Wednesday, January 27, 2010

ရေးမြို့နယ်အတွင်း စစ်အစိုးရမှ စည်းရုံးရေးပြုလုပ်နေဆဲ

ဌာန်ပရိုင်ဗၜးၐးမန်

ရေးမြို့နယ်တွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် မဲထည့်ရန် ဒေသခံများအား မြန်မာစစ်အစိုးရ အာဏာပိုင်တို့ဘက်မှ ထည့်သွင်းပေးနိုင်ရန် စည်းရုံးရေးဆင်းနေဆဲဖြစ်သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ရေးမြို့မြောက်ဘက်တွင်ရှိသော လိမ္မော်ခြံရွာ၊ အောင်သပြေရွာ၊ ဘေးလမိုင်းကျေးရွာနှင့် လမိုင်းမြို့နယ်ခွဲရှိ မော့ကနင်ကျေးရွာမှ ဆရာဝန်များနှင့် မယကအဖွဲ့ဝင်များ ကိုယ်တိုင်သွားရောက်ပြီး ရွာသားများကို ခြင်ထောင်များ ဝေငှပေးခြင်းဖြင့် ဒေသခံများကို စည်းရုံးနေသည်။ ထိုအဖွဲ့အစည်းများ ကျေးရွာအတွင်းသို့ မလာရောက်မီ စစ်သားများဖြင့် ကြိုတင်ကာ လုံခြုံရေး ယူထားသည်ဟု မျက်မြင်သက်သေ ဒေသခံတစ်ဦးက ပြောသည်။

“ဆရာဝန်တွေ ရွာကို မလာစဖူး လာပြီးတော့ ရွာသားတွေကို ခြင်ထောင် ဝေငှပေးခြင်းနဲ့ပတ်သက်ပြီး ရွာသားတွေကလည်း ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲအတွက် သူတို့ လာရောက် မဲဆွယ်သာ ဖြစ်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

ဆရာဝန်များက ကျန်းမာရေးနှင့်ပတ်သက်သည့်အကြောင်းများကို ဒေသခံရွာသားများအား ရှင်းလင်းပြော ကြားခဲ့ပြီး၊ မယကအဖွဲ့ဝင်များက ၂၀၁၀ ရွေးကောက်ပွဲအကြောင်းများကို ပြောကြားခဲ့သည်။ မဲထည့်ရာတွင်လည်း စစ်အစိုးရကို ထောက်ခံအားပေးသော အဖွဲ့များဘက်မှ မဲထည့်ပေးရန်လည်း ပြောကြားခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

“ဘာကြောင့် အခုလို ခြင်ထောင်တွေ လိုက်ဝေပေးနေတယ်ဆိုတာ သူတို့က မပြောပေမယ့်၊ ကျမတို့အထင်တော့ သူတို့က မျက်နှာချိုသွေး အလိမ္မာနည်းသုံးပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲအတွက် သူတို့ဘက်ကို မဲထည့်ပေးဖို့ စည်းရုံးနေတယ်လို့ပဲ ကျမတို့မြင်တယ်” ဟု ရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အခြားကျေးရွာများတွင်လည်း ထိုနည်းတူ ခြင်ထောင်များ ဝေငှပေးပြီး ဒေသခံများကို စည်းရုံးဖွယ် ရှိသည်ဟု သူမက ဆက်ပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာလက ရေးမြို့နယ်နှင့် မုဒုံမြို့နယ်တဝိုက်ရှိ ကျေးရွားများတွင် တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ကလည်း ဒုတိယအကြိမ် စည်းရုံးရေးဆင်းခဲ့ပြီး ပထမအကြိမ်အဖြစ် သြဂုတ်လတွင် ဆင်းခဲ့ဖူးသည်။

၎င်းတို့ကောက်ခံရရှိသော အချက်အလက်များအရ ရေးမြို့နယ်ရှိ ခလရ ၃၄၃၊ ခလရ ၅၈၆၊ ခလရ ၆၁ တပ် ရင်းများမှ တပ်ရင်းမှူးများကိုယ်တိုင် ဒေသခံကျေးရွာဥက္ကဌမှတစ်ဆင့် အိမ်ထောင်စုစာရင်း အတိအကျကို ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပြီးသတ်ကောက်ခံရန် ညွန်ကြားထားခဲ့ပြီး၊ တတိအဆင့်အနေဖြင့် စည်းရုံးရေးများကိုလည်း ယခုအချိန်အထိသာ စစ်အစိုးရမှ လှုပ်ရှားနေသည်ဟု မွန်လူ့အခွင့်အရေး (coordinator) ကိုအဲမွန်က ပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင် အိမ်ထောင်စုစာရင်းများကို မယကညွန်ကြားမှုဖြင့် ကျေးရွာ ဥက္ကဌများမှ ကောက်ယူခဲ့ပြီး ဖြစ်သည်။

No comments: