Wednesday, January 27, 2010

မဲဆောက်သွားတဲ့လမ်း


''ခရီးသွားခြင်းသည် စိတ်ကိုလည်း အငြီးပြေစေသည်။ ဗဟုသုတအဖုံဖုံကိုလည်း ရစေသည်။ လူထုများ၏ ဘဝကိုလည်း အနီးကပ် လေ့လာခွင့်ရသည်။ တနည်းပြောရလျှင် ပန်းခင်းကို မြင်းစီးပြီးကြည့်သည်နှင့် တူပါသည်။ မြင်းပေါ်မှ ကြည့်ရသဖြင့် အချို့ပန်းများ၏ အသွေးအရောင်ကို သဲကွဲစွာ မမြင်ရပါ။ အချို့ ပန်းများ၏ ရနံ့ကို ခွဲခွဲခြားခြား မရှူရှိုက်ရပါ။ အဝေးကသာ ရှူရှိုက်နိုင်ပါ၏။ မြင်းပေါ်မှဆင်းပြီး ပန်းခင်းတွေထဲ ကို သွားကာ နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်လျှင်မူ အကောင်းဆုံး ဖြစ်ပေလိမ့်မည်'' လို့ စာထဲမှာ ကျမ ဖတ်ရဖူးပါတယ်။

ခရီးသွားခြင်းကို ကျမ နှစ်သက်သူပါ။ ခရီးတွေသွားဖို့ ကံကြမ္မာကလည်း ဖန်တီးခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်ထဲက ထောင်ဒဏ် ၁၄ နှစ်နဲ့ အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေးသမား ခင်ပွန်းသည်ကို ထောင်ဝင်စာတွေ့နိုင်ဖို့ လစဉ် သွားခဲ့ရတာ ၈ နှစ် ကြာခဲ့တယ်။ ခင်ပွန်းသည် လွတ်လာတော့ ဘဝတူအကျဉ်းကျ မိသားစု တွေ့ရတဲ့ ထောင်ဝင်စာခရီးက ၂ နှစ် ကြာခဲ့တယ်။ ဒါ့အပြင် ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေဆီကို ထောင်ဝင်စာ တွေ့မယ့် မိသားစုတွေ အလွမ်းတံတားထိုးနိုင်ဖို့ ကျမ လိုက်ပို့ခဲ့ရတာ။

မြစ်ကြီးနား၊ မိုင်းဆတ်၊ ဘူးသီးတောင် အကျဥ်းထောင်တွေအထိ ရောက်ခဲ့ရတယ်။ လမ်းခရီးအတွေ့အကြုံ ခံစားမှု၊ ဒေသခံတွေရဲ့ ဒေသထွက်ကုန် အစရှိတာတွေကို ကျမ ခံစားရသလောက် ခရီးသွားဆောင်းပါးတွေ ရေးခဲ့ဖူးတယ်။

ဆရာကြီး ဒဂုန်တာရာကတော့ ''ကျနော်က ခရီးသွားရင် ဘယ်တော့မှ မအိပ်ဘူး။ လမ်းဘေးဝဲယာက ရှုခင်းတွေကို မျက်စိတဆုံး ကြည့်ရတယ်။ အရောင်တွေ၊ ရှုခင်းတွေကို မှတ်မိနေတော့ အခု စာရေးနေတာကို အများကြီး အထောက်အကူပြုတယ်။ ကျနော့်မျက်လုံး ကွယ်သွားတဲ့နောက် ဘာမှမြင်ရတော့တာ မဟုတ်ဘူး။ အရင်တုန်းက မြင်ခဲ့တာတွေကို မြင်ယောင်ပြီး ရေးရတာ။ စာရေးရင် ကက်ဆက်ခွေထဲ အသံသွင်းပြီး၊ ကျနော်က ပါးစပ်နဲ့ ရေးတယ်။ တူမ မြင့်မြင့်စိန်နဲ့ မြေးမ ဒေဝီက အသံနားထောငိပြီး စာနဲ့ ပြန်ရေးတယ်'' လို့ ကျမကို ပြောပြဖူးပါတယ်။

ဆရာကြီးလိုမျိုး အမြင်အာရုံ မချို့ယွင်းသေးတဲ့ ကျမလည်း ရောက်ခဲ့ဖူးတဲ့ မြန်မာပြည်အနှံ့က ရှုမျှော်ခင်း၊ စေတီပုထိုး၊ တောတောင်၊ မြစ်ချောင်းအင်းအိုင်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို ပြန်မြင်ယောင်ပြီး ရေးနေရပါတယ်။ ဒုက္ခသည်စခန်းမှာ ၁ နှစ်ကြာ နေထိုင်ပြီးတဲ့ အချိန်မှာ လူ့ပတ်ဝန်းကျင်၊ လူ့အဖွဲ့အစည်း ကျေးလက်ကနေ မြို့ပြကို ကျမ ရောက်ဖူးရတော့တယ်။ စခန်းထဲက ကျောင်းလေးအတွက် ကျောင်းကော်မတီ အဖွဲ့တွေနဲ့အတူ ကျမ မဲဆောက်ကို သွားခွင့်ရခဲ့တာပါ။ ဒုက္ခသည် ခွင့်လက်မှတ်နဲ့ မဲဆောက်မှာ သီတင်း ၁ ပတ် နေထိုင်ခွင့် ရှိတယ်။ လွတ်လပ်စွာ သွားလာခွင့် ရှိတယ်။ မဲဆောက်သွားဖို့ စခန်းအုပ်ချူပ်ရေး ပလာဆီမှာ လက်မှတ်လုပ်ရတယ်။ ဒုက္ခသည်ဗီဇာပေါ့။ စခန်းထဲက မွန်းကြပ်မှုတွေ ခေတ္တပြေပျောက်ဖို့ စခန်းအပြင်ထွက်ရတာလည်း စိတ်ကုထုံးတမျိုးပါပဲ။

မဲဆောက်ခရီးက တောတောင်အထပ်ထပ်ကို ၆ နာရီလောက် ကားနဲ့ ကျော်ဖြတ်ရတယ်။ စခန်းထဲကနေ ကားနဲ့ စခန်းအပြင်ကို ဒုက္ခသည်ဘဝနဲ့ ပထမဆုံး ထွက်ရခြင်းပါပဲ။ ကျမတို့စခန်းက တောင်ပေါ်ကျေးလက် နို့ဖိုးရွာနဲ့ ကပ်ရက်ပါ။ ပထမဆုံး ကျမတို့ကားကို စစ်ဆေးတဲ့ တာဝန်ရှိသူတွေကို ခွင့်လက်မှတ် ပြရတယ်။ တောရိပ်တောင်ရိပ်အောက်မှာ ပလိုင်းနဲ့ ဟင်းရွက်ရှာ၊ ထင်းရှာနေသူတွေကို တွေ့ရပါတယ်။ သဘာဝအတိုင်း စီးဆင်းနေတဲ့ စမ်းချောင်းတွေကိုလည်း တွေ့ရသေးတယ်။

တောင်ထဲမှာ ဇရပ်လို နားနေနိုင်တဲ့ အဆောက်အဦးတွေ ရှိတယ်။ ပုံစံက ထိုင်းပုံစံ အဆောက်အဦးပေမယ့် မြန်မာ့ယဉ်ကျေးမူနဲ့ သိပ်ကို နီးစပ်ပါတယ်။ နားနေနိုင်ဖို့ ဆောက်ထားတဲ့ ဇရပ်တွေကို ကားပေါ်က ကျမ ကြည့်ပြီး မြန်မာပြည်ကို လွမ်းသွားတယ်။ မြန်မာပြည်ရဲ့ ဒေသတိုင်းမှာ မြန်မာလူမျိုးတိုင်းအတွက် သစ်ရိပ်ဝါးရိပ်၊ ထီးရိပ်နန်းရိပ်၊ ဆွေရိပ်မျိုးရိပ်နဲ့ ချွေးသိပ်နားခိုရာ ဇရပ်တန်ဆောင်းတွေ ရှိတယ်လေ။ သစ်ပင်အရိပ်၊ ဇရပ်အရိပ်တွေမှာ ရေချမ်းစင်လေးတွေ ရှိတတ်တယ်။ ရေချမ်းစင်တွေရဲ့ ထုံးစံ ဒေသထွက် မြေသောက်ရေအိုး၊ သဲအိုးကလေးတွေမှာ လက်ကိုင်ပါ သစ်သားပြားလေးတွေ ဖုံးထားလေ့ရှိတယ်။ အုန်းသီးမှုတ်ကို လက်ကိုင်ရိုး တပ်ထားတဲ့ သောက်ရေမှုတ်လေးတွေကို ကန့်လန့်ဖြတ် တင်ထားကြတယ်။ ရေသောက်သူ များလွန်းလို့ ရေမှုတ်အိုးလေးက ခြောက်တယ်မရှိဘူး။ ရေအလှူရှင်ကလည်း ရေအမြဲ ဖြည့်ပေးလေ့ရှိတယ်။

ကျမ မြင်ဖူးသလောက် ရေချမ်းအိုးလေးများကို ပုံစံအမျိုးမျိုးနဲ့ တည်ထားတတ်ကြတယ်။ မနိမ့်မမြင့် သောက်မီရှံ သစ်ပင်ခွဆုံ ကောင်းကောင်းမှာ အထိုင်ကျအောင် ညှပ်တည်ထားတာလည်း ရှိတယ်။ ရေအိုးနှုတ်ခမ်းကို သံနန်းဆိုင်းကြိုးနဲ့ သိုင်းပြီး သစ်ကိုင်းတုတ်တုတ်မှာ ကရွတ်ခွေနဲ့ တန်းလန်းဆွဲထားတာမျိုးလည်း ရှိပါတယ်။ တချို့နေရာတွေမှာ လေးတိုင်စင်လေးထိုးပြီး ထန်းရွက်စိမ်း နှစ်ရွက်သုံးရွက်ထပ်မိုးကာ ရေချမ်းစင်လေး သီးသန့်တည်ထားတာမျိုးလည်း ရှိတယ်။ လယ်မြေကိုင်းကျွန်းကောင်းတဲ့ ရွာကြီးတွေမှာတော့ အုတ်ရေချမ်းစင်တွေ ရှိတတ်တယ်။ ဒီလိုအုတ်ရေချမ်းစင်တွေမှာတော့ သောက်ရေအိုး နှစ်လုံးသုံးလုံး ရှိတတ်တယ်။ ရေအိုးအောက်မှာ သဲထူထူခင်းထားပြီး စပါးစေ့တွေ ကြဲထားတော့ ရေသွန်တိုင်း စပါးပင်လေးတွေ လန်းနေကြတယ်။ သဲအိုးမြေအိုးထဲက သောက်ရေအေးအေး နေရာမှာ ရေသန့်ဘူးတွေ နေရာယူလာပြီ။ ဇရပ်တွေကိုမြင်ပြီး ရေချမ်းစင်နဲ့ ရပ်ဓလေ့ရွာဓလေ့ကို ကျမ လွမ်းသွားတာ။

မဲဆောက်သွားတဲ့ လမ်းမှာတော့ တောင်တွေမှာ စိမ်းညို့ထူထပ်နေတဲ့ သစ်ပင်တွေ ရှိတယ်။ လှေကားထစ်ပုံစံ ဂေါ်ဖီစိုက်ခင်းတွေ ရှိတယ်။ ပြောင်းဖူးပင်တွေ ရှိတယ်။ တထပ်တိုက်အိမ်တွေအပြင် သစ်သားအိမ်ပုံစံတွေက လှမှလှ။ ဆိုလပ်စ်ပြားတွေနဲ့ မီးလင်းနိုင်တဲ့ တောင်သူတွေအိမ်မှာ စလောင်းစင်တွေ ရှိတယ်။ အိမ်တွေရဲ့ အထွတ်အမြတ် နေရာတွေမှာ၊ လမ်းဝမုခ်ဦးတွေမှာ ထိုင်းတော်ဝင်ဘုရင်မင်းမြတ်နဲ့ ဘုရင်မပုံတွေ ရှိတယ်။ ထိုင်းဘုရင် နုပျိုစဉ်က တောင်သူကြီးတွေနဲ့အတူ တောင်ယာထဲမှာ ရင်းရင်းနှီးနှီး တွေ့နေတဲ့ပုံ၊ အားပေးနေတဲ့ ပုံတွေက မြင်ရသူ ကျမတို့ပါ ဝမ်းသာပျော်ရွှင်လာရတယ်။ နိုင်ငံ့ခေါင်းဆောင်တဦးကိုယ်တိုင် ခက်ခဲကြမ်းတမ်းတဲ့ သူတို့လုပ်ငန်းခွင်ထဲကို လာရောက်အားပေးတာက သူတို့ ဘဝလုံခြုံမှုကို အာမခံပေးလိုက်သလိုပဲလို့ ကျမတို့ ခံစားနိုင်ပါတယ်။

ကားလမ်းတွေက ကောင်းမှကောင်း။ ချောက်ကမ်းပါးဘက်ကို သံတန်းတွေနဲ့ ကာကွယ်ထားတာ။ တောလမ်းတလျှေက်ပါပဲ။ ဘုန်းကြီးကျောင်းတွေ၊ စတိုးဆိုင်တွေ၊ ဓာတ်ဆီဆိုင်တွေ၊ အိမ်သာတွေကလည်း တောနဲ့မလိုက်အောင် ခန်းခန်းနားနား ရှိလှတယ်။ တိတ်ဆိတ်တဲ့ တောတောင်ထဲကနေ ဆူညံတဲ့ မြို့ပြထဲကို ကျမတို့ တဖြည်းဖြည်း တိုးဝင်နေတာလေ။ ကွေ့တွေများတဲ့ တောလမ်းတွေကို ကားဖြတ်တော့ ကားမူးတဲ့ကြားက တောင်တောင်ရှုခင်းအလှကို မဖြစ်မနေ ကြည့်ရသေးတယ်။ တောင်စောင်းစိုက်ခင်းတွေမှာ သေးသေးရွရွ လှုပ်ရှားနေကြတဲ့ လူတွေကို တွေ့ရတယ်။ စိုက်ခင်းကို ရေပေးနိုင်အောင် တောင်ခြေရင်း စမ်းရေကို ရေစုတ်စက်နဲ့ တင်နေကြတယ်။ တောင်သူတွေ လည်ရှည်ဘွတ်ဘိနပ်စီး၊ ခမောက်ဆောင်း၊ တံစဉ်ကို ခါးထိုးပြီး ဆိုင်ကယ်တွေနဲ့ သွားလာနေကြတယ်။ လမ်းညွှန်ဆိုင်းဘုတ် မြို့ဝင်ဂိတ်တွေက ထိုင်းစာလုံးတွေနဲ့။

အုန်းဖန်ဆိုတဲ့ နယ်မြို့နေရာမှာ မဲဆောက်သွားမယ့် ကားကို ပြောင်းစီးရတယ်။ ပိုင်ခလိုင် အုန်းဖန်ကားကို ကျမတို့ စီးခဲ့တာမို့ မဲဆောက်သွားမယ့် ကားကို ပြန်စီးရမယ်။ ပိုင်ထိနိုင်းဆိုတဲ့ ထိုင်းစကားက ဘယ်ကိုသွားမှာလဲလို့ အဓိပ္ပာယ်ရပါတယ်။ ထိုင်းလူမျိုး ကားဆရာက မဲဆောက်လို့ပြောတဲ့ စကားသံက သိပ်ကို မြန်မာပီသပါတယ်။ ကျမထင်တယ်။ မြို့တမြို့က လူ့အဖွဲ့အစည်းကို ၁ နှစ်အတွင်းမှာ ပထမဆုံး မြင်ရတဲ့ နေရာပါပဲ။ လွန်ခဲ့တဲ့ ၁ နှစ်က ကိုင်ခဲ့တဲ့ လက်ကိုင်ဖုန်းကို အသုံးပြုနိုင်ခဲ့ပြီ။ ဟန်းဖုန်းအဖွင့်အပိတ်ကို တော်တော်နဲ့ ပြန်မမှတ်မိဘူး။ ကျမတို့အဖွဲ့ ကမ္ဘာဦးလူသားတွေ မီးကို စတွေ့သလို ဖုန်းလိုင်းမိပြီ၊ ဖုန်းလိုင်းမိပြီနဲ့ ဝမ်းသာအားရ အော်ဟစ်နေကြတယ်။

အုန်းဖန်နယ်မြို့လေးကနေ မဲဆောက်မြို့တော်ကြီးက မိတ်ဆွေအသီးသီးဆီကို လှမ်းပြီး နှုတ်ဆက်ကြတယ်။ ကျမတို့ ၁ နှစ်ကြာခွဲ နေရတဲ့ အချိန်ကနေပြီး သိပ်မကြာခင် နာရီပိုင်းအလိုမှာ လူကိုယ်တိုင် တွေ့ရတော့မယ်။ ကျမတို့ အခက်အခဲ၊ စိတ်ခံစားမှု၊ အတွေ့အကြုံအသစ်တွေကို သူတို့ကို ပြောပြမယ်။ သူတို့ဆီက သစ်လွင်လတ်ဆတ်တဲ့ သတင်း၊ ခွန်အားရှိမယ့် အားပေးစကား၊ မျှော်လင့်ချက်ရှိမယ့် ရှေ့လုပ်ငန်းတွေ သိခွင့်ရှိမယ်လေ။ ဒါပေမဲ့ အုန်းဖန်မှာ ဝမ်းတူးကော ဘတ် ၁ဝဝ တန် ဖုန်းကဒ်ဝယ်နိုင်သူတွေသာ မိတ်ဆွေဆီ နှုတ်ဆက်နိုင်ကြတာပါ။ မိတ်ဆွေတွေနဲ့ တွေ့ပြီးမှ ဖုန်းကဒ်ဝယ်ရမယ့်သူတွေက ဖုန်းငှားပြီး မိတ်ဆွေဆီ ဖုန်းဆက်ရပါတယ်။

အုန်းဖန်ရဲ့ အိမ်တွေက သစ်သားအိမ် ပုံစံလှလှတွေ အများကြီးပါပဲ။ ထိုင်းရိုးရာ အိမ်ပုံစံတွေက အိမ်ရူး ကျမအတွက် မျက်တောင်မခတ် ငေးချင်စရာ။ ထိုင်းရိုးရာ အိမ်တလုံးဟာ ကိုယ်ခန္ဓာ သက်တောင့်သက်သာ ဖြစ်မှုထက် စိတ်ဓာတ်အရ သက်သောင့်သက်သာ ဖြစ်မှုကို ဦးစားပေးတယ်။ သစ်ရိပ်တွေဝေနေတဲ့ အုန်းဖန်တလျှောက် ခန်းနားလှပတဲ့ ကျွန်းအိမ်တွေကို တွေ့ရတယ်။ ကျယ်ပြန့်ပြီး အပြင်ကို ကားထွက်နေတဲ့ တံစက်မြိတ်တွေက မုတ်သုန်မိုးဒဏ်ကို အကာအကွယ် ပေးထားပါတယ်။ ကျယ်ပြန့်တဲ့ လသာဆောင်ကြီးတွေက ပူလောင်အိုက်စပ်တဲ့ နွေရာသီမှာ အတော်အေးမြတဲ့ နားနေရာကို ပေးပါလိမ့်မယ်။ အုန်းဖန်စတိုးဆိုင်ထဲမှာ မုံ့နဲ့ ရေသန့်ဘူး ဝယ်ရသလို၊ ဖုန်းကဒ်လည်း ဝယ်လို့ ရပါတယ်။ အိမ်နဲ့ ဆိုင် တွဲထားတဲ့ စတိုးဆိုင်ရဲ့ ကျွန်းသားကြမ်းခင်းကို နင်းမိတဲ့ကျမ လူသားတယောက်လို ပြန်ဖြစ်လာတယ်လို့ ခံစားလိုက်ရတယ်။

အုန်းဖန်ကား ရပ်နားရာနေရာ အများသုံး အိမ်သာက နိုင်ငံခြား ရုပ်ရှင်ကားထဲကလိုပဲ။ သန့်ရှင်းသပ်ရပ်လို့ ကျယ်လွင့်နေတဲ့ အိမ်သာက ဘိုထိုင်တွေ။ မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာတောင် အခပေးတက်ရတဲ့ အိမ်သာက အခုလို သပ်ရပ်သန့်ရှင်း မရှိဘူး။ အဆောက်အဦး ကျယ်ကျယ်က ကျမတို့ မင်္ဂလာဒုံလေဆိပ် ပြည်တွင်းလေယာဉ် ရပ်နားတဲ့ အဆောက်အဦးထဲက အိမ်သာထက် သာပါတယ်။ မျက်နှာချင်းဆိုင်က ဓာတ်ဆီဆိုင်မှာ လူရှင်းနေတယ်။

မြန်မာပြည်က ဓာတ်ဆီဆိုင်တွေမှာဆို ယာဉ်အပြည့် တန်းစီထားတဲ့ ကားတွေက ရှင်လောင်းလှည့် နေသလိုပါပဲ။ ညအိပ်တန်းစီရတဲ့ ကားတွေကို အမီပြုပြီး ဈေးရောင်းရတဲ့ ဈေးသည်တွေကို ကျမ သတိရမိသေးတယ်။ လမ်းဘေးကနေ အလွယ်တကူ ဆက်သွယ်လို့ရတဲ့ ဖုန်းရုံလေးတွေ ရှိတယ်။ ဓာတ်တိုင်၊ ဓာတ်ကြိုး၊ ဖုန်းကြိုး ဖုန်းတိုင်က အမည်ခံမဟုတ်ဘူး။ အမြဲတမ်း စီးဆင်းနေတဲ့ လျှပ်စစ်စွမ်းအင်တွေ ရှိတယ်။ ဖုန်းကြိုးထဲက သတ္ထုလှိုင်းသံပါတဲ့ အသံတွေနဲ့ လူ့အဖွဲ့အစည်းကို သက်ဝင်လှုပ်ရှားစေတယ်။ လျှပ်စစ်မီးပြတ်နေတာ လချီနေလို့ ပလပ်ပေါက်ပြင်မှ မီးလာတာနဲ့ တဲ့တဲ့တိုးလို့ ဘဝပြောင်းသွားရတဲ့ ကလေး ကောလိပ်က ကျောင်းသားလေးလိုမျိုး ဒီမှာ မခံစားရဘူး။ နေစွမ်းအင်နဲ့ မီးလင်းနိုင်တဲ့ ကျေးလက်အိမ်တွေမှာ စလောင်းစင်တွေရဲ့ မော်တာ ရပ်တယ်မှ မရှိတာ။

မြန်မာပြည်မှာ မရနိုင်တဲ့ လျှပ်စစ်စွမ်းအင်တွေ၊ ဆက်သွယ်ရေး ဖုန်းလိုင်းတွေကို ကျမတို့ ပြည်သူတွေ ခံစားနိုင်ဖို့ ဒီစွမ်းအင်တွေကို ဒီမိုကရေစီစနစ်နဲ့ ထုတ်ပိုးပေးလိုက်ချင်ပါရဲ့။ ကျမတို့တွေ မဲဆောက်သွားမယ့် ကား ပြောင်းစီးလာကြတယ်။ ကွေ့တွေများလို့ လူက စကောထဲ ဆီးဖြူသီးလှိမ့်သလို ခံစားနေရတယ်။ လေဖိအားကြောင့် နားထဲကလေတွေ ထွက်သလို၊ ရင်ထဲလှိုက်ပြီး အန်လိုက်ကြတာ။ ကျမကတော့ ရှူဆေးကို နှာခေါင်းတေ့ပြီး တောတောင်ရဲ့အလှကို စူးစိုက်ကြည့်နေရတယ်။ ခေါင်းထဲမှာ မူးရိပ်မူးရိပ်နဲ့။ လတ်ဆတ်တဲ့ လေညှင်းမှာ ကောက်သစ်စပါးနံ့တွေ ရလာတော့ အမူးပြေသွားတယ်။ ရွှေဝါရောင် စပါးခင်းတွေဆီက ရလာတဲ့ အနံ့။ စပါးနံ့ကို ကျမ သိပ်ကြိုက်တယ်။ ဒီစပါးတွေက စပါးနှံတွေအပြည့်နဲ့ ကိုင်းညွှတ်လို့ နေပါတယ်။

ကျမတို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံပါ။ ဒီဆန်စပါးတွေနဲ့ ကျမတို့ အသက်ရှင်ရတာ။ ဆန်စပါး စိုက်ပျိုးသူ တောင်သူဦးကြီးတွေရဲ့ ဘဝက သိပ်ကိုနိမ့်ပါးပါတယ်။ ဒီအချိန်ဆို ကျမ ဆွေမျိုးရှိရာ ဧရာဝတီတိုင်း မြန်အောင်နယ်ဘက်ကို သွားရင် အမျိုးတွေ အခုလောက်ဆို ကောက်ရိတ်၊ ကောက်ဆွ၊ စပါးနယ်နဲ့ တလင်းထဲမှာ ညအိပ် အလုပ်လုပ်နေရော့မယ်။

ကောက်ညင်းဆန်အသစ်ကို ပေါင်းချောင်နဲ့ပေါင်းပြီး လယ်ငါးလေးအိုးကပ်ချက်နဲ့ တို့စားမယ်။ ရေနွေးကြမ်းကို အားပါးတရ သောက်ပြီး ကောက်ရိတ်ဖို့ လယ်ထဲသွားမယ်။ ခြေဗလာနဲ့ တံစဉ်ခါးထိုး သွားရတဲ့ သူတို့ ခြေဖနောင့်တွေဟာ သမန်းဆီတက်လို့ ကွဲအက်နေကြတယ်။ စပါးနှံကိုဆုပ်ကိုင်ပြီး တံစဉ်နဲ့ ရိတ်သိမ်းနေကြတဲ့ တောင်သူဦးကြီးတွေ ဆိုင်ကယ်လက်ကိုင်ကို ကိုင်နိုင်ဖို့ ဝေး၊ ခိုင်းနွားရဲ့ နဖားကြိုး ကိုတောင် မြဲအောင်ကိုင်နိုင်ဖို့ အခွင့်မရရှာဘူး။ သီးစားခ၊ မြေခွန်၊ ယာခွန်အပြင် နအဖ လူကြီးတွေရဲ့ သားသမီးတွေ တံဆိပ်အမျိုးမျိုးနဲ့ ရောင်းတဲ့မြေဆီ (မြေသြဇာ) ဝယ်နိုင်ဖို့ ကြိုးစားရသေးတယ်။ လိုအပ်သည်ဖြစ်စေ၊ မလိုအပ်သည်ဖြစ်စေ ကြောက်ပြီး ဝယ်ရတာ။ နွားနဲ့ ဖက်ရုန်းရတဲ့ သူတို့ရဲ့ဘဝကို မမြှင့်တင်နိုင်ဘဲနဲ့ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ဆိုပြီး အသံကောင်းဟစ်နေကြတာ ရှက်စရာကြီးပါဆို။

ဒီနေ့ထိ စပါးချွေတဲ့စက် လူတိုင်း မသုံးနိုင်ကြပါဘူး။ စပါးရိတ်ပြီးရင် လယ်ကွင်းထဲမှာပဲ တလင်းလုပ်ရတယ်။ မြေပြောင်အောင် မြေကိုညှိ၊ နောက်ချေးနဲ့ ကြံရတယ်။ စပါးကို ဒီတလင်းထဲမှာပဲ နွားနဲ့ နင်းချေရတယ်။ စပါးကို နွားမစားရအောင် ဝါးနဲ့ယက်ထားတဲ့ ခြင်းလေးကို နွားပါးစပ် စွတ်ပေးထားရတယ်။ ချွေပြီးသားစပါးကို အောက်မှာ ကျန်ခဲ့အောင် ကောက်ဆွပေးရတယ်။ ကောက်ရိုးတွေကိုဖယ်ပြီး ကျန်ခဲ့တဲ့ စပါး အမှိုက်မပါအောင် မြောက်ပြန်လေကို အဓိကထားပြီး တိုင်ထူ၊ စကောနဲ့ လှေ့ချရင် လေနဲ့အတူ အမှိုက်တွေ ပါသွားတယ်။ အောက်ကျတဲ့ စပါးတွေက သန့်စင်သွားတာပေါ့။ ကောက်ရိတ်ချိန်မှာ မြွေအန္တရာယ် ကာကွယ်ဖို့ လယ်စောင့် အဘိုး၊ မိဆိုင်ဖဆိုင် ရိုးရာနတ်တွေကို ပူဇော်ပသရုံကလွဲပြီး မကာကွယ်တတ်ဘူး။ ထိုင်းတောင်သူတွေလို လည်ရှည်ဖိနပ်စီးပြီး လက်အိတ်စွတ်ဖို့ အခုချိန်ထိ မတွေးမိကြသေးဘူး။ ဒီလို အသုံးပြုတတ်အောင်လည်း ပညာပေးလှုံ့ဆော်မှုတွေ ထိရောက်အောင် အုပ်ချုပ်သူက လုပ်မပေးပါဘူး။

ရိုးသားတဲ့ လယ်သမားတွေမို့ ကောင်းကင်မှာ သက်တန့်ပေါ်ရင်တောင် နတ်တွေက လူ့ပြည်နဲ့ စစ်မခင်းဘဲ ငြိမ်းချမ်းရေးလုပ်တဲ့ နမိတ်လို့ ယုံကြည်ကြတာ။ ထိုင်းလူမျိုးတွေကတော့ သူတို့ရဲ့ ကံကြမ္မာကို သူတို့ ရွေးချယ်နိုင်တယ်။ လယ်ကွင်းထဲကို သွားဖို့ ကား၊ ဆိုင်ကယ် ရှိတယ်။ လယ်ထဲ ရေရှိမရှိကို စာရင်းငှားက လယ်ရှင်ကို လက်ကိုင်ဖုန်းနဲ့ ဆက်သွယ်ပြောနိုင်တယ်။ ဒီမြင်ကွင်းကိုမြင်လေ မြန်မာပြည်က တောင်သူတွေကို သနားလေပဲ။

ထိုင်းနိုင်ငံရဲ့ လယ်ကွင်းတွေရဲ့ ကန်သင်းရိုးတွေကလည်း မြန်မာလယ်ကွင်းတွေနဲ့ သိပ်ကိုတူပါတယ်။ တခါတရံ လယ်ကွင်းတွေထိပ်မှာ ဇရပ်ဆောင်ကိုလည်း မြင်ရတတ်တယ်။ လယ်ကွင်းထဲမှာတော့ သစ်ပင်ကြီးကြီး ဘာမှမတွေ့ရဘူး။ မြန်အောင်ဘက်က စပါးခင်းတွေကို လွမ်းရသေးတယ်။

မြန်အောင်ကြံခင်းရဲ့ လယ်ကွင်းတွေထဲမှာ ရေတိုးသံတွေလည်း ကြားရတတ်တယ်။ လယ်ကွင်းထဲက လေတိုးနေတဲ့ ထန်းပင်၊ ကုက္ကိုပင်တွေကိုလည်း သတိရမိတယ်။ လယ်ကွင်းထဲက ထန်းပင်တွေကို ထန်းတက်နေတဲ့ ထန်းသမားရဲ့ ရင်းထောင်၊ ရင်းဆွဲ၊ မြူအိုးတန်းလန်းနဲ့ ထန်းပင်ကြီးတွေကို ကြည့်လေရာမှာ မြင်ရတယ်။ ထန်းပင်တွေပေါ်က ဥသြ၊ ယောက်ဖခွေးခေါ်၊ ဆက်ရက်၊ သပိတ်လွယ်ငှက်လေးတွေရဲ့ တွန်ကျူးအော်မြည်သံတွေ လယ်ကွင်းတလျှောက်လုံး ကြားနေရတတ်တယ်။ အခုတော့ ကျေးငှက်သံတွေ မကြားရဘူး။ ကျေးငှက်တွေ မရှိတာလား၊ ကားစက်သံကြောင့် မကြားရတာလား မသိပါဘူး။

ထန်းလက်လေတိုးသံကြားမှာ တာဆုံပေါ်က လှည်းသံတွေလည်း ကျမတို့ ကြားရတတ်သေးတယ်။ လှည်းဝင်ရိုးသံ တအီအီနဲ့ နွားလည်ပင်းက ခြူသံတွေကလည်း လယ်ကွင်းနဲ့ ပါနံရလှတယ်။ လမ်းကျဉ်း တာဆုံကွေ့တွေမှာ လှည်းရှောင်ရတဲ့အခါ ဝန်ပေါ့တဲ့ လှည်းက လှည်းတံပိုးချွတ်ပြီး နောက်ပြန်ဆုတ် ပေးရတယ်။ လှည်းနှစ်စီး ရှောင်နိုင်တဲ့ နေရာရောက်တဲ့အထိ ဆုတ်ပြီး ရှောင်ပေးရတာလေ။ ဒါကြောင့် လှည်းသံလူသံ တဝူးဝူးနဲ့ အော်သံတွေလည်း ကြားရတတ်တယ်။

ကျမတို့ ဘိုးဘွားများပြောတဲ့ မြေဆူတော့ လူအတယ်ဆိုတဲ့စကား အခု မပြောနိုင်ကြဘူး။ မြေဆီမြေနှစ် ကောင်းလွန်းလို့ တင်စားကြတာ။ မြေဆူသလောက် လူက ဘာမှလုပ်စရာမလိုလို့ အ'နေရတာ။ အခု မြန်မာပြည်မှာ လူ အ'ပေမယ့် မြေမဆူတော့ဘူး။ ပယောဂတွေ အများကြီးကို မြန်မာနိုင်ငံက တောင်သူ လယ်သမားတွေ ရင်ဆိုင်နေရပါတယ်။

မြေဆီမြေလွှာ ပယောဂ၊ ရေဓာတ်ပယောဂ၊ ဓာတုဆေးဝါးပယောဂ၊ ရာသီဥတုပယောဂ၊ ဈေးကွက်ပယောဂ၊ စနစ်ရဲ့ ပယောဂတွေ။ ဒီပယောဂတွေကို မိဆိုင်ဖဆိုင် ရိုးရာနတ်တွေလည်း မြန်မာနိုင်ငံက တောင်သူကြီး တွေကို မဖယ်ရှားပေးနိုင်ဘူး။ မစောင့်ရှောက်နိုင်ဘူး။ ဒါကြောင့်လည်း အခုထိ တောင်သူကြီးတွေ ဆင်းရဲနေရတာပ။


No comments: