Thursday, January 28, 2010

အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့များ စတင်ဖွဲ့စည်း

စိုးမိုး/ ၂၈ ဇန်န၀ါရီ ၂ဝ၁ဝ

ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ရင်းများသည် အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များ ဖွဲ့စည်းပြီး လက်နက်စုဆောင်း မှုများ စတင်လုပ်ဆောင်နေကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော စက်တင်ဘာသံဃာ့လှုပ်ရှားမှုတွင် အဓိကရုဏ်းနှိမ်နင်းရေးတပ်များ အသုံးမပြုဘဲ စစ်သားများ အသုံးပြုပစ်ခတ်ခဲ့ပြီး နိုင်ငံတကာမှ ၀ိုင်းဝန်းရှုတ်ချမှုများ ရှိခဲ့ပြီးနောက်ပိုင်း ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ပြောဆိုထားသည့် ယခုနှစ်တွင် ရဲတပ်ဖွဲ့ကို အဓိကရုဏ်း နှိမ်နင်းရေးတပ်များ ဖွဲ့စည်းထားရန် ပြည်ထဲရေးဝန်ကြီးဌာနက ယခုလ (၁၄) ရက်နေ့၌ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ညွှန်ကြားလွှာတွင် အဆိုပါအဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့တခုတွင် ရဲမှူး (၁) ဦး၊ ဒုရဲမှူး (၁) ဦး၊ ရဲအုပ် သို့မဟုတ် ဒုရဲအုပ် (၂) ဦး၊ ရဲတပ်ကြပ်ကြီး၊ ရဲတပ်ကြပ်၊ ဒုရဲတပ်ကြပ် (၆) ဦးစီနှင့် ရဲတပ်သား (၇၈) ဦးပါဝင် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသည်။

လက်နက်များအနေဖြင့် တပ်ဖွဲတဖွဲ့လျှင် မီးခိုးဗုံး (၂) လုံးစီနှင့် ပစ္စတို (၄) လက်၊ ရိုင်ဖယ် (၁၂) လက်၊ အမ် (၇၉) လောင်ချာ (၄) လက်၊ ရှဲဂန်း (၂) လက်စီ စီစဉ်ပေးထားပြီး ရဲတပ်သားများအနေဖြင့် တုတ်၊ ဒိုင်းနှင့် လေးခွများကို အဓိကအသုံးပြုရန် ညွှန်ကြားထားသည်။

“ရဲတပ်ကြပ်က စပြီးတော့ အောက်ခြေ ရဲဝန်ထမ်းအားလုံး လေးခွ (၁) လက်စီနဲ့ လောက်စာလုံး (၁၀၀) စီ အဆင်သင့်ရှိထားဖို့ ညွှန်ကြားတယ်။ ဘုန်းကြီးတွေတုန်းက ရဲနှိမ်နင်းရေး တပ်မရှိလို့ စစ်တပ်က ဆင်းပြီး လုပ်ချသွားတယ်” ဟု ရန်ကုန်တိုင်း ရဲတပ်ရင်းမှ ရဲတပ်သားတဦးက ပြောသည်။

သို့သော် ယခု ဖွဲ့စည်းနေသည့် အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့များတွင် လူထုလှုပ်ရှားမှုများတွင် ပါဝင်လာမည့် အမျိုးသမီးများကို ထိန်းသိမ်းရန် အမျိုးသမီးရဲတပ်သားများ မပါဝင်သေးကြောင်း ဒု-ရဲအုပ်တဦးက ပြောကြားသည်။

“စစ်တပ်က နိုင်ငံတော်ကို ဘေးရန်က ကာကွယ်ဖို့၊ နိုင်ငံတကာက ထိပါးမှုကို ကာကွယ်ဖို့ပဲ။ ပြည်တွင်း ပြည်သူလူထု လှုပ်ရှားမှုတွေကို ထိန်းသိမ်းပေးဖို့က တကယ်က မြို့ပြရဲတွေ အလုပ်။ ဒါပေမယ့် အခု ရဲမှူးလောက်အဆင့်က စစ်တပ်က ဗိုလ်ကြီးလောက် အဆင့်တောင် မရှိသလို ဖြစ်နေတယ်။ ၀န်ကြီးကိုယ်တိုင်က စစ်သားပဲလေ” ဟု ၎င်းက ပြောသည်။

လက်ရှိ အနေအထားအရ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့များ ဖွဲ့စည်းရန် ရဲတပ်သား အင်အားနည်းပါးနေသည့်အတွက် လိုအပ်ပါက ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းထားသူများကို ခေါ်ယူအသုံးပြုဖွယ်ရှိကြောင်းလည်း အဆိုပါ ဒု-ရဲအုပ်က ပြောကြားသည်။

No comments: