Saturday, January 30, 2010

မြန်မာ့ တပ်မတော်တွင်းက အရာရှိများရဲ့ အခန်းကဏ္ဍ (အပိုင်း ၃)


တပ်ခွဲမှူးရာထူးမှာ အရာရှိအဆင့်တွေကတော့ ဗိုလ်ကြီးအဆင့်၊ ယာယီတပ်ခွဲမှူး (ဗိုလ်မှူး) လစာစား ဗိုလ်ကြီးအဆင့်နဲ့ တပ်ခွဲမှူး ဗိုလ်မှူး အဆင့်ဆိုပြီး ၃ မျိုး ၃ စား ရှိပါတယ်။ အခုနောက်ပိုင်းမှာ တပ်တတပ်ရဲ့ ဖွဲ့စည်းပုံအင်အား မပြည့်တဲ့အတွက် တပ်ခွဲမှူးတွေကို ဗိုလ်အဆင့်တွေက တာဝန်ယူကြရပါတယ်။ တပ်ခွဲမှူးဖြစ်လာသူ အရာရှိတွေဟာ ဆရာကြီး၊ ဆရာ၊ ရဲဘော်တွေရဲ့ ချစ်ကြောက်ရိုသေလေးစားမှု၊ ယုံကြည်မှုအား တည်ဆောက် ရရှိပြီးသူတွေ ဖြစ်ပါတယ်။

ဒါ့အပြင် တပ်ခွဲတစ်ခွဲမှာ လစာကြပ်နဲ့ တပ်ကြပ်ကြီးစာရေး၊ လက်နက်တိုက် တာဝန်ခံ၊ အကူရဲဘော်တွေ ပါဝင်ပြီး တပ်ခွဲ၊ ရုံးအဖွဲ့၊ လက်နက်တိုက်ရုံးခန်း၊ အိမ်ထောင်သည်လိုင်းခန်း စသဖြင့် သီးခြားစီ စနစ်တကျ စုဖွဲ့ထားတဲ့ တပ်မတော်ရဲ့ အခြေခံအကျဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ တခြားအဆင့် ဆရာ၊ ရဲဘော်တွေရဲ့ ရာထူးတိုးမြှင့်ခွင့် အပိုင်းမှာ တပ်ခွဲမှူးရဲ့ ထောက်ခံတင်ပြချက်ဟာ အရေးပါလို့ တပ်ရင်းမှူးက တပ်ခွဲမှူးကို မေးမြန်းတိုင်ပင်ပြီးမှ တိုးပေးလေ့ ရှိပါတယ်။ တပ်ခွဲမှူးတွေဟာ စစ်ဆင်ရေး ကိစ္စရပ်တွေမှာ တိုက်ခိုက်ရေး တပ်မှူးငယ်တွေအဖြစ် အားထားရလို့ တပ်ရင်းမှူးရဲ့ လက်ရုံးသဖွယ် ယုံကြည်အားကိုးခြင်း ခံရပါတယ်။

တချို့ (IO) စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိငယ်တွေဟာ အထက်ဌာနနဲ့ ပြောဆိုဆက်ဆံရာမှာ ဆက်သွယ်ရေးစက် အတိုအဝှက်တွေကို ကျွမ်းကျင်စွာ မသုံးတတ်လို့ ရှေ့တန်းမှာ အထက်ဌာနတွေနဲ့ ပြဿနာ မတက်စေရေးအတွက် တပ်ရင်းမှူးရဲ့ (IO) စစ်ဦးစီးအရာရှိအဖြစ် လုပ်သက်ရင့် တပ်ခွဲမှူးကိုပဲ အစားထိုး ခိုင်းစေတာမျိုးလည်း ရှိပါတယ်။

တပ်ခွဲမှူးဟာ ကိုယ်ပိုင်လက်နှိပ်စက်ရုံးခန်း၊ စာရင်းဇယား၊ စာအုပ်စာတမ်း၊ လယ်ဂျာတွေနဲ့တကွ ဖွဲ့စည်းပုံတွေကို စနစ်တကျ ထားရှိရပြီး ရုံးလုပ်ငန်း ဦးစီးတာဝန်ကိုလည်း ကျွမ်းကျင်ရပါတယ်။ ရိက္ခာစားအင်အား လချုပ်လုပ်ပေးရပြီး တပ်ရင်းရုံးကို လစဉ် ပြန်တမ်းတွေအဖြစ် အချိန်မီ ပေးပို့နိုင်ရေး စီမံဆောင်ရွက်ရပါတယ်။ တပ်ခွဲမှူးဟာ လစာကြပ်နဲ့ လက်နက်တိုက်တာဝန်ခံ အကြပ်တို့ကို ဒုအရာခံဗိုလ်နဲ့ တပ်ခွဲ တပ်ကြပ်ကြီးတို့ကတဆင့် ခိုင်းစေရသလို ငွေကြေးရေးရာ ကိုင်တွယ်မှု မှန်၊မမှန်ကို စိစစ်ရတာလည်း ရှိပါတယ်။

ဒါ့အပြင် တပ်ခွဲမှူးတွေဟာ ခွင့်မဲ့ပျက်ကွက်စစ်သည် (AWL) တွေကို လိုအပ်သလို ထိန်းချုပ်ရပြီး လိုက်လံရှာဖွေရတာမျိုး အဆက်အသွယ်မရရင် ဒီစစ်သည်ရဲ့ လစာငွေနဲ့ ရိက္ခာတွေကို ပြန်တမ်းနဲ့ညှိပြီး အကြံအဖန်လုပ်ကာ စီမံရပါတယ်။ တကယ်လို့ ခွင့်မဲ့စစ်သည် ပြန်ရောက်လာရင် အကြံအဖန်လုပ်ထားတဲ့ လစာ၊ ရိက္ခာငွေတွေကို ပြန်ရှင်းပေးရတာလည်း ရှိပါတယ်။

ဘယ်လိုပဲဖြစ်ပါစေ တပ်ခွဲမှူး ခေါင်းအကိုက်ရဆုံး မကြာခဏဖြစ်တဲ့ ပြဿနာဟာ ခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစဉ်ပြန်တမ်းတွေကို လိမ်ညာဖန်တီးပေးရခြင်းပဲ ဖြစ်ပါတယ်။ စာရင်းစစ်အဖွဲ့တွေလာရင် ကျွေးမွေးဧည့်ခံရတဲ့ ကုန်ကျစရိတ်တွေကို ဒီခွင့်မဲ့ပျက်ကွက် စစ်သည်တွေရဲ့ လစာ၊ ရိက္ခာတွေနဲ့ ဖြည့်ဆည်းပေးရပါတယ်။

တပ်ခွဲမှူးဟာ ဝန်ထမ်းရိက္ခာတွေကို လိုအပ်သလို ကစားပြီး ရောင်းရတဲ့ငွေတွေနဲ့ တပ်ခွဲအတွက် လိုအပ်တဲ့ စာရေးကိရိယာတွေနဲ့ သက်သာချောင်ချိရေးတို့ကို ဖြည့်ဆည်းပေးရပါတယ်။ အလားတူ ပေါ်တာဝန်ထမ်းခ ငွေတွေကိုလည်း တပ်ရင်းရုံးကနေ ချပေးတဲ့ ခွဲတမ်းအတိုင်း ကျေနပ်ရယူသုံးစွဲရပါတယ်။ ပေါ်တာဝန်ထမ်းတွေကို နီးစပ်ရာရွာတွေက ဆန်နဲ့ ဆေးလိပ်ကို တောင်းယူကျွေးမွေးခြင်းဖြင့် ဝန်ထမ်းရိက္ခာနဲ့ ဝန်ထမ်းငွေတွေ ရယူပြီး လှည့်ပတ်သုံးစွဲရပါတယ်။

တပ်ခွဲမှူးတွေ ဖြစ်ရတဲ့ အဓိက ဆက်ဆံရေးပြဿနာမှာ တပ်ရေးဗိုလ်ကြီးနဲ့ဖြစ်ပြီး ဝန်ထမ်းခငွေ၊ ဝန်ထမ်းရိက္ခာ၊ ရိက္ခာစိုငွေတွေ ထုတ်ပေးမှုတို့ကြောင့် ဖြစ်ရပါတယ်။ ဒါ့အပြင် သာရေး၊ နာရေး ထည့်ဝင်မှုငွေ အချိုးကျစရိတ်တွေကို တပ်ခွဲမှူးတွေအပေါ် တပ်ရေးဗိုလ်ကြီးက မတရား တောင်းခံမှု ကိစ္စမှာလည်း မကြာခဏ စကားများကြရပါတယ်။ တပ်ရေးဗိုလ်ကြီး ကိုယ်တိုင်က တပ်ရင်းမှူးရဲ့ တပည့်ပီပီ နိုင်ထက်စီးနင်း လုပ်တတ်မှုအပေါ် တပ်ခွဲမှူး အများစုက ကျေနပ်မှု မရှိခဲ့ကြောင်း တွေ့ရပါတယ်။

အဆိုးဆုံး ပြဿနာကတော့ အထက်အဆင့်ဆင့်က ရဲဘော်သစ် ခွဲတမ်းချ စုဆောင်းရေးကိစ္စမှာ အောက်ဆုံး အဆင့်ဖြစ်တဲ့ တပ်ခွဲအဆင့်မှာ တပ်ခွဲမှူးက တလမှာ တပ်ခွဲမှူးအတွက် တဦး၊ တပ်စုမှူး တဦးစီရှိတိုင်း တဦးစီ၊ တပ်ခွဲကိုယ်စား တဦး အနည်းဆုံး စုစုပေါင်း ၃ ဦး အပ်နှံဖို့ ရှိလေရာ မိမိတာဝန်ကျေ စုဆောင်းပေးရမယ့် ရဲဘော်သစ် အရေအတွက် ပြည့်မီရေးကိစ္စပဲ ဖြစ်ပါတယ်။

တပ်ခွဲမှူးက အထက်ညွှန်ကြားချက်အရ မိမိတပ်ခွဲရှိ စစ်သည်တို့ကို ခေါ်ယူတွေ့ဆုံပြီး သူတို့ လိုလားချက်အတိုင်း သာမန်ခွင့် တလ ပေးမှာ ဖြစ်တယ်။ ဒါပေမဲ့ ခွင့်လိုချင်ရင် မိမိနေထိုင်ရာ ဇာတိမြေမှ ရဲဘော်သစ်တဦး မဖြစ်မနေ ခေါ်ဆောင်လာရမယ်လို့ ဖိအားပေး စေလွှတ်ခိုင်းခဲ့ရပါတယ်။ တချို့ ရဲဘော်တွေမှာ ခွင့်ပြန်ချိန်မှာ မိဘဆွေမျိုးတွေနဲ့ အေးဆေးစွာ တွေ့လိုပေမယ့် အခုလို ဆန္ဒမပါဘဲ ရဲဘော်သစ် စုဆောင်းရေးကို ခက်ခဲစွာ လုပ်ဆောင်ရတာမို့ အဆင်မပြေတော့လို့ ရဲဘော်သစ်အစား ဒဏ်ငွေ ပိုက်ဆံ ကျပ် ၄ သောင်း ပေးသွင်းရပါတယ်။ တချို့ရဲဘော်တွေမှာ ခွင့်ပြန်မလာတော့ဘဲ ခွင့်မဲ့ပျက်ကွက် ထွက်ပြေးတဲ့အဆင့်ထိ ကြုံတွေ့ရပါတယ်။

တဖန် တပ်ခွဲရှိ လုပ်သက်ပြည့် တချို့ရဲဘော်တွေကို တပ်ကနေထွက်ခွင့် ရဖို့ဆိုရင် ရဲဘော်သစ် ၄ ဦး စုဆောင်းပေးရမယ်ဆိုတဲ့ အထက်ဌာန ညွှန်ကြားချက်နဲ့ တပ်ခွဲမှူးက ကိုင်တွယ်တာမို့ တပ်ကနေ ထွက်ချင်တဲ့ ရဲဘော်တွေ ပိတ်မိနေကြရပါတယ်။

စစ်သားစုဆောင်းရေးကို စစ်ဆင်ရေးသဖွယ် မဖြစ်မနေ လုပ်ဆောင်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အမိန့်အာဏာတွေကြောင့် တပ်ခွဲမှူးတွေက နောက်ဆုံး ကြံရာမရဖြစ်ပြီး ကျေးရွာ၊ ရပ်ကွက်တွေအတွင်း လှည့်ကင်းစေလွှတ်ကာ စစ်သားစုဆောင်းရေး တပ်ဖွဲ့တွေအသွင် ဆောင်ရွက်ကြရပါတယ်။ ကလေးစစ်သားတွေကို အတင်းအဓမ္မ စုဆောင်းပြီး စစ်သားစုဆောင်းရေး တပ်တွေသို့ ငွေကြေး လာဘ်ထိုးခြင်းဖြင့် တပ်သားသစ် စုဆောင်းရေးအတွက် တာဝန်ကျေအောင် ဆောင်ရွက်ကြရပါတော့တယ်။

ရှေ့တန်း တိုက်ခိုက်ရေး (စစ်ထွက်) အင်အား ပြည့်မီရေးအတွက် တပ်ခွဲမှူးနဲ့ တပ်ရင်းမှူးတို့ မကြာခဏ အငြင်းအခုန်ဖြစ်ရတဲ့ ကိစ္စတရပ်ကတော့ ဆေးကျသူ၊ ဒဏ်ရာရနေသူ၊ သုံးမရသူ၊ ကလေးစစ်သားတွေကို တပ်ခွဲမှူးတွေက ရှေ့တန်းဆီ ဝန်ပိမှာစိုးလို့ မခေါ်ချင်ပေမယ့် တပ်ရင်းတရင်းမှာ ရှိရမယ့် အနည်းဆုံး တိုက်ခိုက်ရေး အင်အား ၂ဝဝ ဦး ပြည့်မီရေးအတွက် ခေါ်သွားဖို့ ဖိအားပေး ခံနေရပါတယ်။

ရှေ့တန်းမှာ ရည်မှန်းချက်နဲ့ အချိန်ကန့်သတ်ချက်အရ မရပ်မနား ခရီးရှည် ထိုးဖောက်ရလေ့ရှိရာ အဲဒီ ရဲဘော်တွေ မလိုက်နိုင်တော့လို့ ပြတ်ကျန်ခဲ့ရတဲ့အပေါ် တပ်ရင်းမှူးက တပ်ခွဲမှူးတွေကို ဆဲဆိုကြိမ်းမောင်းတဲ့ဒဏ် မကြာခဏ ခံနေရပါတယ်။ ရှေ့တန်း ထွက်မယ်ဆိုရင် ကြုံတွေ့ရမယ့် ဝန်စည်စလွယ် လက်နက်ခဲယမ်း၊ ရိက္ခာတွေကို သယ်ဆောင်ပေးရမယ့် ပေါ်တာဝန်ထမ်း အရေအတွက်နဲ့ လား၊ မြင်းတွေ လိုအပ်သလောက်ကို စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိ (IO) နဲ့ ရေးထောက်အရာရှိ (AQ) တို့က မပေးနိုင်တဲ့အပေါ်မှာ တပ်ခွဲမှူးတွေနဲ့ အချေအတင် စကားများကြမှု ရှိကြပါတယ်။

အထူးသဖြင့် စစ်ကြောင်းရုံးတွေက အထက်ရုံးပီပီ ဗိုလ်ကျကာ အနိုင်ကျင့်ပြီး ပေါ်တာဝန်ထမ်းတွေကို အများဆုံး ရယူထားတာမို့ တပ်ခွဲမှူးတွေက ပစ္စည်းတွေကို မတန်တဆ ထမ်းပေးရတဲ့အပေါ် မကျေနပ်ကြခြင်း ဖြစ်ပါတယ်။ စီနီယာ လုပ်သက်ရင့် ဗိုလ်ကြီးတွေ ဖြစ်လာပြီဆိုရင် ခြေလျင်တပ်တွေမှာ နေလို့မရတော့ဘဲ သင်တန်းတွေ တက်ပြီးပါက ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ်၊ တပ်မ/စကခ စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွေမှာ စစ်ဦးစီးမှူး (တတိယတန်း) တွေနဲ့ ကိုယ်ရေးအရာရှိတွေ၊ လုံခြုံရေးတပ်ခွဲမှူးနဲ့ လုံခြုံရေးတပ်စုမှူးတွေအဖြစ် အရေးကြီး အဆင့်မြင့်တာဝန်တွေကို ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရပါတယ်။ အဲဒီ စစ်ဌာနချုပ်တွေမှာတော့ စစ်ဦးစီး အရာရှိတွေ၊ ကိုယ်ရေးအရာရှိတွေဟာ ရုံးအုပ် အရာခံဗိုလ်တွေနဲ့ တပ်ကြပ်ကြီး စာရေးတွေကို ဆက်သွယ်ပေါင်းသင်း ဆက်ဆံကြရပါတယ်။

No comments: