Sunday, January 31, 2010

မြန်မာပြည်နှင့် ကြားခံနိုင်ငံသဘာဝ

အောင်ကျော်ခင် (ဝေဖန်သုံးသပ်ချက်)

ကမ္ဘာ့မြေပုံပေါ်မှာ (၁၉) ရာစုအစောပိုင်းက တည်ရှိခဲ့တဲ့ နိုင်ငံတွေထဲမှာ (၅၀) ရာခိုင်နှုန်းဟာ ယနေ့အထိ ဆက်လက် ရှင်သန်နေတာ တွေ့ရတယ်လို့ သုတေသီတွေကဆိုတယ်။ ကျန် (၅၀) ရာခိုင်နှုန်းမှာ ကွယ်ပျောက်သွားတာရှိသလို အသွင်ပြောင်းသွားတာလည်းရှိတယ်။


နိုင်ငံတော် ပျောက်ကွယ်သွားပေမယ့် တိုင်းသူပြည်သားကတော့ အနည်းနဲ့အများ ကျန်ရှိနေတယ်။ အုပ်ချုပ်ပုံစနစ် ပြောင်းလဲသွားတဲ့သဘောပဲ။ နိုင်ငံဟာ မိမိကံကြမ္မာကို မိမိဘာသာမဖန်တီးနိုင်တော့ဘဲ သူတပါးလက်အောက်ခံသဘောမျိုး ဖြစ်သွားရင် အဲဒီနိုင်ငံကို ပျောက်ကွယ်သွားပြီ (သို့မဟုတ်) သေဆုံးသွားပြီလို့ ယူဆတဲ့သဘောဖြစ်တယ်။

မြန်မာ့သမိုင်းမှာ (၂) ကြိမ်တိုင်တိုင် မြန်မာနိုင်ငံ ကွယ်ပျောက်သွားဖူးတယ်။ (၁၃) ရာစုမှာ တရုတ်နဲ့ ဆက်ဆံရေးအဆင်မပြေ ဖြစ်လာပြီး တရုတ်တပ်တွေ မြန်မာပြည်ထဲ ၀င်ရောက်တိုက်ခိုက်လို့ ပုဂံပြည့်ရှင် ‘နရသီဟပတေ့မင်း’ ထွက်ပြေးရပြီး ပုဂံနေပြည်တော် မွန်ဂိုတရုတ်တို့လက်အောက် ကျရောက်သွားတာကို လူသိများတယ်။ (၁၃) ရာစုနှောင်းပိုင်းမှာ ပုဂံနေပြည်တော်ကို တရုတ်ပိုင် ‘မြန်ချွန်’ ပြည်နယ်လို့ သတ်မှတ်တယ်။ ဒါပေမယ့် တရုတ်ဟာ မြန်ချွန်ပြည်နယ်ကို တိုက်ရိုက်မအုပ်ချုပ်ဘဲ သူတို့ကို သစ္စာခံတဲ့ မြန်မာမင်းတွေကတဆင့်သာ အုပ်ချုပ်ခဲ့တယ်။

(၁၈) ရာစုအလယ်ပိုင်းမှာ ကုန်းဘောင်မင်းဆက်က မြန်မာနိုင်ငံတော်ကို တည်ထောင်ပြန်တော့လည်း အနှစ်တရာကျော်သာခံပြီး (၁၉) ရာစုနှောင်းပိုင်းမှာ အင်္ဂလိပ်ကိုလိုနီဘ၀ရောက်သွားလို့ ပျက်စီးပျောက်ကွယ်သွားတယ်။ အင်အားကြီး ဥရောပနိုင်ငံတွေ ဖြစ်တဲ့ အင်္ဂလိပ်နဲ့ပြင်သစ်တို့ အာရှတောင်ပိုင်းမှာ အားပြိုင်ကြရာမှာ ကြားခံဒေသဖြစ်တဲ့ မြန်မာနိုင်ငံဟာ နိုင်ငံခြားဆက်ဆံရေး မကျွမ်းကျင်တဲ့အတွက် အင်္ဂလိပ်သိမ်းပိုက်တာကို ခံလိုက်ရတယ်လို့ သုံးသပ်ကြတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ အကြားက နိုင်ငံလေးတွေဟာ မလိမ္မာရင် ရေရှည်မှာပျောက်ကွယ်ဖို့ အလားအလာများတာကို ဆိုလိုတာပါပဲ။

ကြားခံနိုင်ငံ (Buffer State) ဆိုတာဟာ ပြိုင်ဆိုင်နေတဲ့ အင်အားကြီးနိုင်ငံ (၂) ခုအကြားမှာ တည်ရှိနေတဲ့ အင်အားနည်းတဲ့ နိုင်ငံပဲဖြစ်တယ်။ တရုတ်နဲ့ရုရှကြားက မွန်ဂိုလီးယား၊ အိန္ဒိယနိုင်ငံနဲ့ တရုတ်အကြားက နီပေါ၊ ဘူတန်၊ စစ်ကမ်၊ မြန်မာ စတာတွေလည်း ကြားခံနိုင်ငံတွေဖြစ်တယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်ပိုင် မြန်မာ၊ မလေးရှားနဲ့ ပြင်သစ်ပိုင် အင်ဒိုချိုင်းနားအကြားမှာ ထိုင်းနိုင်ငံဟာ ကြားခံအဖြစ် စခန်းသွားခဲ့ရတယ်။

အိန္ဒိယကို ဗြိတိသျှအစိုးရ အုပ်ချုပ်မင်းလုပ်ခဲ့စဉ်က တိဗက်ကို အိန္ဒိယနဲ့တရုတ်အကြားက လွတ်လပ်တဲ့ ကြားခံနယ်မြေအဖြစ် အင်္ဂလိပ်က သတ်မှတ်ထားတယ်။ အကြောင်းကတော့ တိဗက်ကို သိမ်းပိုက်ပြီး ကိုလိုနီလုပ်ဖို့ကိစ္စဟာ စီးပွားရေးအရ တွက်ခြေမကိုက်လို့ဘဲ။ တိဗက်မှာ တရုတ်သြဇာရှိထားကြောင်း အင်္ဂလိပ်က အသိအမှတ်ပြုထားပေမယ့် အိန္ဒိယမှာရှိတဲ့ အင်္ဂလိပ်ကို မနိုင်နိုင်တဲ့အတွက် တရုတ်ဟာ တိဗက်ကို မသိမ်းပိုက် နိုင်ဘူး။ ၁၉၄၇ မှာ အိန္ဒိယက အင်္ဂလိပ်ထွက်ခွာပြီး အင်အားကောင်းတဲ့ တရုတ်ကွန်မြူနစ် ၁၉၄၉ မှာ အာဏာရလာတာဟာ တိဗက်ရဲ့ လွတ်လပ်တဲ့ ကြားခံနိုင်ငံဘ၀ကို နိဂုံးချုပ်အောင် ဖန်တီးလိုက်တဲ့ အချက်နှစ်ချက်ပဲ။

နိုင်ငံတော်တွေ ပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းကို နယူးယောက်မြို့ ကိုလံဘီရာတက္ကသိုလ် အမျိုးသမီးပါမောက္ခ တာနီရှာဖေဇယ် (Tanisha Fazal) က ၂၀၀၇ မှာ စာအုပ်ထုတ်ဝေခဲ့တယ်။ ပထ၀ီအနေအထားနဲ့ နိုင်ငံခြားဆက်ဆံရေး အခြေအနေက နိုင်ငံတွေရဲ့ ကံကြမ္မာကို ဖန်တီးပုံ (၂၇၁) မျက်နှာ ရေးထားတဲ့စာအုပ်ဖြစ်တယ်။ ပြိုင်ဆိုင်နေတဲ့ အင်အားကြီး နိုင်ငံတွေအကြားမှာ တည်ရှိနေတဲ့ ကြားခံနိုင်ငံ (Buffer State) ဟာ ပျက်စီးပျောက်ကွယ်ဖို့ အလားအလာ အများဆုံး ဖြစ်နေတာကို သမိုင်းအထောက်အထားတွေ ဝေေ၀ဆာဆာနဲ့ တင်ပြထားတဲ့ စာအုပ်ဖြစ်တယ်။

လူဦးရေ သန်း (၅၀) ရှိတဲ့ မြန်မာနိုင်ငံဟာ လူဦးရေ သန်း (၁) ထောင်ကျော်စီရှိတဲ့ အိန္ဒိယနဲ့ တရုတ်အကြားက ကြားခံနိုင်ငံ (Buffer State) ဖြစ်နေတယ်။ အခုအထိတော့ အိန္ဒိယနဲ့တရုတ်ဟာ တိုင်းပြည်တိုးတက်ရေးကိုသာ အာရုံစိုက်နေလို့ ပြိုင်ဆိုင်ရေးကို ဦးစားမပေးနိုင်သေးဘူး။ လောလောဆယ်အနေချောင်ပေမယ့် တရုတ်/အိန္ဒိယပြိုင်ဆိုင်မှု ပြင်းထန်လာရင် မြန်မာနိုင်ငံအတွက် အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒီလိုဖြစ်လာရင် ကြားခံနိုင်ငံလေးဟာ ရေရှည်လွတ်လပ်ဖို့ အခက်အခဲရှိတယ်။

ဒါကြောင့် ဘက်မလိုက်တဲ့ နိုင်ငံခြားရေးလမ်းစဉ်ကို ကျင့်သုံးပြီး ကြားခံနိုင်ငံတွေ ရပ်တည်လေ့ရှိတယ်။ ဒါပေမယ့် တရုတ်ဘက် ကိုချည်းလိုက်နေပြီး ကြားနေရေးလမ်းစဉ် ကျင့်သုံးတယ်လို့ပြောရင် ဘယ်သူမှ ယုံမှာမဟုတ်ဘူး။ အိန္ဒိယ-မြန်မာ ပူးပေါင်း ဆောင်ရွက်မှုကြောင့် တရုတ်အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် ဘေဂျင်းက လက်ခံမှာမဟုတ်ပါဘူး။ လောလောဆယ် မှာတော့ တရုတ်နဲ့အိန္ဒိယဟာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ဖို့ကိုသာ ဦးစားပေးနေတဲ့အတွက် မြန်မာစစ်အစိုးရဟာလည်း တရုတ်ရဲ့အကျိုးစီးပွားကို မထိခိုက်အောင် အိန္ဒိယနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် သဘောရှိတယ်။

ကြားခံနိုင်ငံတွေထဲမှာ လုံးဝပျောက်ကွယ်သွားတာမျိုးရှိသလို ပြန်လည်ရှင်သန်လာတာမျိုးလည်း ရှိပါတယ်။ ကြားခံနိုင်ငံ (၂၁) နိုင်ငံကို ကိုလံဘီယာတက္ကသိုလ်ပါမောက္ခ တာနီရှာဖေဇယ် လေ့လာတဲ့အခါမှာ (၅) နိုင်ငံဟာ လုံးဝပျောက်ကွယ်သွားပြီး (၁၆) နိုင်ငံကတော့ ပြန်လည်ရှင်သန်လာတာ တွေ့ရတယ်တဲ့။ အဲဒီအထဲမှာ မြန်မာ၊ ကိုရီးယား၊ ပိုလန်၊ ကူဝိတ်နဲ့ ယူဂိုစလားဗားယား နိုင်ငံတွေလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ယူဂိုစလားဗီးယား ဖက်ဒရေးရှင်းဟာ ၁၉၉၂ ခုနှစ်မှာ ကွယ်ပျောက်သွားပေမယ့် ပါဝင်သူတွေဟာ သီးခြားနိုင်ငံအဖြစ် ဆက်လက်ရပ်တည်ကြတယ်။ ဖက်ဒရေးရှင်းကသာ ပြန်လည်ရှင်သန်စရာ အလားအလာ မရှိတော့တာပါ။

ဒုတိယကမ္ဘာစစ်ပြီးဆုံးလို့ နောက်စစ်မဖြစ်ရအောင် ကမ္ဘာ့ကုလသမဂ္ဂတည်ထောင်တဲ့အခါမှာ ကျူးကျော်တိုက်ခိုက်မှုကို လက်မခံနိုင်ကြောင်း ပဋိညာဉ်စာချုပ်မှာ ရေးထားတဲ့အတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေသဘောမျိုးဖြစ်လာတယ်။ ဒါကြောင့် ကျူးကျော်တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကိုယ်လိုချင်တာကိုရအောင် ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားလာကြပါတယ်။ တိုင်းပြည်ကို မသိမ်းပိုက်ဘဲ ကိုယ်လိုချင်တဲ့အစိုးရ တက်လာအောင် အပြင်ကဆောင်ရွက်တဲ့နည်းဖြစ်တယ်။ ၁၈၁၆ က ၁၉၄၅ အထိ အစိုးရနဲ့ခေါင်းဆောင်ပိုင်း ပြောင်းလဲအောင် အပြင်က လုပ်ပေးနိုင်တဲ့ အကြိမ်ပေါင်း (၂၁) ကြိမ်ရှိပြီး ၁၉၄၅ နဲ့ ၁၉၉၈ အကြားမှာ (၁၄) ကြိမ်ရှိတယ်လို့ တာနီရှာဖေဇယ်က စာရင်းလုပ်ထားတယ်။

ကြားခံနိုင်ငံဟာ ၀င်ရောက်သိမ်းပိုက်ခံရမယ့် အန္တရာယ်ကိုရော၊ စွက်ဖက်ခံရမယ့်အန္တရာယ်ကိုရော အမြဲတမ်းရင်ဆိုင်နေရတယ်။ ဒါပေမယ့် ၁၉၄၅ နောက်ပိုင်းမှာတော့ ၀င်ရောက်စွက်ဖက်တာ ပိုများလာတယ်။ မြန်မာပြည်လို လောင်စာစွမ်းအင် တင်ပို့ရောင်းချတဲ့ ကြားခံနိုင်ငံမျိုးဟာ အိမ်နီးချင်းတွေနဲ့ မဟာမိတ်ဖြစ်သွားပေမယ့် ပြည်တွင်းရေးစွက်ဖက်မှု ပိုပြီးနက်ရှိုင်း လာတာကို ကြုံတွေ့ရနိုင်တယ်။ ကြားခံနိုင်ငံ (Buffer State) ရှင်သန်ရေးမှာ ဘက်မလိုက်တဲ့ ကြားနေရေးလမ်းစဉ် ကျင့်သုံးဖို့ လိုအပ်သလို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုဖို့လည်း လိုအပ်တယ်။ အပြည်ပြည်ဆိုင်ရာရဲ့ အသိအမှတ်ပြုမှု အတိုင်းအတာကို လိုက်ပြီးတော့လည်း ကြားခံနိုင်ငံဟာ ရှင်သန်နိုင်ပါတယ်။

ကြားခံနိုင်ငံဟာ အစိုးရအရည်အချင်းရှိဖို့ အလွန်အရေးကြီးတယ်။ အရည်အချင်းမရှိတဲ့ အစိုးရလက်ထက်မှာ ရပ်တည်နိုင်စွမ်း လျော့နည်းလာတယ်။ မြန်မာပြည်လွတ်လပ်ရေးဟာ အနှစ် (၆၀) ကျော်သွားပေမယ့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှု မရှိတဲ့အတွက် အားနည်းတဲ့နိုင်ငံဘ၀က မတက်နိုင်သေးဘူး။ မြန်မာ့သမိုင်းမှာ မင်းဆက်တွေ၊ နိုင်ငံတော်တွေ၊ ခေတ်တွေ ကွယ်ပျောက်သွားတာကိုကြည့်ရင် မြန်မာနိုင်ငံတော်ဆိုတာ အမြဲတမ်း တည်ရှိနိုင်တဲ့အရာမဟုတ်ကြောင်း သိနိုင်ပါတယ်။


No comments: