Wednesday, January 27, 2010

ကိုညီညီအောင်အမှု အမိန့်ချရန် ရုံးချိန်းရွှေ့ဆိုင်း

NEJ/ ၂၇ ဇန်န၀ါရီ ၂ဝ၁ဝ

မြန်မာလူမျိုး အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်အား စွဲချက်တင်ထားသည့်အမှု (၃) မှုကို အင်းစိန် အထူးတရားရုံးတွင် ယနေ့ အမိန့်ချမှတ်ရန်ရှိသော်လည်း လာမည့်ဖေဖော်ဝါရီ (၁၀) ရက်သို့ ရုံးချိန်း ထပ်မံရွှေ့ဆိုင်းလိုက်သည်။


ကိုညီညီအောင်၏ အကျိုးဆောင်ရှေ့နေတဦးဖြစ်သည့် ဦးကြည်ဝင်းက “ဒီနေ့ အမိန့်မချဖြစ်ဘူး။ တရားသူကြီးက ဒီအမှု (၃) မှုစလုံးကို အသေးစိတ်ပြန်ပြီးတော့ လေ့လာဖို့လိုတဲ့အတွက် (၁၀) ရက်၊ (၂) လ၊ နံနက် (၁၀) နာရီမှာ အမိန့်ချမှတ်မယ်တဲ့ ရုံးချိန်းပေးလိုက်တယ်” ဟု ပြောသည်။

ကိုညီညီအောင်အား အစိုးရဘက်မှ စွဲချက်တင်ထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတု ကိုင်ဆောင်မှု၊ နိုင်ငံခြားငွေစက္ကူ ကိုင်ဆောင်မှုနှင့် မြန်မာနိုင်ငံတွင်း နေထိုင်သူများ မှတ်ပုံတင်ဥပဒေအရ အရေးယူသည့်အမှုတို့အတွက် ပြီးခဲ့သည့် ဇန်န၀ါရီ (၂၂) ရက်တွင် နှစ်ဘက်ရှေ့နေများက အပြီးသတ်လျှောက်လဲချက် တင်သွင်းခဲ့ကြပြီးဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၃) ရက် ညနေပိုင်းတွင် ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်စဉ် မင်္ဂလာဒုံလေဆိပ်၌ ကိုညီညီအောင်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရက အထက်ဖော်ပြပါအမှုများဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

အမှုအလားအလာအခြေအနေနှင့်ပတ်သက်၍ ဦကြည်ဝင်းက “အမှုနဲ့ပတ်သက်ပြီး ယေဘုယျအနေနဲ့တော့ ပြောလို့ရတယ်။ ကျနော်တို့က တရားခံရဲ့ရှေ့နေဖြစ်တယ်။ အဲတော့ မျှော်လင့်ချက်ထားပါတယ်၊ နောက်ပြီးတော့ တရားဥပဒေကိုလည်း ဥပဒေအတိုင်း စိုးမိုးလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

No comments: