Friday, January 22, 2010

ဒေါ်အောင်ဆန်းစုကြည်နေအိမ် ပြင်ဆင်မှုရပ်တန့်ရန် တရားဝင် ကန့်ကွက်

NEJ/ ၂၂ ဇန်န၀ါရီ ၂ဝ၁ဝ

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်ပြင်ဆင်မှုကို ရပ်တန့်ပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်း၏ရှေ့နေ ဦးဟန်တိုးမှတဆင့် တားဝရမ်း လျှောက်ထားလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားသည်။

ယမန်နေ့ ဇန်န၀ါရီ (၂၁) ရက်တွင် ရန်ကုန်တိုင်းတွဲဖက် (၂) တရားရုံး၌ ရှေ့နေ ဦးဟန်တိုးက ယင်းသို့ တားဝရမ်း လျှောက်ထားခဲ့ခြင်းဖြစ်ပြီး လာမည့်ဖေဖော်ဝါရီ (၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများက ပြန်လည်လျှောက်ထား ကန့်ကွက်သွားမည်ဟု သိရသည်။

“သူတို့က တားဝရမ်းထုတ်ဖို့ တရားရုံးကို လျှောက်ပါတယ်။ ကျနော်တို့က ကန့်ကွက်မှာပါ။ လာမယ့် ဖေဖော်ဝါရီ (၄) ရက်မှာ ကျနော်တို့ ကန့်ကွက်စာ ပြန်တင်ပါ့မယ်။ သူတို့တင်တာ ဥပဒေနဲ့မညီတဲ့အတွက် ဖြစ်ပါတယ်။ ပစ္စည်းတခုကို ကောင်းအောင် လုပ်လို့ရှိရင် တားဖို့မလိုဘူး။ ဖျက်ဆီးမယ်၊ လွှဲပြောင်းမယ်ဆိုမှသာ လုပ်လို့ရတယ်။ ဒီအခြေအနေက ရှိမှမရှိဘဲ” ဟု ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

ပြီးခဲ့သည့်နှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့မှု ဖြစ်ပွားခဲ့ပြီးသည့်နောက် အန်အယ်လ်ဒီမှ တာဝန်ရှိသူများက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ လုံခြုံရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

ယင်းသို့ပြင်ဆင်နေစဉ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာမှ ကန့်ကွက်ခဲ့သဖြင့် ရပ်တန့်ထားခဲ့ရပြီး ယခု ဦးအောင်ဆန်းဦး၏ ရှေ့နေက တရားရုံးတွင် တရားဝင် တားဝရမ်း လျှောက်ထားလိုက်ခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာ၏ ခွင့်ပြုချက်ဖြင့် အိမ်ပြင်ဆင်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း အိမ်ပြင်ဆင်နေဆဲကာလတွင် ဦးအောင်ဆန်းဦး၏ ရှေ့နေ ဦးဟန်တိုးက ကန့်ကွက်စာတင်သဖြင့် ပြင်ဆင်မှုကို ရပ်ဆိုင်းထားရန် စည်ပင်သာယာက ဒေါ်အောင်ဆန်းစုကြည်ထံ အကြောင်းကြားခဲ့သဖြင့် ပြင်ဆင်မှုကို ရပ်ဆိုင်းခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ထိုသို့ အိမ်ပြင်ဆင်မှု မပြီးသေးခင် ရပ်ဆိုင်းထားရသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး စိတ်မချရကြောင်း၊ ယခင် အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်လာစဉ်ကလည်း လုံခြုံရေးဖောက်ပြီး ၀င်ရောက်လာခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “ဒီအိမ်ကို စပြုပြင်တယ်ဆိုကတည်းက လုံခြုံရေးကို အဓိကထားပြင်တာပဲ။ အခု ပြင်နေတုန်း တန်းလန်းကြီး ပစ္စည်းတွေ ဖြုတ်ထားတဲ့အချိန်မှာ အခုလိုဖြစ်တော့ လုံခြုံရေးက ပိုဆိုးတာပေါ့။ မလုံခြုံဘူးလို့ပဲ ခံစားရပါတယ်။ မစ္စတာယက်တော ဒေါ်စုနေအိမ် ၀င်ရောက်စဉ်ကတည်းက သက်ဆိုင်ရာ အာဏာပိုင်တွေ၊ လုံခြုံရေးတာဝန်ယူတဲ့သူတွေအပေါ်မှာ တာဝန်ရှိတယ်။ လုံခြုံရေးဖောက် ပြီးတော့ ရောက်လာတာ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏နေအိမ် လက်ရှိအခြေအနေမှာ ၀ရန်တာမှ အိမ်မကြီးသို့ဝင်သည့်တံခါး လုံခြုံမှုမရှိသည့်အတွက် ၀ရန်တာကို အခန်းဖွဲ့ကာ ပြင်ဆင်မှုလုပ်နေစဉ်၊ အမိုးကျောက်ပြား၊ မျက်နှာကျက်များ ဖြုတ်ထားချိန်တွင် ယခုကဲ့သို့ ရပ်တန့်ထား ရခြင်းဖြစ်သည်ဟု သိရသည်။

ယခုဒေါ်အောင်ဆန်းစုကြည် နေထိုင်ရာ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်နှင့်ခြံဝင်းကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ၎င်းလည်းပိုင်ဆိုင်ကြောင်း လွန်ခဲ့သည့် (၉) နှစ်ခန့်က လျှောက်ထားခဲ့ရာမှစ၍ အမှုဖြစ်ပွားခဲ့ပြီး ယင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသဖြင့် အမှုပြီးပြတ်ခြင်းမရှိဘဲ ဆိုင်းငံ့ထားရခြင်းဖြစ်သည်။

အဆိုပါ အမွေဆိုင်မှုနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဥပဒေအကျိုးဆောင်တဦးဖြစ်သည့် ဦးဉာဏ်ဝင်းအား အခြေအနေမေးမြန်းရာတွင် ၎င်းက “ဒါက တရားရုံးက ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်လို့ အန်ကယ် ကြိုတင်မပြောလိုဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်နိုင်တဲ့အခြေအနေရှိတယ်၊ နိုင်နိုင်တဲ့ ဥပဒေကြောင်းတွေ ရှိတယ်ဆိုတာပဲ ပြောချင်တယ်” ဟု ပြောဆိုသည်။

No comments: