Friday, January 22, 2010

လစာတိုးပေးမည့် အမိန့်စာကို ဌာနဆိုင်ရာများ လက်ခံရရှိပြီ

ဂျူရီချိုင်း၊ မိယဉ်မွန

ဝန်ထမ်းလစာတိုးပေးခြင်းကို ဒီဇင်ဘာလကုန်တွင် ကြေညာပြီးနောက် တရားဝင်လစာတိုးပေးသည့် အမိန့်စာကို ယခုဇန်နဝါရီလ ၁၆ ရက်နေ့တွင် သက်ဆိုင်ရာဌာနများ လက်ခံရရှိကြောင်း သိရပါသည်။

၎င်းအမိန့်စာတွင် ဝန်ထမ်းများ စားဝတ်နေရေး အဆင်ပြေရန်အတွက် လစာတိုးပေးခြင်း ဖြစ်ပြီး ယခု ဇန်နဝါရီလမှ စတင်၍ ဝန်ထမ်းတိုင်းအား ကျပ် ၂၀၀၀၀ စီ တိုးပေးမည်ဟု ဖော်ပြထားသည်။

“အဲဒီအမိန့်စာက ပြည်တွင်းအခွန်များဦးစီးဌာနကနေ ထုတ်ပြန်ထားတာ” ဟု မွန်ပြည်နယ်မှ အထက်တန်းကျောင်းအုပ်တစ်ဦးက ပြောသည်။ ယခင်လစာတိုးပေးချိန်တွင် ဘဏ္ဍာရေးနှစ်ကုန်သည့် ဧပြီလမှ စတင်တိုးပေးသော်လည်း ယခုနှစ်တွင်မူ ဇန်နဝါရီလမှ စတင်တိုးပေးကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲအတွက် ဝန်ထမ်းများကို မဲဆွယ်ရန်အတွက် ယာယီလစာအဖြစ် တစ်နှစ်နှင့် သုံးလခန့်သာ တိုးပေးခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ ပြီးဆုံးသွားပါက ၄င်းတိုးထားသည့်လစာ ဆက်လက်ပေးမည် မပေးမည်ကို ပြန်လည်စဉ်းစားမည်ဟု စီမံကိန်းရေးဆွဲသူ၏ ပြောကြားချက်ကို ကိုးကား၍ မူလတန်းပြဆရာမတစ်ဦးက ပြန်လည်ပြောပြသည်။

“အစိုးရက ဝန်ထမ်းလစာ တိုးပေးမယ်ဆိုတော့ ကောင်းတာပေါ့နော်၊ ကိုယ်ကမူလတန်းပြ ဆရာမလည်း ဖြစ်၊ ကိုယ့်မှာက မိသားစုနဲ့ဆိုတော့ အရင်တုန်းက စားရတာ သိပ်အဆင်မပြေဘူးပေါ့။ အခုလစာတိုးပေးတော့ နည်းနည်းတော့ အဆင်ပြေလာတာပေါ့နော်၊ အခုကုန်ဈေးနှုန်းကလည်း လိုက်တက်လာတယ်ဆိုတော့ အဆင်ပြေကြီးလည်း သိပ်မဟုတ်ပါဘူး။ အခုကြားနေတာကတော့ ဝန်ထမ်းလစာတိုးတာက တစ်နှစ်နဲ့သုံးလပဲ ကြားနေတယ်၊ အဲဒီလိုဆိုရင်တော့ ကျွန်မတို့လို ဝန်ထမ်းတွေအတွက် စိတ်မကောင်းပါဘူး” ဟု ၄င်းမူလတန်းပြဆရာမက ပြောသည်။

အစိုးရဌာနများနှင့် အဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံအရ ခွင့်ပြုထားသော ရာထူးများ၌ တာဝန်ထမ်းဆောင်နေကြသည့် အစိုးရ၀န်ထမ်းများ၏ လစာနှုန်းထားများကို ရာထူးအဆင့် မခွဲဘဲ တပြေးညီ ကျပ်နှစ်သောင်း (၂၀၀၀၀) တိုးမြှင့်ပေးသော်လည်း အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ကြေးများကို တိုးမြှင့်ပေးခြင်းမရှိသည်ကို တွေ့ရပါသည်။

ဝန်ထမ်းလစာများကို နောက်ဆုံးတိုးမြှင့်ပေးခဲ့သည်မှာ ၂၀၀၆ ခုနှစ်တွင် နောက်ဆုံးဖြစ်ပြီး လစာနှင့် ထောက်ပံ့စရိတ်ကို လက်ရှိလစာနှင့် စရိတ်ထက် ဆယ်ဆအထိ တိုးမြှင့်ခဲ့သည်။ ယခုတဖန် အစိုးရ၀န်ထမ်းများ၏ လစာနှုန်းများကို ကျပ်နှစ်သောင်း ထပ်မံတိုးမြှင့်ပေးထားပြီး ယခုတိုးပေးသည့် လစာငွေများကို ၂၀၁၀ ခုနှစ် ဇန်န၀ါရီလတွင် စတင်ခံစားရမည် ဖြစ်သည်။

နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီးရုံးမှ လစာတိုးပေးခြင်းနှင့် ပတ်သက်၍ အမိန့်ကြေငြာစာအမှတ် ၁၀၄/၂၀၁၀ ကို ဒီဇင်ဘာ (၃၁) တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် အစိုးရရုံးဌာန အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ တိုးမြှင့်ခြင်း (သို့မဟုတ်) တပေါင်းတည်းအပြတ်စနစ် ထုတ်ပေးခြင်းတို့ကိုမူ ဖေါ်ပြထားခြင်း မရှိချေ။

No comments: