Thursday, January 28, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၁

မင်းဟန် |

(၁၈၅)
စက်တင်ဘာလ ၂၆ ရက်နေ့မှစ၍ အာဏာပိုင်များက …. တက္ကသိုလ်ရိပ်သာလမ်းအား ပိတ်ထားလိုက်၏။ လမ်းပိတ်ထားသော်လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေနှင့် ဒု-ဥက္ကဋ္ဌများဖြစ်သည့် ဦးတင်ဦး၊ ဦးကြည်မောင်တို့ ၃ ဦးကိုမူ ….

ဝင်ခွင့်၊ ထွက်ခွင့်ပြု၏။ ၀င်ခွင့်၊ ထွက်ခွင့်ရသည့်အတွက် …နေ့စဉ်ပင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ တွေ့ဆုံကြပြီး…. အဖွဲ့ချုပ်၏ လက်ငင်း၊ အကျပ်အတည်းမှ ဖောက်ထွက်ရေးကိစ္စရပ်များအား ဆွေးနွေးကြ၏။ ပထမအရေးက…. အမှတ် (၉၇/ခ) ၊ အနောက်ရွှေ့ဂုံတိုင်ရှိ အဖွဲ့ချုပ်၏ ရုံးအား ပြန်ဖွင့်ရန် ဖြစ်သည်။

ဒုတိယအရေးက ….. စက်တင်ဘာ ၂၆ ရက်နေ့အထိ ဖမ်းဆီးထိန်းသိမ်းထားခြင်း ခံနေရသည့် အဖွဲ့ချုပ် အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အားလုံးတို့ကို ခြွင်းချက်မရှိ ပြန်လွှတ်လာစေရန် ဖြစ်သည်။ တတိယအရေးက …. စစ်အုပ်စုနှင့် တွေ့ဆုံဆွေးနွေးနိုင်ရေး ဖြစ်သည်။ အနောက်ရွှေဂုံတိုင်လမ်းအား အာဏာပိုင်များက ပြန်လည်ပြီး ဖွင့်လှစ်ပေးသည်နှင့် အဖွဲ့ချုပ်ဗဟိုနှင့် ရန်ကုန်တိုင်းရုံးတို့အား ပြန်လည်၍ ဖွင့်သွားရန်နှင့် အဓမ္မဖြုတ်ချခဲ့သည့် ဆိုင်းဘုတ်အား ပြန်တင်ရန် ဆုံးဖြတ်ထားကြ၏။ ဆုံးဖြတ်ချက်ကိုလည်း အာဏာပိုင်များ သိစေရန်လည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသားပေးပို့မည်။ မိတ္တူကိုမူ ….. ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးဘဌေးထံသို့ ပေး၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးပို့မည့် စာကိုက ဒေါ်အောင်ဆန်းစုကြည်ပင် စာကြမ်းရေး၏။ ပြီးမှ စာကြမ်းအား ဥက္ကဋ္ဌများအား ပြ၍ ပြင်ဆင်ဖြည့်စွက်၍ အချောသတ်လိုက်ကြ၏။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဌာနချုပ် ဆိုင်းဘုတ်နှင့် ရန်ကုန်တိုင်းရုံး ဆိုင်းဘုတ်များကို မူလအဆောက်အဦးတွင် ပြန်လည်တင်မည့်အကြောင်း အကြောင်းကြားခြင်း။

အထက်ပါ အကြောင်းအရာကိစ္စနှင့် ပတ်သက်၍ အထက်ပါ ရည်ညွှန်းချက်စာပါ တင်ပြပြီးဖြစ်သည့်အတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းရုံး ဆိုင်းဘုတ်များကို မူလတည်နေရာ၌ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ပြန်လည်တင်မည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်” ဟူ၍ အဆုံးသတ်ထား၏။

အာဏာပိုင်များက လမ်းပိတ်ထားခဲ့သည်မှာ … ၄ ရက်ရှိပြီ။ တက္ကသိုလ်ရိပ်သာလမ်းအား ပိတ်ဆို့ထားသဖြင့် စက်တင်ဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းရှေ့ လူထုဟောပြောပွဲများအား မပြုလုပ်နိုင်ခဲ့….။ မတတ်နိုင်။

ဤသို့သော အတွေ့အကြုံမျိုးက ၈ နှစ်တာကာလအတွင်း မထူးဆန်း…။ အာဏာပိုင်များမှ နေအိမ်ခြံဝင်းအား ပိတ်ဆို့ထားခဲ့၍ နေအိမ်အတွင်း … အကျယ်ချုပ်နှင့် နေခဲ့ရသည့် ကာလများထက်စာလျှင် ယခု လမ်းပိတ်ထားသည်က ခံသာသေးသည်ဟုပင် ဆိုရမည်။ မိမိဆန္ဒနှင့် ပိတ်ထားသည့်လမ်းအား ဖြတ်ကျော်၍ ထွက်ခွင့်ရှိသည်။ ၀င်ခွင့်ရှိနေသည်။ အခြားသူများသာလျှင် ၀င်ခွင့်၊ ထွက်ခွင့် မရခြင်း…။ အဖွဲ့ချုပ်၏ နိုင်ငံရေး ဆောင်ရွက်ဖွယ်ရာများက ပိတ်ဆို့ထားသဖြင့် ချက်ချင်း ထလုပ်၍မရ….။ ဤအတွက် …. နေအိမ်ရှေ့ ၀ရံတာတွင်ပင် ထိုင်ပြီး စာဖတ်၏။ ‘မီနာမီချီ’ သတင်းစာတွင် အပတ်စဉ်ရေးပေးရမည့် ဆောင်းပါးများအား ရေး၏။ အေးအေးလူလူနှင့် စာရေးရန် အချိန်ရသကဲ့သို့…..။ စာမူ ၃ ပုဒ် ရေး၍ ပြီးသွား၏။

‘အဖမ်းအဆီးကို ကျော်လွှား၍’၊ ‘အဆက်မပြတ်ပါဘဲ’ နှင့် ‘ပေးဆပ်ခြင်း’ ဆောင်းပါး ၃ ပုဒ် ပြီးသွား၏။ ‘အဖမ်းအဆီးကို ကျော်လွှား၍’ နှင့် ‘အဆက်မပြတ်ပါဘဲ’ ၂ ပုဒ်က …. လတ်တလော သူမနှင့် အဖွဲ့ချုပ် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများအကြောင်းအား ရေးထားခြင်းဖြစ်ပြီး…. ‘ပေးဆပ်ခြင်း’ တွင်က သူမ၏ နေအိမ်ခြံဝင်းရှေ့ လူထုဟောပြောပွဲ အတွေ့အကြုံများအပေါ် ပြန်လည်၍ ရေးထားခြင်းဖြစ်သည်။

(၁၈၆)
စက်တင်ဘာလ ၂၆ ရက်နေ့ကတည်းမှစတင်ပြီး ပိတ်ဆို့ထားခဲ့သည့် တက္ကသိုလ်ရပိသာလမ်းအား အောက်တိုဘာ ၇ ရက်နေ့ နံနက်တွင်မူ ပြန်လည်၍ ဖွင့်ပေးလိုက်၏။ ၁၁ ရက်ကြာသည့် ပိတ်ဆို့မှု….။

အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်က …. သတင်းထောက်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည့်လျှံ၍ နေ၏။ စကားသံတို့နှင့် ဝေေ၀စီစီ။ ရယ်မောသံများနှင့် လွင်လွင်ရီရီ….။ နှုတ်ခွန်းဆက်သံတို့ဖြင့် စိုစိုပြေပြေ….။ ဆွေးနွေးသံများဖြင့် ဆူဆူညံညံ…..။

စိန်ခေါ်မှုတခုအလွန် …. စိန်ခေါ်မှုသစ်၏ အစ ….။
အဖွဲ့ချုပ်ဗဟိုနှင့်၊ ရန်ကုန်တိုင်းရုံးအား ဆိုင်းဘုတ်ပြန်တင်ရေး၊ ရုံးခန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ပထမဦးစွာ လုပ်ဆောင်ကြ၏။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့လည်း ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင်၊ အဖွဲ့ချုပ်ရုံးအား အမှတ် ၉၇/ခ ၊ အနောက်ရွှေဂုံတိုင်လမ်း၌ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်းနှင့် အဖွဲ့ချုပ်ဆိုင်းဘုတ်အား ပြန်၍တင်မည့် အကြောင်းအား စာပို့၍ အသိပေးအကြောင်းကြားလိုက်၏။ မိတ္တူစာကိုမူ ….. ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးထံသို့ ပို့သည်။ စစ်အုပ်စု၏ တုံ့ပြန်မှုက …. အောက်တိုဘာလ ၁၁ ရက်နေ့ ညနက်နက်၌ တက္ကသိုလ်ရိပ်သာလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းတို့အား ပြန်၍ ပိတ်လိုက်ခြင်းပင်…..။

စစ်အုပ်စုက ပူပန်ကြောင့်ကြမှုကြီးစွာနှင့် တက္ကသိုလ်ရိပ်သာလမ်းနှင့် အနောက်ရွှေဂုံတိုင်လမ်းများအား အောက်တိုဘာလအတွင်း ဖွင့်လိုက်၊ ပိတ်လိုက် လုပ်ဆောင်နေ၏။ ရှုံ့ချည်၊ နှပ်ချည်နိုင်လှသည့် စစ်အုပ်စုပင်…..။

အောက်တိုဘာလ ၁၁ ရက်နေ့မှစ၍ ပိတ်ထားခဲ့သည့်လမ်း ၂ လမ်းအား အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲတွင် ဖွင့်ပေးလိုက်၏။ မကြာ ….. ထိုနေ့ည ၉ နာရီခွဲတွင်ပင် ပြန်၍ပိတ်လိုက်ပြန်သည်။ ပြီးလျှင် …. အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၃ နာရီခန့်တွင်မူ လမ်းများအား ပြန်လည်၍ ဖွင့်ပေးလိုက်ပြန်သည်။ လမ်းများအား ပြန်၍ဖွင့်ပေးမှုက …. ၂၄ နာရီပင်မကြာ …. ထိုညပိုင်းတွင်ပင် ပြန်၍ပိတ်လိုက်လေ၏။

ထူးခြားသည်က …. ယခင်လမ်းပိတ်ထားသည့် ရက်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ပိတ်ထားသည့် လမ်းမှ ထွက်၍ ရန်ကုန်မြို့အတွင်း လှည့်လည်သွားလာနိုင်ခဲ့၏။ ယခုမူ… နေအိမ်လုံခြုံရေး တာဝန်ယူထားသည့် ထောက်လှမ်းရေးအရာရှိက ဒေါ်အောင်ဆန်းစုကြည်အား အပြင်သို့မထွက်ရန် မေတ္တာရပ်ခံ၍ နေသည်။ လွန်ခဲ့သည့် ၂ ရက်က …. ဖြစ်ပွားခဲ့သည့် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြပွဲနှင့် ပတ်သက်၍ စစ်အုပ်စုအနေနှင့် စိုးရိမ်ပူပန်နေရဟန်ရှိ၏။ ဤအတွက် …. ဒေါ်အောင်ဆန်းစုကြည်အား အပြင်မထွက်ပါရန် မေတ္တာရပ်ခံနေခြင်း ဖြစ်မည်။
ဒေါ်အောင်ဆန်းစုကြည်မှ သူမအနေဖြင့် အပြင်ထွက်ခွင့်မရလျှင် ….. သူမထံသို့ အဖွဲ့ချုပ်ခေါင်းဆောင်များအား လာခွင့်ပြုရန် တောင်းဆိုလိုက်၏။ ဤသည်ကိုမူ …. စစ်အုပ်စုက လိုက်လျော၏။ မကြာ ….. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးတို့ ရောက်လာခဲ့ကြ၏။ ဦးကြည်မောင်မှာမူ ရောက်မလာနိုင်ခဲ့….။ ထိုနေ့ နံနက်စောစောမှာပင် ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဆက်နွယ်မှု ရှိသည်ဟူ၍ … အာဏာပိုင်များက ဖမ်းဆီးထိန်းသိန်းခဲ့လေပြီ။

(၁၈၇)
၁၉၉၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးကြည်မောင်အား အာဏာပိုင်များက ပြန်၍လွှတ်ပေးလိုက်သည်။ လမ်းပိတ်ဆို့ထားသည်များကိုလည်း ဖွင့်ပေးလိုက်၏။ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ်အတွက်မူ … မုန်တိုင်းတခု စဲသွားသကဲ့သို့…။ သို့သော်…. မုန်တိုင်းပေါင်း မြောက်မြားစွာအား ဖြစ်ပေါ်စေနိုင်မည့် လေဖိအားနည်း ရပ်ဝန်းကမူ အားကောင်း၍ နေဆဲ….။ အောက်တိုဘာ ၂၈ ရက်၊ တနင်္လာနေ့တွင် တက္ကသိုလ်ရိပ်သာလမ်းအား ပြန်ဖွင့်ပေးခဲ့သော်လည်း …. စနေ၊ တနင်္ဂနွေ ရက်များတွင်မူ အာဏာပိုင်တို့သည် တက္ကသိုလ်ရိပ်သာလမ်းအား ပြန်ပိတ်ပြန်သည်။ ရည်ရွယ်ချက်က …. အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းတွင် လူထုနှင့် ဒေါ်စု မတွေ့ဆုံနိုင်ရန် ဖြစ်၏။

လူထုသည် တနေရာရာတွင် စုံရုံးကြ၏။
၁၉၉၆ ခုနှစ် … နိုဝင်ဘာလ ၉ ရက်၊ စနေနေ့ ….။
လူထုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ၍ လူထုဟောပြောပွဲ ပြုလုပ်နိုင်ရန် ဦးချစ်မောင်လမ်းအတွင်း စုဝေး၍နေကြ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ အလာအား စောင့်စား၍နေကြ၏။ ဇွဲကောင်းကောင်းနှင့်….။ ဒေါ်အောင်ဆန်းစုကြည်မှ စောင့်စားနေကြသည့် လူထုထံသို့သွားရန် ပြင်ဆင်၏။ ၁၉၉၆ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည် အပြင်သို့ထွက်လျှင် …. စစ်ထောက်လှမ်းရေးမှာ မော်တော်ကားတစီး၊ ရဲတပ်ဖွဲ့မှ ရဲအရာရှိတဦး ပါသည့် ကားတစီးတို့ အစောင့်အဖြစ် လိုက်ပါကြ၏။

ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်က …. ပထမ ဦးကြည်မောင်၏ နေအိမ်သို့ သွားမည်။ ဦးကြည်မောင်၏ နေအိမ်တွင်ပင် ဦးတင်ဦးနှင့်ဆုံရန် ချိန်းဆိုထား၏။ ပြီးလျှင် ….. လူထုကြီးရှိရာသို့ ပေါင်း၍သွားကြမည်။ လူထုအား ဟောပြောရှင်းလင်းကြမည်။ ညနေ ၃ နာရီခန့်တွင် ဒေါ်အောင်ဆန်းစုကြည်တို့ နေအိမ်မှ ထွက်ကြ၏။ ဒေါ်အောင်ဆန်းစုကြည်မှ ကားတစီး၊ အဖွဲ့ချုပ်လူငယ်များမှ ကားတစီး၊ ထောက်လှမ်းရေး ကားတစီး၊ ရဲအရာရှိ ကားတစီး …. စုစုပေါင်း မော်တော်ယာဉ် ၄ စီးနှင့်….။

ကမ္ဘာအေး ဘုရားလမ်းအတိုင်း မောင်းနှင်လာကြ၏။ ဦးကြည်မောင်၏ နေအိမ်က ကမ္ဘောဇ၀င်းအတွင်း၌ ရှိ၏။ ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းက ကမ္ဘာအေးဘုရားလမ်းမှ ကမ္ဘောဇ၀င်းအတွင်းသို့ တိုးဝင်သည့် လမ်းသွယ်လေးအတွင်းသို့ ချိုး၍၀င်လိုက်ကြ၏။ ကမ္ဘောဇတံတား အပြင်ဘက်တွင်က …. လုံထိန်းများ၊ ထောက်လှမ်းရေးများနှင့် ယာဉ်ထိန်းရဲများ၊ ပြီးလျှင် …. ကမ္ဘောဇ၀င်းအတွင်းဘက် အခြမ်းတွင်လည်း လုံထိန်းများနှင့် ယာဉ်ထိန်းရဲများက …. အင်နှင့်အားနှင့် နေရာယူထားကြ၏။ ကမ္ဘာအေးဘုရားလမ်း၏ အခြားတဖက်တွင်မူ ….. ထောက်လှမ်းရေးများ၊ စစ်ဖက်မှ အရာရှိများက ဆိုင်ခန်းငယ်များအတွင်းမှ အခြေအနေအား စောင့်ကြည့်၍နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်တို့ ဦးကြည်မောင်၏ နေအိမ်သို့ ညနေ ၃ နာရီခွဲခန့်တွင် ရောက်ကြ၏။ ဦးကြည်မောင်၏ နေအိမ်၌ ဦးတင်ဦးလည်း ရောက်ရှိ၍နေပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးကြ၏။ လူထုထံသို့ သွား၍ လူထုနှင့် တွေ့ဆုံရန် အစီအစဉ်များအား ဆွဲကြသည်။ မကြာ….။ ၁၅ မိနစ်အတွင်းမှာပင် ဆွေးနွေးပွဲက ပြီးလေ၏။ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းဦးကြည်မောင်၏ နေအိမ်မှ ပြန်ထွက်လာခဲ့ကြသည်။ ယာဉ်တန်း၏ ရှေ့ဆုံးတွင်က …. အဖွဲ့ချုပ်လူငယ်များ၏ မော်တော်ယာဉ် … ပြီးလျှင် … ဒေါ်အောင်ဆန်းစုကြည်၏ ကား…။ ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်အနောက်တွင်က ဦးတင်ဦးနှင့် ဦးကြည်မောင်တို့၏ မော်တော်ကား …. ။ ရဲအရာရှိ၏ ကားနှင့် ထောက်လှမ်းအရာရှိတို့၏ ကားများက အနောက်ဆုံးမှ….။

ထူးဆန်းစွာပင် ….. လမ်းထိပ်တွင် အရပ်ဝတ်နှင့် လူအုပ်ကြီးအား တွေ့ရ၏။ လူအုပ်ကြီးက ၂၀၀ ခန့် ရှိမည်။ ကမ္ဘာအေးဘုရားလမ်း၏ ၀ဲ၊ ယာ၌ …..။ ဒေါ်အောင်ဆန်းစုကြည်တို့ ယာဉ်တန်းလွန်ခဲ့သည့် ၁၅ မိနစ်ခန့်က ဤလမ်းမှပင် ၀င်ခဲ့ကြ၏။ ထိုစဉ်က …. ထိုလူစုကြီးသည် မရှိ ….။ လုံထိန်းများ၊ ယာဉ်ထိန်းရဲများနှင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသာလျှင် ရှိနေခဲ့ကြ၏။ ယခုချက်ချင်း ထိုလူစုကြီးသည် မည်သည့်နေရာမှ ရောက်လာခဲ့ကြသနည်း…။ သူတို့၏ လက်ထဲတွင်က … သံဒုတ်များ၊ ချိန်းကြိုးများ၊ အုတ်ခဲပိုင်းများဖြင့်….။ အစုအပြုံလိုက် အကြမ်းဖက် တိုက်ခိုက်မည့်ဟန်က အထင်းသားပင်…..။ အချို့က…. လမ်းလျှောက် စကားပြောစက် (I.Com) များအား ကိုင်ဆောင်၍ သတင်းပို့နေ၏။ အမိန့်နာခံ၍ နေ၏။ လမ်းလျှောက် စကားပြောစက်နှင့် သူတဦးက…..

“ထွက်လာပြီ … ထွက်လာပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်း ကမ္ဘောဇ၀င်းအတွင်းမှ မောင်းထွက်လာသည်အား သတင်းပို့၏။ ယာဉ်တန်းက …. လမ်းသွယ်အတွင်းမှ ထွက်ပြီး ကမ္ဘာအေးဘုရားလမ်းဆီသို့ တက်၏။ ဖြည်းဖြည်းမှန်မှန်နှင့် ….။ လူစုကြီးအတွင်းမှ ဦးဆောင်သူတဦးက ဒေါ်အောင်ဆန်းစုကြည်၏ ကားအတွင်းသို့ သေချာစွာ ကြည့်ရှုပြီး ….. လူအုပ်ကြီးအား အမိန့်ပေး၏။

“ချ၊ ချ”
ယာဉ်တန်း၏ ရှေ့ဆုံးမှ အဖွဲ့ချုပ်လူငယ်များပါသည့် မော်တော်ယာဉ်မှာမူ …. တိုက်ခိုက်မှုအတွင်းမှ လွတ်သွား၏။ လူအုပ်ကြီးက သံဒုတ်များ၊ အုတ်ခဲပိုင်းများ၊ ချိန်းကြိုးများနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ကားအား တိုက်ခိုက်ကြ၏။ ဦးတင်ဦး၊ ဦးကြည်မောင်တို့၏ မော်တော်ယာဉ်ကိုလည်း တိုက်ခိုက်၏။ အကြမ်းဖက် တိုက်ခိုက်မှုများအတွင်းမှ …. ဒေါ်အောင်ဆန်းစုကြည်တို့လွတ်ရန် မော်တော်ယာဉ်များအား မောင်းထွက်ခဲ့ကြရ၏။ ဒေါ်အောင်ဆန်းစုကြည်၏ မော်တော်ယဉ်အနောက်ဘက် လေကာမှန်က …. ကွဲကြေ၍ သွား၏။ ဦးတင်ဦး၊ ဦးကြည်မောင်တို့၏ မော်တော်ယာဉ်သည်လည်း ဘေးမှန်များ၊ အနောက်မှန်များ အားလုံးကွဲကြေကုန်၏။ မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်းက မရှိ….။

လုံထိန်းများ၊ ထောက်လှမ်းရေးများ၊ ယာဉ်ထိန်းရဲများက …. ငြိမ်သက်စွာနှင့် ငေးမော၍ ကြည့်နေကြ၏။ ရပ်ရွာအေးချမ်းသာယာရေး တာဝန်အား မထမ်းဆောင် …။ တရားဥပဒေစိုးမိုးရေးအား လျစ်လျူရှု၍ နေ… နေကြ၏။ မြို့တော်ရန်ကုန်အတွင်း ….. နေ့ခင်းအချိန်အခါ၌ အုပ်စုလိုက် အကြမ်းဖက် တိုက်ခိုက်မှုကြီး….။

ပြီးလျှင် ….. အကြမ်းဖက် တိုက်ခိုက်သူများက စနစ်တကျနှင့်ပင် … ကမ္ဘာအေးဘုရားလမ်းရှိ ယဉ်ကျေးမှု တက္ကသိုလ်ဝင်းအတွင်းသို့ အောင်မြင်စွာဖြင့် … ဆုတ်ခွာ၍ ၀င်ရောက်သွားကြ၏။ သတ်ကွင်းအတွင်းမှ လွတ်မြောက်ခဲ့ပြီးသည့်နောက် …. ဒေါ်အောင်ဆန်းစုကြည်တို့ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းသို့ပင် ပြန်ရန် ဆုံးဖြတ်လိုက်၏။

သံလွင်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံရာတွင်ကား ….. အာဏာပိုင်တို့မှ လမ်းအားပိတ်ထား၏။ ပိတ်ထားသည့် သံဆူးကြိုးခွေများအတွင်း၌မူ …. အရပ်ဝတ်နှင့် လူစုလူဝေးကြီး ….။ လမ်းပိတ်ဆို့မှုအား တာဝန်ယူထားသည့် စစ်ဖက်မှ အရာရှိ၊ ရဲမှူးကြီးနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက သံဆူးကြိုးခွေ၏ အပြင်ဘက်တွင် နေရာယူထားကြ၏။ သူတို့၏ အနီးတွင်လည်း အရပ်ဝတ်များက ရှိနေကြ၏။

“ဒုတိယ …. သတ်ကွင်း”
ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းက …. သံလွင်လမ်းမှ တက္ကသိုလ်ရိပ်သာလမ်းသို့ ချိုးကွေ့လိုက်၏။ လုံခြုံရေး တာဝန်ယူထားသည့် အရာရှိများအနီးမှပင် …. အရပ်ဝတ်နှင့် လူ ၂ ဦး ပြေးထွက်လာ၏။ ဒေါ်အောင်ဆန်းစုကြည်၏ ကားအား ခဲများဖြင့် ပစ်ပေါက်ကြ၏။ ပြီးလျှင် ….. နောက်ဖက်ဘေးမှန်များ ကွဲနေသည့် ဦးတင်ဦး၊ ဦးကြည်မောင်တို့၏ ကားအတွင်းသို့ ဓားနှင့် ထိုး၏။ ကား၏ အရှိန်ကြောင့် ဟန်ချက်မမှန်သည့်အတွက် ထိရောက်မှုကား …. မရှိ။ မြို့လယ်ခေါင် လူသတ်ပွဲ …..။

No comments: