Saturday, January 23, 2010

ကြံ့ဖွံ့က အစ္စလာမ် ဘာသာဝင်များကို စည်းရုံး

ဖနိဒါ

ချင်းမိုင် (မဇ္ဈိမ)။ ။ မြစ်ကြီးနားမြို့ရှိ အစ္စလာမ်ဘာသာဝင်များထံမှ ၂ဝ၁ဝ ရွေးကောက်ပွဲတွင် မဲရရှိရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များက ယခုလဆန်းမှစ၍ ကြိုးပမ်းဆောင်ရွက်နေသည်။

ခရစ်ယာန်ဘာသာဝင် အများဆုံး ကိုးကွယ်ကြသော ကချင်ပြည်နယ်တွင် ဝင်ရောက်ရွေးချယ်ခံရန် လျာထားသူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော်ကို မဲထည့်ကြရန် သူ၏အကိုဖြစ်သူ ဦးခင်မောင်လတ် ဦးဆောင်သည့် အဖွဲ့က ဗလီဝတ်ကျောင်းများ၌ စည်းရုံးနေသည်။

“ငြိမ်းချမ်းမှု၊ ဘာသာပေါင်းစုံ အခွင့်အရေး တန်းတူညီမှုကို လက်ရှိ စစ်အစိုးရ လက်ထက်မှာပဲ ရခဲ့တယ်။ အဲဒီအတွက် ၂၀၁၀ ရွေးကောက်ပွဲမှာလည်း အခု စစ်အစိုးရကနေပြီးမှ ရွေးကောက်ပွဲကိုဝင်ဖို့ တင်မြှောက်လိုက်တဲ့ ကြံ့ခိုင်ရေး ကိုယ်စားပြုထားတဲ့ ဗိုလ်မှူးချုပ် သိန်းဇော်ကို မဲထည့်ဖို့ ဆွယ်တရားပေါ့” ဟု ဗလီကျောင်းတွင် နားထောင်ခဲ့ရသူတဦးက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားဇာတိဖြစ်သူ ဦးခင်မောင်လတ် (မဆလ - မြို့နယ်ကောင်စီ အတွင်းရေးမှူးဟောင်း) နှင့်အတူ ကချင်ပြည်နယ် ကြံ့ဖွံ့အမှုဆောင် ဒေါက်တာခင်မောင်ထွန်း၊ ဗိုလ်မှူးဟောင်း မြင့်ဆွေ၊ အငြိမ်းစား ဒုဗိုလ်မှူးကြီး မျိုးဆွေတို့ အဖွဲ့က လူနည်းစု အစ္စလာမ်ဘာသာဝင်များကို ဟောပြော စည်းရုံးသည်။

မြစ်ကြီးနားမြို့တွင် တရားဝင် ခွင့်ပြုထားသော ရပ်ကွက် ၇ ခုရှိ ဗလီဝတ်ကျောင်း ၇ ခုအနက် ရပ်ကွက် ၃ ခုတွင် ဟောပြောခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ဗလီ ၃ ခုပေါင်းလျှင် ပုံမှန်အားဖြင့် ဝတ်တက်သူ ၇၀၀ ဦးခန့်ရှိကြောင်း၊ ဝတ်ပြုခြင်း ပြီးဆုံးသည်အထိ စောင့်ဆိုင်း၍ ဟောပြောခြင်းဖြစ်ပြီး မဖြစ်မနေ နားထောင်ကြရကြောင်း သိရသည်။

‘အောင်နန်း’ ရပ်ကွက်တွင် ယခုလ ၁ ရက်နေ့၊ ‘ကျွန်းပင်သာ’ တွင် ၈ ရက်နေ့၊ ‘ခေမာသီရိ’ တွင် ၁၅ ရက်နေ့ အသီးသီးဖြစ်သည်။ ‘မင်းရပ်’ ရပ်ကွက်တွင် ယနေ့ ဟောပြောရန် ရှိသော်လည်း အစီအစဉ် ပျက်သွားကြောင်း ရပ်ကွက်နေ အစ္စလာမ်ဘာသာဝင်တဦးက ပြောသည်။

ဗိုလ်မှူးချုပ်သိန်းဇော်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်၊ ဒူကထောင်ရပ်ကွက်၊ နောင်နန်းကျေးရွာ၊ ရွှေစက်ကျေးရွာ၊ ရှဒေါင်ကျေးရွာ စသည့် ရပ်ကွက်-ကျေးရွာ ၁၈ နေရာတွင် ‘စေတနာပြည့်ဖြိုး’ အခမဲ့ ဆေးခန်းများနှင့် ‘ပါရမီ’ အခမဲ့ ဆေးပေးခန်းများ ဖွင့်လှစ်ထားကြောင်း မြို့ခံက ပြောသည်။

စစ်အစိုးရက ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ခြင်း မရှိသေးသော်လည်း ကြံ့ဖွံ့အပါအဝင် နိုင်ငံရေးပါတီနှင့် အသင်းအဖွဲ့အချို့မှာမူ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရနေသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ Kachin State Progressive Party (KSPP) ကလည်း ကချင်ပြည်နယ် အတွင်း ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၈ ခု သို့ စည်းရုံးရေးခရီး လှည့်လည်သွားရောက်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ ၄၆ သန်း၊ ခရစ်ယာန်ဘာသာ ၃ သန်း၊ အစ္စလမ်ဘာသာဝင် ၂ သန်း၊ ဟိန္ဒူ ဘာသာဝင် ၃ သန်း ရှိသည်ဟု စစ်အစိုးရ ထုတ်ပြန်သည့် စာရင်းများက ဆိုသည်။

No comments: