိမ်ကင်ဆာ …။ ကင်ဆာက ဗိုလ်ဒေါင်းညို၏ အစာအိမ်မှသည် အူမကြီး … ပြီးလျှင် … မြစ်ပွားများက အတွင်းပိုင်း၌ ဖြန့်ကျက်၍ နေရာယူထားကြပြီးဖြစ်သည်။

ဟွေ့မလှိုင်း ဆေးရုံအတွင်း၌ပင် ဗိုလ်ဒေါင်းညို ကွယ်လွန်ခဲ့၏။

“ရဲရင့်သူတို့ အောင်ပွဲ” မှ ဗိုလ်ဒေါင်းညိုနှင့် ကျနော်သိသော ဗိုလ်ဒေါင်းညိုအား အဝေးအနီး၊ အလင်းအမှိန်အလိုက် ဖြတ်ကနဲ ဖြတ်ကနဲ အကဲဖြတ်၍ ကြည့်မိ၏။ ကျနော်သိသော ဗိုလ်ဒေါင်းညိုကား ဘုရားသခင်ထံတွင် ငြိမ်သက်စွာနှင့် အိပ်စက်၍ နေလေသည်။


No comments: