Friday, January 29, 2010

မူဆယ်မြို့ ဝတပ်ဖွဲ့ ဆက်ဆံရေးရုံးအနီး ဗုံး (၁) လုံး တွေ့ရှိ

ခိုင်လင်း / ၂၉ ဇန်န၀ါရီ ၂ဝ၁ဝ

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်ရှိ ဝပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ခေါ် ဝတပ်ဖွဲ့၏ ဆက်ဆံရေး ရုံး အနီးတွင် မပေါက်ကွဲသေးသည့် ဗုံး (၁) လုံးကို ယမန်နေ့က တွေ့ရှိခဲ့သည်။

မူဆယ်မြို့၊ ကောင်းမုလုံရပ်ကွက်၊ ရွှေနဂါးဟိုတည်အနီး လမ်းကြားတွင်တွေ့ရှိခဲ့ပြီး လမ်းများပိတ်ကာ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များ လာရောက်ကာ အချိန်အတော်ကြာ ဖြုတ်ယူသိမ်းဆည်းခဲ့သည်ဟု မူဆယ်မြို့ခံတဦးက ပြောသည်။

၎င်းက “ညနေ (၂) နာရီခွဲကျော်လောက်မှာ တွေ့တာ။ အရပ်သားတွေ တွေ့တာကနေ ရဲတွေခေါ်၊ နောက်တော့ လမ်းကို ဟိုဘက် ဒီဘက်ပိတ်၊ ကြိုးတွေတားလိုက်ပေါ့။ နောက် ဘီအီးတပ် (စစ်အင်ဂျင်နီယာတပ်) က ရောက်လာပြီး လာဖြုတ်သွားတယ်။ ညနေပိုင်းလောက်မှ ပြီးသွားတယ်” ဟု ပြောသည်။

ယခုဗုံးတွေ့ရှိရာနေရာသည် နအဖနှင့် အပစ်ခတ်ရပ်ထားသည့် ဝတပ်ဖွဲ့၊ ရှမ်းအဖွဲ့ စသည့်ငြိမ်းချမ်းရေး ရယူထားသည့် အဖွဲ့အစည်းများ၏ ရုံးများနှင့် မိသားစုဝင်များ နေထိုင်သည့် ရပ်ကွက်ဖြစ်သည်ဟု အဆိုပါမူဆယ်မြို့ခံက ပြောသည်။

ထိုသို့ ဗုံးတွေ့ရှိမှုနှင့်ပတ်သက်၍ တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက နယ်ခြားစောင့်တပ် လက်မခံသေးသည့် အပစ်ခတ်ရပ်အဖွဲ့များအတွင်း နအဖက အခြေအနေရှုပ်ထွေးစေရန် ပြုလုပ်ခြင်းဖြစ်နိုင်သည်ဟု ပြောဆိုသည်။

၎င်းက “ဝတို့၊ မိုင်းလားတို့ကိုကျတော့ ကိုးကန့်လို စစ်တိုက်တဲ့ အကြမ်းနည်း သွားလုပ်လို့မရတော့ အခြေအနေ ရှုပ်ထွေးအောင် တမင်ဖန်တီးလုပ်ပြီး ကွဲလာရင် ကောက်စားမယ်၊ ရေနှောက်အောင် လုပ်ပြီး ငါးဖမ်းမယ်ပေါ့ဗျာ။ တနေ့က ဖြစ်သွားတဲ့ ကိုမင်းအိမ် လုပ်ကြံခံရတဲ့ကိစ္စဆို အဖွဲ့မှာ ပျော့ပျော့ပျောင်းပျောင်း ကိုင်တွယ်လုပ်တတ်တဲ့ သူကို လုပ်သွားတာ။ အခုလည်း ငြိမ်းအဖွဲ့တွေနေတဲ့ ရပ်ကွက်မှာ ဗုံးတွေ့တယ်ဆိုတာ အချင်းချင်းကြား သွေးကွဲပြီး မယုံသင်္ကာဖြစ်အောင်လုပ်တဲ့ကိစ္စဘဲ။ နအဖ လက်ချက်လို့ပဲ ယူဆလို့ရပါတယ်” ဟု ပြောသည်။

ယခုလ (၂၇) ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄)၊ မိုင်းလားတပ်ဖွဲ့၏ အတွင်းရေးမှူး ဦးမင်းအိမ်သည် မိုင်းလားမြို့အတွင်း သေနတ်ပစ် လုပ်ကြံခံလိုက်ရပြီး ယနေ့အချိန်ထိ လူသတ်တရားခံ ရှာမတွေ့သေးပေ။

No comments: