Saturday, January 23, 2010

ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းများအား အာဏာပိုင်များ လိုက်လံကောက်ခံ

ပါးရယ်

ကရင်နီပြည် ဒီမောဆိုနှင့် ဖရူဆိုမြို့နယ်အတွင်းတွင် ၂၀၁၀ ရွေးကောက်ပွဲအတွက် စစ်အစိုးရအာဏာပိုင်များက အိမ်ထောင်စု စာရင်း များအား ယခင်လကတည်းမှ စ၍ လိုက်လံကောက်ခံနေပြီ ဖြစ်သည်ဟု သိရသည်။

စစ်အစိုးရသည် ၎င်းတို့ ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲထည့်ရမည့် မဲဆန္ဒရှင်ဦးရေကို သိရှိရန်အတွက် ယခုလို အိမ်ထောင်စု စာရင်းများ ကောက်ခံ ခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုသည်။

“မိသားစုဝင် အားလုံးပဲလေ။ စာရင်းကောက်တာကတော့ အိမ်ထောင်စု စာရင်းထဲမှာ ပါတဲ့ သူအားလုံးကို ရပ်ကွက်မှူးက ပေးရတယ်လေ” ဟု ပြည်တွင်းရှိ ကရင်နီ လူငယ်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ စန်းရှိုင်းက ပြောသည်။

ရပ်ကွက်များအတွင်း၌ အိမ်ထောင်စု စာရင်းများ လိုက်လံကောက်ခံသည့် အဖွဲ့တို့မှာ ရွေးကောက်ပွဲတွင် အကူအညီ လုပ်ဆောင်ပေးမည့် ကြံ့ဖွံ့၊ ပြည်သူ့စစ်၊ စွမ်းအားရှင် နှင့် မီးသတ်အဖွဲ့တို့ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

လွိုင်ကော်မြို့ရှိ အိမ်ထောင်စု စာရင်းများသည် ရပ်ကွက်ရုံးများတွင် ရှိနေပြီးသား ဖြစ်သောကြောင့် ယခုအခါ အာဏာပိုင်များက မကောက် ယူတော့ကြောင်း လွိုင်ကော် မြို့ခံတဦးက ပြောသည်။

၎င်းက “သူတို့က သိတဲ့အတိုင်း မဲထည့်ဖို့ကို အဓိက ထားတယ်လေ။ ဘယ်နေရာရောက်ရောက် မဲထည့်ခိုင်းမှုပဲ။ မြို့ပေါ်ထက် ကျေးရွာက လူတွေကိုတော့ မှတ်ပုံတင် လုပ်ပေးလိမ့်မယ်” ဟုပြောသည်။

ရွေးကောက်ပွဲအတွက် အိမ်ထောင်စု စာရင်းများ ကောက်ယူခြင်းကို လုပ်ဆောင်နေသလို စည်းရုံးရေးများကိုလည်း လုပ်ဆောင်နေ ကြောင်း ပြောသည်။

ယခုလို အိမ်ထောင်စု စာရင်းများ ကောက်ယူခြင်းနှင့် ပတ်သက်ပြီး စာရင်းဝင် ကာယံကံရှင်များ မရှိပါက ပယ်ဖျက်မည် ဆိုသည့် သတင်း များလည်း ရပ်ကွက်အတွင်း၌ ပြန့်နေသောကြောင့် စင်္ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံသို့ တရားမ၀င် သွားရောက် အလုပ်လုပ်နေသော ကရင်နီပြည်သူများအတွက် အခက်အခဲ ဖြစ်ပေါ်နေကြောင်း လွိုင်ကော်မြို့ခံတဦးက ပြောသည်။

တရားမ၀င် အလုပ်သမားများအတွက် သွားရေးလာရေးပိုင်းတွင် ခရီးစရိတ် များပြားခြင်းနှင့် အန္တာရာယ် ရှိသည့် လမ်းကြောင်းများကနေ ဖြတ်ကျော် သွားလာရသည့်အတွက် အိမ်ထောင်စု စာရင်းအတွက် လူကိုယ်တိုင်မျက်နှာ ပြန်ပြရန် အခက်ကြုံနေကြောင်း ဆိုသည်။

“ရပ်ကွက်လူကြီးတွေက လိုက်ကောက်နေတယ်လို့ ပြောတယ်။ အဲဒါ အိမ်ထောင်စုစာရင်းထဲမှာ စာရင်းရှိပြီး လူမရှိရင် ပယ်ဖျက်ရမယ်လို့ ပြောတယ်။ အမှန်ဘာမှ မဆိုင်ဘူး။ ခြိမ်းခြောက်တာပဲ ဖြစ်တယ်” ဟု လွိုင်ကော်မြို့ခံက ပြောပါသည်။

ကရင်နီပြည်နယ်မှ စင်္ကာပူနှင့် မလေးရှားနိုင်ငံသို့ တရားမ၀င်အလုပ်သမားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်နေသူဦးရေမှာ အနည်းစု သာရှိပြီး ထိုင်းနိုင်ငံတွင် အများအပြားရှိပါသည်။

No comments: